
လက်ရှိမှာ ရီးရဲလ်မက်ဒရစ်က လာလီဂါ ကို ဦးဆောင်နေတယ်။ ဒုတိယနေရာမှာ အက်သလက်တီကို၊ တတိယနေရာမှာ ဘာစီလိုနာတို့က ဖိအားပေးနေတယ်။ ဒါကြောင့် ဒီ ၃သင်းကပဲ ဒီရာသီလာလီဂါဖလားကို အပြိုင်အဆိုင်လုနေကြတယ်လို့ ယူဆလို့ရတယ်။ ဒါပေမဲ့ .. လာလီဂါချန်ပီယံဆုအတွက် ထည့်သွင်းတွက်ချက်ရမယ့်အသင်းတစ်သင်းရှိပါသေးတယ်။ အဲဒီအသင်းကတော့ ဘက်စ်ကေး ဒေသက စပိန်ရဲ့အမွေအနှစ်အသင်းတစ်သင်းဖြစ်တဲ့ ဘီဘာအို အသင်းပါပဲ။ စပိန်လာလီဂါရဲ့ ဘောလုံးရာသီတိုင်းမှာ ရီးရဲလ်၊ ဘာစီလိုနာ၊ အက်သလက်တီကို ဆိုတဲ့ အားပြိုင်မှုက ဆယ်စုနှစ် နှစ်ခုလောက်ထိ ခိုင်မာနေခဲ့ပြီဖြစ်လို့ .. ဒီအချိန်မှာ ဒီ ၃သင်းရဲ့ပြင်ပက အသင်းတသင်းက ဗိုလ်စွဲမယ်ဆိုပြီး အဆိုတင်သွင်းမှုက ရူးနှမ်းရာကျသလိုတော့ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေအချက်အလက်ရှုထောင့်ကကြည့်မယ်ဆိုရင်တော့ ဒီအဆိုက အရမ်းကြီးရူးနှမ်းရာမကျသေးပါဘူး။ လက်ရှိမှာ ဘီဘာအိုက ထိပ်ဆုံးက ရီးရဲလ်နဲ့ ၆မှတ်ပဲ ကွာပါတယ်။ ပွဲတူအနေအထားမှာ ၆မှတ်ကွာတာပါ။ ပရီးမီးယားလိဂ်မှာ တပွဲလျော့အနေအထားနဲ့ ထိပ်ဆုံးက ဦးဆောင်သူ လီဗာပူးလ်ကို ၆မှတ်အကွာနဲ့ဒုတိယနေရာက ဖိအားပေးနေတဲ့ အာဆင်နယ် ကိုတောင် အခုထိ ချန်ပီယံလုစာရင်းထဲ ထည့်ထားတုန်းအခြေအနေမှာ၊ ဘီဘာအိုကို ထည့်သွင်းလိုက်တာက လောဂျစ်အရတော့ လက်သင့်ခံရမယ့်အရာပါ။ ဒါက အချက်အလက်အရလို့ပဲပြောတာပါ။ တခြားသောအခြေအနေတွေချင်း နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ ဘီဘာအိုရဲ့ ဖြစ်နိုင်ခြေက အရမ်းအရမ်းကို နည်းပါးပါလိမ့်မယ်။ ဘောလုံးပရိသတ်တော်တော်များများ သိထားပြီးသားလို့ ယူဆရမယ့်အရာက စပိန်က ဘက်စ်ကေးဒေသက ဘီဘာအိုအသင်းက သူတို့ဒေသက ကစားသမားမဟုတ်ရင် သူတို့အသင်းမှာ ကစားခွင့်မရနိုင်တာကို သိကြလိမ့်မယ်ထင်ပါတယ်။ အဲဒီ အမွေအနှစ်ကို နှစ်ပေါင်းများစွာထိန်းသိမ်းလာခဲ့တဲ့အသင်းတစ်သင်းတစ်သင်းဖြစ်တဲ့အပြင် နောက်ထပ် ဂုဏ်ယူစရာအချက်အလက်က စပိန်လာလီဂါစတင်ဖွဲ့စည်းကတည်းက ပါဝင်ခဲ့တဲ့ အသင်းတွေထဲမှာ ဘီဘာအိုက တသင်းအပါအဝင်ဖြစ်သလို၊ အခုချိန်ထိ တန်းမဆင်းရတဲံ ၃သင်း (ရီးရဲလ်၊ ဘာစီလိုနာ၊ ဘီဘာအို) ထဲမှာလည်း တသင်းအပါအဝင်ဖြစ်နေသေးတယ်။ လာလီဂါဖလားမှာလည်း ရီးရဲလ်၊ ဘာစီလိုနာ တို့ပြီးရင် အအောင်မြင်ဆုံးအသင်းဖြစ်နေသေးတယ်။ ဒါကြောင့်ပဲ သမိုင်းရဲ့အစဉ်အလာအမွေအနှစ်တန်ဖိုးတွေအရ ဘီဘာအိုအသင်းကို ချန်ပီယံစာရင်းထဲထည့်ရတာ သိပ်တော့ပြဿနာမရှိဘူးထင်ပါတယ်။ လက်ရှိဘီဘာအို နည်းပြက ဗယ်ဗာဒီပါ။ သူက လာလီဂါရဲ့ သက်တမ်းရင့်နည်းပြတယောက်ဖြစ်ပြီး