
မန်စီးတီး ၀-၂ လီဗာပူးလ် ဒီရလဒ်က ပရီးမီးယားလိဂ်ချန်ပီယံဆုတိုက်ပွဲကို ပြီးဆုံးသလောက်ဖြစ်ပေါ်သွားစေခဲ့တဲ့ ရလဒ်လို့ ဆိုရမယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးလ်က ဒုတိယနေရာက အာဆင်နယ်ကို တပွဲပိုကစားပြီး ၁၁မှတ်အထိ ဖြတ်လိုက်တယ်။ အာဆင်နယ်က လက်ကျန် ၁၂ပွဲကျန်ပြီး၊ လီဗာပူးလ်က လက်ကျန် ၁၁ပွဲ အနေအထားမှာ .. လီဗာပူးလ်က ၃ပွဲရှုံးပြီး၊ အာဆင်နယ်က ၁၂ပွဲစလုံးအနိုင်ရမှ အာဆင်နယ်က ဗိုလ်စွဲမယ့်အခြေအနေဖြစ်လို့ သင်္ချာနည်းအရသာဖြစ်နိုင်ခြေရှိသေးပေမဲ့ လက်တွေ့မှာတော့ မလွယ်တော့ဘူးလို့ပဲ ဆိုရမှာပါ။ ပွဲအကြောင်းကိုပြောရရင် တပွဲလုံးအတိုင်းအတာမှာ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းချက်အသာ၊ ပိုမိုထိုးဖောက်နိုင်မှု အစရှိတဲ့အချက်အလက်တွေမှာ အသာရခဲ့ပေမဲ့ .. သွင်းဂိုး ၂ဂိုးနဲ့ ဦးဆောင်နေတာက လီဗာပူးလ်ဖြစ်နေတယ်။ မန်စီးတီးက ဒိုကူ၊ ဆယ်ဗင်ညို၊ မာမွတ် တို့ရဲ့ တဦးချင်း လျင်မြင်မှု၊ ကျော်ဖြတ်မှုတွေနဲ့ လီဗာပူးလ်နောက်တန်းကို အလုပ်ရှုပ်စေပေမဲ့ ဖိအားတော့မဖြစ်စေဘူး။ ပြီးတော့ မန်စီးတီးကိုကြည့်ရတာ ဂွာတီယိုလာအသင်းမှ ဟုတ်ရဲ့လားလို့ သံသယဝင်စရာကောင်းတယ်။ မန်စီးတီးက ပထမပိုင်းမှာ တည်ငြိမ်မှုမရှိဘဲ ဝရုန်းသုန်းကားထိုးဖောက်နေသလို ခံစားရတယ်။ ဒိုကူ က ဒီပွဲမှာ တဦးချင်းကျော်ဖြတ်မှုတွေ ခဏခဏပြုလုပ်တယ်။ အာနိုးကို တောက်လျှောက်ကျော်ဖြတ်နိုင်တယ်။ ဒါပေမဲ့ ဒိုကူရဲ့ စတိုင်လ်အတိုင်းပဲ ဂိုးရနိုင်လောက်တဲ့အခွင့်အလမ်းမျိုးကို ဆက်မလုပ်နိုင်ဘူး။ ဒါက မန်စီးတီး တိုက်စစ်ဆင်နေတဲ့အချိန်တွေမှာ မြင်ရတဲ့အပိုင်းပေါ့။ လီဗာပူးလ်က မန်စီးတီးနဲ့ပြောင်းပြန်။ တိကျတယ်၊ တည်ငြိမ်တယ်၊ ဘောလုံးဆုံးရှုံးချိန်မှာသာ ဖိအားပေးတာကို ပြင်းပြင်းထန်ထန်လုပ်ပေမဲ့လည်း ဘောလုံးရသွားချိန်၊ တိုက်စစ်ဆင်ချိန်တွေမှာ တည်ငြိမ်ပြီးသွေးအေးတာကို တွေ့ရတယ်။ ပထမဂိုးက လေ့ကျင့်ရေးကွင်းမှာ ကြိမ်ဖန်များစွာလေ့ကျင့်ထားတဲ့ သွင်းဂိုးမျိုး။ ဆာလတ်ကလည်း သူ့ခြေထောက်နဲ့ထိတိုင်း ဂိုးဖြစ်နေသလားမှတ်ရတယ်။ အကီနဲ့ထိတာတောင် ဂိုးထဲကိုပဲလမ်းကြောင်းပြောင်းပြီးဝင်တယ်။ ဒုတိယဂိုးမှာဆိုရင်လည်း ဆာလာက ဂဗာဒီယောကို တကြိမ်လှည့်စားတယ်၊ ထိထိရောက်ရောက်ပဲ ဆိုဘိုစလိုင်းကို ဖန်တီးပေးတယ်။ ဆိုဘိုစလိုင်းအဆုံးသတ်တယ်။ ဒါလေးပဲ။ ပထမပိုင်းမှာ ဆာလာ ဂဗာဒီယောကို နှစ်ကြိမ်ကျော်ဖြတ်တယ်။ တစ်ကြိမ် ဂိုးဖန်တီးမှုရတယ်။ ဒိုကူ၊ ဆယ်ဗင်ညိုတို့ လီဗာပူးလ်နောက်တန်းကို အကြိမ်ကြိမ်ကျော်ဖြတ်နိုင်ပေမဲ့ ဘာမှဆက်မဖြစ်တာက ဒီပွဲရဲ့ ခြားနားချက်ပဲ။ နောက်တခုက လီဗာပူးလ်ရဲ့ ဂိမ်းပလန်က ဒီပွဲမှာ အတော်လေးအလုပ်ဖြစ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး မန်စီးတီးအသင်းကို Big Chances တကြိမ်မှ မပေးရအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ မန်စီးတီးက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်၊ အိမ်ကွင်းအားနဲ့ ရုန်းကစားတယ်ဆိုပေမဲ့လည်း ဒီအသင်းက နှစ်ပေါင်းများစွာအသားကျလာတဲ့အသင်းမျိုးမဟုတ်ဘဲ ကစားသမားအသစ်တွေနဲ့ အထိုင်မကျသေးတဲ့ အခြေအနေမျိုးကို တွေ့ရတယ်။ ဒါကြောင့်ပဲ ချန်ပီယံဆုအတွက် အတိမ်းအစောင်းမခံတော့တဲ့ လီဗာပူးလ်က အီတီဟတ်မှာ အနိုင်ရခဲ့တာဖြစ်တယ်။ ပြီးတော့ ၂၀၁၅ နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အီတီဟတ်မှာ လီဗာပူးလ်က ပထမဆုံးပြန်လည်အနိုင်ရခဲ့တာဖြစ်တယ်။ ဒီနိုင်ပွဲက လီဗာပူးလ်အတွက် အချိန်မီလမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်လာတဲ့အပြင် ချန်ပီယံဆုအတွက်ပါ ပိုမိုအားကောင်းသွားစေတဲ့နိုင်ပွဲဖြစ်ခဲ့ပြီး၊ မန်စီးတီးကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်လက်တိုက်ပွဲဝင်ရဦးမှာပဲ ဖြစ်ပါတယ်။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / Premierleague ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ဖြစ်ပါတယ်။ #RangoonSportMedia #perspective #PremierLeague #ManchesterCity #liverpool ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati