
အက်စတွန်ဗီလာ - လီဗာပူးလ် လွမ်းစရာအငွေ့အသက်လေးနဲ့ ပွဲကို စတင်ခဲ့တယ်လို့ ဆိုရမယ်။ ဒီပွဲမှာ အသုံးပြုခဲ့တဲ့ ဘောလုံးက လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က အသုံးပြုခဲ့တဲ့ဘောလုံးဒီဇိုင်းလေးဖြစ်နေတာက ထူးခြားတယ်လို့ဆိုရမယ်။ Nike အမှတ်တံဆိပ်ဘောလုံးတွေကိုပဲ အစဉ်တဆက်သုံးခဲ့တဲ့ပရီးမီးယားလိဂ်မှာ ကျနော်က ဒီဘောလုံးကို တော်တော်လေးကြိုက်နှစ်သက်တဲ့အထဲမှာပါတယ်။ ရိုးရှင်းပြီး ဘောလုံးတလုံးရဲ့ အငွေ့အသက်မျိုးရတယ်လို့ ခံစားရလို့။ နောက်ထပ် စိတ်ထဲမှာခံစားမိစေတဲ့ပုံရိပ်က .. ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်မဟုတ်တဲ့ ဂျာစီတခုနဲ့မြင်တွေ့ရတာပဲ။ ယူနိုက်တက်မှာ ဆယ်စုနှစ်တစ်ခုလောက်ဖြတ်သန်းလာခဲ့သလို၊ လူငယ်ကစားသမားအဆင့်ကနေ အသင်းကြီးဆီရောက်လာခဲ့တာဖြစ်လို့ .. သူက ယူနိုက်တက်ရဲ့အမှတ်တံဆိပ်လိုပုံစံမျိုးလို့တောင်ဆိုရမယ်။ သူ့အနေနဲ့ ဒါက ယာယီသာဖြစ်တယ်၊ ဒီမှာ သူ့ကိုယ်သူအကောင်းဆုံးပြန်တည်ဆောက်နိုင်ရင် ယူနိက်တက်ဂျာစီနဲ့ ပြန်မြင်ရကောင်းမြင်ရနိုင်ပါသေးတယ်။ ပွဲအကြောင်းကိုပြောရရင် လီဗာပူးလ်က ထူးခြားတဲ့လူထုတ်ပုံနဲ့ ပွဲကို စတင်ခဲ့တယ်။ အလစ္စတာ၊ ဂရာဗင်ဘတ်၊ ဆိုဘိုစလိုင်း၊ ကာတစ်ဂျုံး တို့လို ကွင်းလယ်ကစားသမားလေးယောက်စလုံးကို တပြိုင်တည်းပွဲထုတ်ခဲ့ပြီး တိုက်စစ်မှုးအနေနဲ့ ဆာလာနဲ့ဂျိုတာတို့ ပါဝင်လာခဲ့တယ်။ လီဗာပူးလ်က အထောင်တိုက်စစ်စစ်စစ်ကို အသုံးမပြုခဲ့ဘဲ ဂျိုတာက ဘယ်ခြမ်း Half Space မှာ နေရာယူပြီး အထောင်တိုက်စစ်နေရာကို ဆိုဘိုစလိုင်းက အလျင်းသင့်သလို ကစားခဲ့တယ်။ အက်စတွန်ဗီလာကတော့ တိုက်စစ်ပိုင်းမှာ ဝက်ကင်း၊ ရက်ရှ်ဖို့ဒ်၊ အဆန်စီယို၊ ရော်ဂျာတို့ ပွဲထွက်လာပြီး ကွင်းလယ်မှာတော့ မက်ဂျင်းနဲ့တိုင်လေစ်မန်းတို့ပါဝင်လာခဲ့တယ်။ တကယ်တမ်းမှာ လီဗာပူးလ်ရဲ့ဂိမ်းပလန်က အလုပ်ဖြစ်ခဲ့တယ်လို့ပြောရမှာဖြစ်ပြီး ပထမပိုင်းမှာ လီဗာပူးလ်က အပိုင်အခွင့်အရေးတွေ၊ ဂိုးကန်သွင်းခွင့်တွေအများအပြားရခဲ့တယ်။ ဂျိုတာ၊ ဆိုဘိုစလိုင်းဖြုန်းတီးလွန်းခဲ့တာကြောင့်သာ တစ်ဂိုးပဲရခဲ့တာဖြစ်တယ်။ ဒီပွဲမှာ ဆိုဘိုစလိုင်းရဲ့ ဆုံးဖြတ်ချက်တွေက တောက်လျှောက်မှားနေခဲ့ပြီး .. ချေပဂိုးပြန်ပေးလိုက်ရတာကလည်း သူ့အမှားမကင်းဘူးလို့ဆိုရမယ်။ ပထမပိုင်းမှာ အက်စတွန်ဗီလာက ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့လည်း ချေပဂိုးတွေ၊ အနိုင်ဂိုးတွေအထိတောင် ပြန်သွင်းနိုင်ခဲ့ပြီး ပွဲကိုဦးဆောင်နိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာလည်း လီဗာပူးလ်က အပြောင်းအလဲမလုပ်သေးဘူး။ ဒါပေမဲ့ သူတို့အခွင့်အရေးတွေ ရနေဆဲ။ အက်စတွန်ဗီလာကလည်း တစ်ဂိုးအသာရပေမဲ့လည်း ခံစစ်အထိုင်ကစားဖို့စိတ်ကူးမရှိတာကြောင့် ပွဲက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ကောင်းခဲ့တယ်။ ပွဲချိန် ၆၁မိနစ်မှာ အာနိုးက ချေပဂိုးသွင်းတယ်။ အဲဒီနောက်မှာ တိုက်စစ်ပိုင်းကို နှစ်သင်းစလုံးအပြောင်းအလဲတွေလုပ်တယ်။ အက်စတွန်ဗီလာကတောင် ပိုအလုပ်ဖြစ်တယ်လို့ ယူဆလို့ရသေးတယ်။ အာနီစလော့က ဂျိုတာနေရာမှာ ဒါဝင်နူးညက်ကို ထည့်လိုက်တာ မှားယွင်းမှုလိုဖြစ်သွားတယ်။ ဒီပွဲမှာ နူးညက်က သူရဲကောင်းမဖြစ်ခဲ့ဘူး။ ဂိုးသမားမရှိတဲ့ဂိုးပေါက်ကို မိုးပေါ်ထောင်ကန်တယ်၊ ဆုံးဖြတ်ချက်အမှားတွေလုပ်တယ်၊ ဘောလုံးယှဉ်လုမှုတွေမှာလည်း အနိုင်မရဘူး။ ဆိုရရင် သူဝင်လာမှ တိုက်စစ်က သေ သွားသလိုတောင်ဖြစ်တယ်။ ဆာလာကို အားနာဖို့ကောင်းတယ်။ ဒီပွဲမှာ ဆာလာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သေးတယ်။ တကယ်ဆို ဂျိုတာကို ကွင်းထဲက ထုတ်တာစောတယ်၊ ဆိုဘိုစလိုင်းနေရာမှာ အီလီယော့လို ကစားသမားမျိုးကို မထည့်တာလည်း အံ့ဩဖို့ကောင်းတယ်။ ဒါဝင်နူညက်မိုးပေါ်ထောင်ကန်တဲ့အလုံးဆိုရင် ဆိုဘိုစလိုင်းမှာလည်း တာဝန်မကင်းဘူး။ သူက ဂိုးနဲ့အနီးဆုံးနေရာကနေ အဝေးက နူညက်ဆီလှမ်းပေးတာ။ တကယ်ဆို သူကိုယ်တိုင်လည်း ယုံကြည်မှုရှိရှိအဆုံးသတ်လိုက်သင့်တယ်။ အက်စတွန်ဗီလာအနေနဲ့ သရေတမှတ်က ထိုက်တန်တယ်။ သူတို့က လီဗာပူးလ်ကို သူတင်ကိုယ်တင်ကစားတယ်၊ တိုက်စစ်ကလည်း မဆိုးဘူးပြောရမယ်။ ဒီပွဲရလဒ်ကြောင့် လီဗာပူးလ်က ဒုတိယနေရာက အာဆင်နယ်ထက် တပွဲကိုကစား ၈မှတ်ဖြတ်ထားနိုင်တယ်။ လာမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးလ်က မန်စီးတီးနဲ့ ကစားရမယ်။ ဒီစာကိုရေးနေတဲ့အချိန်မှာ မန်စီးတီးက ရီးရဲလ်ကို ၃ဂိုးပြတ်ရှုံးနေတာကြောင့် သူတို့ရဲ့ ချန်ပီယံလိဂ်ခရီးက ပြီးသွားပြီ။ မန်စီးတီးက ကျားနာအသင်းလိုဖြစ်နေပြီး သူတို့အိမ်ကွင်းမှာ လီဗာပူးလ်ကို တတ်နိုင်သလောက် တားဆီးဖို့ကြိုးစားမှာဖြစ်လို့ .. လီဗာပူးလ်အနေနဲ့ ဒီနေ့လို၊ ပြီးခဲ့တဲ့ဝုလ်နဲ့ပွဲက ဒုတိယပိုင်းခြေစွမ်းလိုဆိုရင်တော့ . မလွယ်ဘူးလို့ပဲ ယူဆချင်တယ်။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / Premierleague ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ဖြစ်ပါတယ်။ #RangoonSportMedia #perspective #PremierLeague #AstonVilla #liverpool
© COPYRIGHTS 2024 by illuminati