
ကျနော်တို့ ဘောလုံးမှာက ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ အပြောင်းအလဲတွေက အရမ်းများပြားတယ်လို့ ယူဆလို့ရတယ်။ အဲဒီထဲမှာ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်လည်း ပါတယ်။ ၁၉၉၂ခုနှစ် ဒီဇင်ဘာမှာ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို စတင်ခဲ့တာဖြစ်တယ်။ အဲဒီကာလမှာတုန်းကတော့ ၈နှစ်အတွင်း ကစားခဲ့တဲ့ ပွဲစဉ်တွေကို တွက်ချက်ပြီး အမှတ်ပေးစနစ်တစ်ခု ဖန်တီးခဲ့တာပဲ ဖြစ်တယ်။ ၁၉၉၂ခုနှစ်ကနေ ၁၉၉၈ခုနှစ်အထိ အသုံးပြုခဲ့တဲ့ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်ဖော်မြူလာက ဇူးရစ် တက္ကသိုလ်က ဆရာနှစ်ယောက်ဖြစ်တဲ့ မားကပ်စ်လမ်းပရက်ချ်နဲ့ ဒေါက်တာဟန်းစ်ပီတာစတမ် တို့က တီထွင်ခဲ့တာပဲဖြစ်တယ်။ အဲဒီတုန်းက အမှတ်ပေးပုံက ပါဝင်ကစားတဲ့အသင်းနှစ်သင်းရဲ့ အင်အားကွာခြားမှုကိုကြည့်ပြီး အနိုင်အရှုံးရလဒ်တွေကို အမှတ်တွက်ချက်ပေးတာပဲဖြစ်တယ်။ ဥပမာ .. ဘရာဇီးနဲ့မြန်မာကစားတယ်ဆိုပါစို့။ ဘရာဇီးက အနိုင်ရရင် ရတဲ့ ရမှတ်နဲ့ မြန်မာအသင်းက အနိုင်ရရင် ရတဲ့ရမှတ် မတူညီပါဘူး။ အဲဒီမှာတင် ခြေစမ်းပွဲလား၊ တိုက်အလိုက်ပြိုင်ပွဲလား၊ ကမ္ဘာ့ဖလားလား ဒါတွေကိုပါ ထည့်သွင်းတွက်ချက်ပါသေးတယ်။ ခြေစမ်းပွဲဆိုရင် ၁.၀၀၊ တိုက်ကြီးများအလိုက်ခြေစစ်ပွဲတွေဆိုရင် ၁.၁၀၊ ကမ္ဘာ့ဖလားခြေစစ်ပွဲဆိုရင် ၁.၂၅၊ ကမ္ဘာ့ဖလားဗိုလ်လုပွဲဆိုရင် ၁.၅၀ ဆိုပြီး အမှတ်တွေ သတ်မှတ်ထားတာကို အနိုင်ရတဲ့ ရမှတ်တွေနဲ့ မြှောက်တာပဲ ဖြစ်ပါတယ်။ အဲဒီလို တွက်ချက်မှုတွေကို ၈နှစ်အတွင်းကစားခဲ့တဲ့ ပွဲစဉ်တွေနဲ့ စုစည်းပြီး အမှတ်တွေတွက်ချက်ပြီး အဆင့်သတ်မှတ်တာပဲ ဖြစ်တယ်။ ဒေသတွင်းပြိုင်ပွဲတွေကိုတော့ ထည့်သွင်းတွက်ချက်လေ့မရှိဘူး။ ဥပမာ ဆူဇူကီးပြိုင်ပွဲရဲ့ အနိုင်အရှုံးတွေက ဖီဖာကမ္ဘာ့အဆင့်နဲ့ သက်ဆိုင်မှုမရှိတာမျိုးပေါ့။ ၁၉၉၉ခုနှစ်မှာတော့ စည်းမျဉ်းအချို့ပြောင်းလဲခဲ့တယ်။ အမှတ်စနစ်တွေကိုလည်း ဆယ်ဆအထိ တိုးမြှင့်ခဲ့တယ်။ ၁၉၉၉ခုနှစ်ကနေ ၂၀၀၆ခုနှစ်အတွင်းမှာဆိုရင် ရှုံးတဲ့အသင်းတွေကတော့ အမှတ်ရဖို့အခွင့်အလမ်းရှိလာတယ်။ သွင်းဂိုး၊ ပေးဂိုး၊ အိမ်ကွင်း၊ အဝေးကွင်း၊ ပြိုင်ပွဲရဲ့အရေးပါမှု၊ ဒေသအလိုက်အသင်းတွေရဲ့ အင်အားတွေ အစရှိတာတွေကို ပိုပြီးချိန်ညှိတွက်ဆလာတယ်။ အကြီးမားဆုံးအပြောင်းအလဲကတော့ နှစ်စဉ်အကောင်းဆုံး ပွဲစဉ် ၇ပွဲကို ထည့်သွင်းတွက်ချက်တာပါပဲ။ ဆိုလိုချင်တာက .. အသင်း A က တစ်နှစ်ထဲမှာ ၁၂ပွဲကစားတယ်၊ နောက်တသင်း B က ၈ပွဲပဲ ကစားတယ်။ ဒါပေမဲ့ အဲဒီထဲမှာမှ A ကစားတဲ့ ၁၂ပွဲထဲက အကောင်းဆုံး ၇ပွဲကိုထုတ်၊ B ကစားတဲ့ ၈ပွဲထဲက အကောင်းဆုံး ၇ပွဲကို ထုတ်ပြီး ..အမှတ်တွက်ချက်တဲ့ စနစ်လို့ ဆိုရမယ်။ အဲဒီတော့ ပွဲတွေပိုကစား၊ နိင်ပွဲတွေပိုများတိုင်းလည်း ကမ္ဘာါ့အဆင့်က ထင်သလောက်မတက်လာအောင် ထိန်းလိုက်တဲ့သဘောမျိုးလို့ ဆိုရမယ်။ ဒီနှစ်အပိုင်းအခြားကာလမှာတော့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်က ပိုမိုရှုပ်ထွေးသွားတယ်လို့ ဆိုရမှာဖြစ်ပေမဲ့ အဆင့် သတ်မှတ်ချက်တွေက ပိုပြီးပြည့်စုံလာတာတော့အမှန်ပါပဲ။ ၂၀၀၆ ကမ္ဘာ့ဖလားအပြီးမှာ ဖီဖာက ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကို ထပ်ပြီး ပြင်ဆင်ခဲ့ပြန်တယ်။ ဒီတစ်ခါတော့ အကဲဖြတ်ကာလကို ၈နှစ်ကနေ ၄နှစ်အထိ လျှော့ချခဲ့တယ်။ အဲဒီအတိုင်းသွားနေရင်းကနေ ၂၀၁၇မှာတော့ ဖီဖာက အဆင့်သတ်မှတ်တဲ့စနစ်ကို ပြန်သုံးသပ်နေတယ်လို့ ကြေညာခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာတော့ အဆင့်သတ်မှတ်ချက်တွေကို အပ်ဒိတ်ပြန်လုပ်ဖို့ အကောင်အထည်ဖော်ခဲ့တယ်။ ဒီမှာတော့ တွက်ချက်မှုနည်းလမ်းက Elo နည်းလမ်းနဲ့ တွက်ချက်ခဲ့တာပဲဖြစ်ပါတယ်။ Elo နည်းလမ်းဆိုတာကတော့ .. ၁၉၆၀ခုနှစ်မှာ ဟန်ဂေရီက ရူပဗေဒပညာရှင် အာပက်အီလို က စတင်တီထွင်ခဲ့တဲ့ တွက်ချက်နည်းဖော်မြူလာပဲ ဖြစ်ပါတယ်။ ဒီစနစ်ရဲ့ အလုပ်လုပ်ပုံက သာမန်လူတွေအတွက် ရှုပ်ထွေးနိုင်ပေမဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ အမှတ်ပေးစနစ်တွက်ချက်ရာမှာ ပိုမိုတိကျတဲ့ ရလဒ်ကို ဖော်ဆောင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ နားလည်လွယ်အောင်ရှင်းပြရမယ်ဆိုရင် ... အသင်း A က မူလ ရမှတ် ၁၅၀၀ ရှိမယ်။ အသင်း B က မူလ ရမှတ် ၁၄၀၀ ရှိမယ်။ ပွဲမစခင်မှာ ဒီနှစ်သင်းရဲ့ ရမှတ်ကိုကြည့်ပြီး .. ဘယ်အသင်းက အနိုင်ရဖို့ ပိုမျှော်မှန်းလို့ရလဲဆိုတာ အဖြေအရင်ထုတ်ပါတယ်။ ဒီမှာဆိုရင် A က ရမှတ် ပိုများတဲ့အတွက် အနိုင်ရဖို့ မျှော်မှန်းချက်ပိုများပါတယ်။ ပြီးတော့ .. ပြိုင်ပွဲရဲ့ ကိန်းဂဏန်း။ ပြိုင်ပွဲရဲ့အရေးပါမှုက .. လက်ရှိ ဖီဖာက သတ်မှတ်ထားမှုကို ကြည့်မယ်ဆိုရင် .. ဒီကိန်းဂဏန်းက (I) ကို ကိုယ်စားပြုထားလိုက်မယ်။ ခြေစမ်းပွဲ(ဖီဖာပြက္ခဒိန်ပြင်ပ) - ၅ ခြေစမ်းပွဲ(ဖီဖာပြက္ခဒိန်အတွင်း) - ၁၀ နေရှင်းလိဂ် - ၁၅ ခြေစစ်ပွဲ ဒါမှမဟုတ် နေရှင်းလိဂ်ဗိုလ်လုပွဲ - ၂၅ တိုက်အလိုက်ပြိုင်ပွဲ(ရှုံးထွက်မတိုင်ခင်) - ၃၅ တိုက်အလိုက်ပြိုင်ပွဲ (ရှုံးထွက်နဲ့နောက်ပိုင်း) - ၄၀ ကမ္ဘာ့ဖလား (ရှုံးထွက်မတိုင်ခင်) - ၅၀ ကမ္ဘာ့ဖလား (ရှုံးထွက် နဲ့ ဗိုလ်လုပွဲ) - ၆၀ ဒီကိန်းဂဏန်းပြီးရင် .. ပွဲရဲ့ ရလဒ်အပေါ်မူတည်ပြီးတော့ အမှတ်တန်ဖိုးကို သတ်မှတ်တယ်။ ဒီအမှတ်ကိုတော့ (W) လို့ သတ်မှတ်လိုက်မယ်။ ရှုံးရင် - ၀ သရေ ဒါမှမဟုတ် ပင်နယ်တီမှာ ရှုံးရင် - ၀.၅ ပင်နယ်တီမှာ အနိုင်ရရင် - ၀.၇၅ ပုံမှန်အချိန် ဒါမှမဟုတ် အချိန်ပိုမှာအနိုင်ရရင် - ၁ ဖော်မြူလာထဲကို ထည့်လိုက်တဲ့အခါမှာ .. အသင်း A (၁၅၀၀ အမှတ်) နဲ့ အသင်း B (၁၄၀၀ အမှတ်) ဆိုရင် Δ = ၁၀၀။ ဒါကို ဖော်မြူလာထဲ ထည့်တွက်ရင် W_e ≈ 0.64 လောက် ထွက်လာပါတယ်။ ဆိုလိုတာက A က အနိုင်ရဖို့ ၆၄% လောက် မျှော်မှန်းထားတယ်လို့ အဓိပ္ပာယ်ရပါတယ်။ နောက်ဆုံး အမှတ် (P) ပွဲပြီးတဲ့အခါ အသင်းရဲ့ အမှတ်အသစ်ကို ဒီဖော်မြူလာနဲ့ တွက်ပါတယ်: P = P_before + I (W - W_e) ဒီမှာ W - W_e ဆိုတာက တကယ့်ရလဒ်နဲ့ မျှော်မှန်းရလဒ်ကွာခြားမှုပါ။ ဒါကို ပွဲအရေးပါမှု I နဲ့ မြှောက်ပြီး မူလအမှတ်မှာ ပေါင်းတာ ဒါမှမဟုတ် နုတ်တာဖြစ်ပါတယ်။ ဥပမာ တွက်ချက်မှု အသင်း A (၁၅၀၀ အမှတ်) နဲ့ အသင်း B (၁၄၀၀ အမှတ်) က ကမ္ဘာ့ဖလား ခြေစစ်ပွဲ (I = 25) မှာ ယှဉ်ကစားတယ်ဆိုပါစို့။ Δ = 1500 - 1400 = 100 W_e = 1 / (10^(-100/400) + 1) ≈ 0.64 အကယ်၍ A က အနိုင်ရရင် (W = 1): P = 1500 + 25 (1 - 0.64) = 1500 + 25 × 0.36 = 1500 + 9 = 1509 ရမှတ်လောက်ရမှာဖြစ်လို့ +9 မှတ်လို့ သတ်မှတ်ရမှာဖြစ်ပြီး အကယ်၍ သရေကျရင် (W = 0.5): P = 1500 + 25 (0.5 - 0.64) = 1500 + 25 × (-0.14) = 1500 - 3.5 = 1496.5 ပဲ ကျန်တော့မှာဖြစ်လို့ .. -3.5 ဆုံးရှုံးပါမယ်။ အကယ်၍ A က ရှုံးရင် (W = 0): P = 1500 + 25 (0 - 0.64) = 1500 + 25 × (-0.64) = 1500 - 16 = 1484 နဲ့ .. ရမှတ် -16 မှတ်လောက် ဆုံးရှုံးမှာပဲ ဖြစ်ပါတယ်။ အသင်း B အတွက်လည်း အလားတူ တွက်ပြီး အမှတ်ပြောင်းလဲမှုကို ဆန့်ကျင်ဘက် အနေနဲ့ ထည့်သွင်းပါတယ်။ ဒီနေရာမှာ သတိပြုစရာက အနှုတ်အမှတ်ကန့်သတ်ချက်ဖြစ်ပြီး ပြိုင်ပွဲကြီးတွေရဲ့ ရှုံးထွက်အဆင့်တွေမှာဆိုရင် ရှုံးနိမ့်ရင်တောင် အမှတ်ကို အနှုတ်မဖြစ်အောင် ထိန်းပေးထားတာပဲ ဖြစ်တယ်။ အဲဒီတော့ အပတ်စဉ် ဖီဖာအသိအမှတ်ပြုဘောလုံးပွဲစဉ်တွေပြီးတိုင်းမှာ အသင်းတွေရဲ့ ရမှတ်တွေက တခါတည်း တွက်ထားပြီးသားဖြစ်သလို၊ အဆင့်ရပ်တည်ချက်တွေလည်း ဖီဖာဝက်ဘ်ဆိုက်မှာ ဖော်ပြထားတယ်။ ပြီးခဲ့တဲ့ နိုင်ငံတကာသီတင်းပတ်မှာတုန်းက အနှုတ်အမှတ်အများဆုံးအဖြစ် မြန်မာ့လက်ရွေးစင်အသင်းက -4.8 နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတယ်။ အဲဒီ သီတင်းပတ်မှာ မြန်မာအသင်းက ဖိလစ်ပိုင်ကိုသရေ၊ အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့တယ်။ မြန်မာအသင်းရဲ့ အောက်မှာ တီမောက အနှုတ်အမှတ်ဒုတိယအများဆုံး ရပ်တည်နေတယ်။ သူက စင်ကာပူ၊ မလေးရှား၊ ထိုင်း တို့ကို ရှုံးနိမ့်ခဲ့တာဖြစ်တယ်။ သူ အနှုတ်အမှတ် -4.03။ ဒါကိုကြည့်မယ်ဆိုရင် .ရှုံးတာနိုင်တာတခုတည်းမဟုတ်တော့ဘဲ .. ကိုယ်ရှုံးတဲ့အသင်းက ဘယ်လိုအသင်းလဲဆိုတာပါ မူတည်သေးတာကိုး။ ပြီးခဲ့တဲ့ နိုင်ငံတကာသီတင်းပတ်မှာ အမှတ်အများဆုံးရခဲ့တဲ့အသင်းက ဟောင်ကောင်အသင်းဖြစ်ပြီး သူက +4.18 အထိ ရခဲ့တယ်။ တရုတ်တိုင်ပေကိုနိုင်တယ်၊ မွန်ဂိုလီးယား တို့ကို အနိုင်ရခဲ့တယ်။ ဒီလို ဖော်မြူလာရမှတ်က + ထွက်တာပဲ ဖြစ်ဖြစ်၊ - ထွက်တာပဲဖြစ်ဖြစ် အဆင့်သတ်မှတ်ချက်ကျတော့ အရမ်းကြီးမသိသာဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရမှတ် +3.68 ပဲ ရခဲ့တဲ့ ဗီယက်နမ်က အဆင့် ၂ဆင့် ခုန်တက်ပြီး၊ ဟောင်ကောင်က တဆင့်ပဲ ခုန်တက်ခဲ့တယ်။ ဆိုရရင် ဖီဖာကမ္ဘာ့အဆင့်က လက်ရှိအခြေအနေမှာ မထင်မှတ်ဘဲ ခုန်တက်တာတွေ၊ မထင်မှတ်ဘဲ ခုန်ဆင်းသွားတာမျိုးတွေ မရှိတော့ဘဲ အသင်းတွေရဲ့ ခြေစွမ်း ဘယ်လောက် တည်ငြိမ်သလဲ ..? ဘယ်လောက်မှန်မှန်ကန်ကန်တိုးတက်သလဲ ..? ၊ ကျတဲ့အသင်းတွေကလည်းတဖြည်းဖြည်းချင်း ကျ သွားနိုင်တဲ့ အခြေအနေမျိုးပဲ ဖြစ်တယ်။ မြန်မာအသင်းဆိုရင် ... ၂၀၂၃ခုနှစ် အောက်တိုဘာလတုန်းက ကမ္ဘာ့အဆင့် ၁၅၈ မှာ ရပ်တည်နေပြီး၊ အခု ၂၀၂၄ ဒီဇင်ဘာ တွက်ချက်မှုမှာ ကမ္ဘာ့အဆင့် ၁၆၉ အထိ ကျသွားတာပဲ ဖြစ်တယ်။ ဆိုရရင် တနှစ်အတွင်း အဆင့် ၁၁ ဆင့်ကျသွားတာဖြစ်ပြီး အရင်စနစ်ဟောင်းမှာတုန်းကဆိုရင် ၂၀၀၁ခုနှစ်တုန်းက ဂရပ်ဖ်အရ ၂၀၀၁ခုနှစ်မတ်လမှာ မြန်မာအသင်းက ကမ္ဘာ့အဆင့် ၁၂၆ မှာ ရပ်တည်နေပြီး၊ ၂၀၀၁ခုနှစ် ဒီဇင်ဘာမှာ ကမ္ဘာ့အဆင့် ၁၅၁ အထိ ထိုးဆင်းသွားတယ်။ ဒါက ၁၀လလောက်အတွင်းမှာ ကမ္ဘာ့အဆင့် ၂၅ဆင့်လောက်အထိ ထိုးဆင်းသွားတာပဲဖြစ်တယ်။ အခုစနစ်မှာတော့ ၁၁ဆင့်လောက်ပဲ ဆင်းတော့တယ်။ ဒီစနစ်မှာလည်း အားနည်းချက်အချို့တော့ ရှိပါသေးတယ်။ အဲဒါကတော့ ဖီဖာသီတင်းပတ်မှာ ပွဲမကစားတဲ့အသင်းတွေဆို အနှုတ်အမှတ်မရှိဘူး။ အဲဒီအချိန်မှာ သူ့အထက်က အသင်းက အနှုတ်အမှတ်နဲ့အောက်ဆင်းသွားရင် အလိုအလျောက် ပွဲမကန်ရဘဲ အဆင့်တက်နိုင်ခြေရှိတယ်။ နောက်တခုက ဒီဖော်မြူလာမှာ အိမ်ကွင်း/အဝေးကွင်း အားသာချက်မျိုးတွေ မပါတာ။ ဒါတွေကတော့ အားနည်းချက်လို့ ဆိုရမှာပါ။ ဖီဖာကမ္ဘာ့အဆင့်မှာ အဆင့် ၁ နေရာကို ရဖူးတဲ့အသင်းတွေကလည်း စုစုပေါင်းမှ ၈သင်းသာ ရှိခဲ့ဖူးတယ်။ အဲဒီအသင်းတွေက ဘရာဇီး၊ အာဂျင်တီးနား၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဘယ်ဂျီယံ၊ နယ်သာလန်နဲ့ စပိန် တို့ပါ။ ဒီအထဲမှာ ၁၉၉၂ကနေ စတွက်ရင် .. အဆင့် ၁ နေရာကို ရဖူးတဲ့အသင်းတွေထဲ ဘယ်ဂျီယံနဲ့နယ်သာလန်တို့ကတော့ ပြိုင်ပွဲကြီးတွေမှာ ချန်ပီယံမဖြစ်ဘဲနဲ့ အဆင့် ၁ နေရာရခဲ့တာပဲ ဖြစ်ပါတယ်။ ပထမဆုံး ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ နံပတ် ၁ နေရာကို ရခဲ့တာက ဂျာမနီအသင်းဖြစ်ပြီး၊ အရှည်ကြာဆုံး ကမ္ဘာ့နံပတ် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့တာက ဘရာဇီးပဲ ဖြစ်ပါတယ်။ ဘရာဇီးက အဆင့် ၁ နေရာမှာ ၁၂နှစ်ကြာအောင် ရပ်တည်ခဲ့ဖူးပြီး၊ ၇နှစ်ဆက်တိုက်လည်း ကမ္ဘာ့အဆင့် ၁ နေရာမှာ ရပ်တည်ခဲ့ဖူးတဲ့ တသင်းတည်းသောအသင်းအဖြစ် မှတ်တမ်းဝင်နေတာပဲ ဖြစ်ပါတယ်။ ကာလအတိုဆုံး ကမ္ဘာ့အဆင့် ၁ နေရာမှာ ရပ်တည်ဖူးတဲ့အသင်းကတော့ နယ်သာလန်အသင်းဖြစ်ပြီး တလလောက်ပဲ အဆင့် ၁ နေရာမှာ ရပ်တည်ဖူးတာ ဖြစ်ပါတယ်။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / Fifa # #Rangoonsportmedia #article #FIFA #Ranked
© COPYRIGHTS 2024 by illuminati