ဘီဘာအိုအသင်းကို ၃ကျော့မြောက်ပြန်လည်ကိုင်တွယ်နေတာပါ။ လက်ရှိဘီဘာအိုရဲ့ အစုအဖွဲ့မှာ အူနိုင်းဆိုင်မွန်၊ ဗီဗီယန်၊ နီကိုးဝီလျံ တို့က စပိန်လက်ရွေးစင်တွေပါ။ ဒီအစုအဖွဲ့လောက်နဲ့ ချန်ပီယံတက်ဖြစ်ဖို့က မလွယ်ပါဘူး။ ထိပ်တန်းကစားသမားတွေ စုပြုံနေတဲ့ ရီးရဲလ်၊ ဘာစီလိုနာ၊ အက်သလက်တီကို တို့ကို ကျော်ဖြတ်နိုင်ဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။ ဘီဘာအို အနေနဲ့ ရေရှည်ပလန်နဲ့ ပြင်ဆင်နိုင်ဖို့တော့လိုပါလိမ့်မယ်။ ဒီရာသီမှာ ဘီဘာအိုက ရှုံးပွဲ၃ပွဲသာ ကြုံတွေ့ထားပါတယ်။ ဘာစီလိုနာ၊ အက်သလက်တီကို၊ ဂျီရိုနာ တို့ကိုပါ။ ရီးရဲလ်ကိုတော့ အနိုင်ကစားထားနိုင်ပါတယ်။ ဒုတိယအကျော့မှာ အက်သလက်တီကို၊ ရီးရဲလ်၊ ဘာစီလိုနာ တို့နဲ့ ထိပ်တိုက်တွေ့ဖို့ ရှိပါသေးတယ်။ ဒါကြောင့် ဘီဘာအိုအနေနဲ့ မျှော်လင့်ချက်အပြည့်ရှိနေပါသေးတယ်။ ဘီဘာအိုက လာလီဂါမှာ နောက်ဆုံးကစားခဲ့တဲ့ ၁၄ပွဲဆက်တိုက် ရှုံးပွဲမရှိအောင်ကစားထားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဆိုးရွားတာက အဲဒီ ၁၄ပွဲမှာ သရေပွဲက ၆ပွဲအထိတောင် ပါဝင်နေတာပါပဲ။ ဗယ်လာဒိုးလစ်၊ အလာဗက်တို့လို တန်းဆင်းဇုန်က အသင်းတွေကို သရေရလဒ်သာယူနိုင်တာကတော့ ထိပ်ဆုံးက ၃သင်းနဲ့ ကွာခြားချက်လို့ပဲ ယူဆရမယ်။ ဘာစီလိုနာ-ရီးရဲလ်၊ အက်သလက်တီကို-ဘာစီလိုနာ တို့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိသေးသလို၊ ဘီဘာအိုကလည်း အဲဒီ ၃သင်းစလုံးနဲ့ တွေ့ရဦးမယ်။ ပြီးတော့ လက်ကျန်ရာသီဝက်မှာ ဘီဘာအိုအနေနဲ့ နိုင်သင့်နိုင်ထိုက်တဲ့ပွဲတွေကိုသာ ပုံမှန်နိုင်မယ်ဆိုရင် ချန်ပီယံဆုတိုက်ပွဲထဲမှာ အချိန်အတော်ကြာအထိ ပါဝင်နိုင်မှာပဲ ဖြစ်တယ်။ ဘီဘာအို ကို ချန်ပီယံစာရင်းထဲထည့်လို့ အချို့တွေနဲ့ အမြင်ကွဲကောင်းကွဲနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ ပကတိအခြေအနေ၊ သင်္ချာနည်းအရ၊ ပြီးတော့ ဘီဘာအိုရဲ့ လေးစားစရာသမိုင်းအစဉ်အလာအရ၊ လက်ရှိနည်းပြရဲ့အတွေ့အကြုံအရ.. ထည့်တွက်လိုက်တာက ပိုမိုသင့်လျော်မယ်လို့ယုံကြည်မိပါတယ်။ ဒါကြောင့် လာလီဂါရဲ့ ချန်ပီယံလုပွဲထဲမှာ စပိန်အမွေအနှစ်အသင်းတသင်း ဘယ်လောက်ထိ တိုက်ပွဲဝင်နိုင်မလဲဆိုတာ ..စောင့်ကြည့်ချင်စရာကောင်းတာ အမှန်ပါပဲ။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ /worldfootballindex ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ပဲ ဖြစ်ပါတယ်။ #RangoonSportMedia #article #bilbao #LaLiga ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati