
ပုံမှန်အားဖြင့် နိုင်ငံတကာပြိုင်ပွဲကြီးတွေမရှိတဲ့ နှစ်တွေမှာဆိုရင် ကလပ်အသင်းက စွမ်းဆောင်ရည်တွေကိုပဲ ဦးစားပေးကြည့်ကြတာပါ။ လက်ရှိ ၂၀၂၅ခုနှစ်ထဲမှာ နိုင်ငံတကာပြိုင်ပွဲကြီးအဖြစ် လာမယ့် ဒီဇင်ဘာလမှသာ အာဖရိကဖလားပြိုင်ပွဲရှိတာဖြစ်တယ်။ ဘာလွန်းဒေါက ပုံမှန်အားဖြင့် အောက်တိုဘာလ စ မှာ ဆန်ခါတင်ရွေးပြီး နောက်ဆုံးပတ်မှာ ဆုပေးအပ်တာပဲ ဖြစ်တယ်။ ဒါကြောင့် .. ၂၀၂၅ခုနှစ် ဘာလွန်းဒေါအတွက်ဆိုရင် ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လ ၁ရက်နေ့ ကနေ ၂၀၂၅ ဇွန်လအထိ ကစားသမားတွေရဲ့ တနှစ်တာ စွမ်းဆောင်ရည်ကို အကဲဖြတ်ပြီး ဆုပေးမှာပဲ ဖြစ်တယ်။ လက်ရှိမှာ မိုဆာလာ က ပရီးမီးယားလိဂ်မှာသွင်းဂိုး ၂၅ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၆ကြိမ်ရထားတယ်။ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ကြိမ်ရထားတယ်။ ဒီတစ်ရာသီထဲမှာ ပြိုင်ပွဲစုံဆိုရင် သွင်းဂိုး ၃၀ နဲ့ ဂိုးဖန်တီးမှု ၂၁ကြိမ်ရထားတယ်။ ဒါက လက်ကျန် အနိမ့်ဆုံး ၁၃ပွဲလောက်ကစားဖို့ကျန်နေသေးတဲ့အခြေအနေမျိုးမှာ ဒီကိန်းဂဏန်းတွေက ထပ်ပြီး မြင့်တက်လာဖို့လည်း ရှိနေသေးတယ်။ ဒါဆိုရင် .. မိုဆာလာအတွက် .. ဘာလွန်းဒေါ သေချာပြီလား ဆိုရင်တော့ .. မသေချာသေးဘူးလို့ပဲ ဖြေရမယ်။ နိုင်ငံတကာပြိုင်ပွဲကြီးတွေမရှိတဲ့အချိန်အခါမျိုးတွေမှာ ချန်ပီယံလိဂ်ပြိုင်ပွဲက စွမ်းဆောင်ရည်တွေက အရှေ့ရောက်လာတယ်။ အကဲဖြတ်တဲ့သူတွေက ချန်ပီယံလိဂ်ပြိုင်ပွဲက စွမ်းဆောင်ရည်တွေကိုလည်း ဦးစားပေးတွက်ချက်တာလို့ ဆိုလို့ရတယ်။ ဒါကြောင့် ဆာလာ ကို ဘာလွန်းဒေါအတွက် ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်မရှိသတ်မှတ်လို့ရပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်ဘယ်အဆင့်ထိရောက်မလဲ .. ? ချန်ပီယံလိဂ်ဗိုလ်စွဲမယ့်အသင်းက ဘယ်အသင်းဖြစ်မလဲ ..? ဒါတွေကိုလည်း ထည့်သွင်းတွက်ချက်ရမှာဖြစ်တယ်။ လက်ရှိမှာ မိုဆာလာက ပရီးမီးယားလိဂ်ဖလားရဖို့က အတော်လေးနီးစပ်နေပြီ၊ ကာရာဘောင်ဖလားဗိုလ်လုပွဲကိုလည်းရောက်နေတယ်။ ဒါကြောင့် .. မိုဆာလာသာ လီဗာပူးလ်နဲ့ချန်ပီယံလိဂ်ရရင် ဘာလွန်းဒေါအတွက် တရာရာခိုင်နှုန်းသေချာတယ်လို့ ယူဆလို့ရပါတယ်။ တကယ်လို့ . အဲဒီလိုမဟုတ်ဘဲ.. လီဗာပူးလ်က ချန်ပီယံလိဂ်နဲ့ လွဲချော်မယ်ဆိုရင်တော့ မိုဆာလာအတွက် ဘာလွန်းဒေါရဖို့က ရင်ခုန်စရာအခြေအနေဖြစ်လာမှာပါ။ လက်ရှိမှာ မိုဆာလာ ရဲ့ ဘာလွန်းဒေါပြိုင်ဘက်တွေဖြစ်လာနိုင်ခြေရှိတဲ့ ကစားသမားတွေကတော့ .. ဒမ်ဘီလီ၊ ဟာရီကိန်း၊ ဖရိုဇန်ဝက်ဇ်၊ လီဝန်ဒေါစကီး၊ ရာဖင်ညာ၊ အမ်ဘာပေ၊ ယာမယ်၊ ဗင်နီစီးရှပ်၊ ဘာလင်ဂမ်၊ ဂရစ်ဇ်မန်း၊ အယ်ဗာရက်၊ မာတီနက် တို့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒမ်ဘီလီ က ပီအက်ဂျီနဲ့ အမှတ်ပေးဖလားရဖို့အတွက် အတော်လေးနီးစပ်နေပြီး တကယ်လို့များ ပီအက်ဂျီကသာ ချန်ပီယံလိဂ်ဗိုလ်လုပွဲလောက်အထိရောက်မယ်၊ ဒမ်ဘီလီကလည်း ခြေစွမ်းပြမယ်ဆိုရင် ဒမ်ဘီလီအတွက် မျှော်လင့်ချင်စရာအခြေအနေကိုး။ ပီအက်ဂျီ နဲ့ လီဗာပူးလ်တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုက ဘာလွန်းဒေါဆုအတွက်ပါ သွယ်ဝိုက်ပြီး အဆုံးအဖြတ်လိုဖြစ်လာတယ်။ တကယ်လို့ ပီအက်ဂျီသာ လီဗာပူးလ်ကို မကျော်ဖြတ်နိုင်ခဲ့ရင် ဒမ်ဘီလီကလည်း ဘာလွန်းဒေါစာရင်းက အလိုလိုထွက်သွားပြီးသား ဖြစ်လိမ့်မယ်။ ချန်ပီယံလိဂ်လမ်းကြောင်းအရ.. လီဗာပူးလ်က ပီအက်ဂျီကို ကျော်ဖြတ်နိုင်ရင် ကွာတားဖိုင်နယ်မှာ ဗီလာ၊ ဘရုဂေး တသင်းသင်းနဲ့ ဆုံရမယ်။ တဖက်မှာ ရီးရဲလ် နဲ့ အက်သလက်တီကို တို့က ထိပ်တိုက်တွေ့နေလို့ .. အဲဒီမှာလည်း ဆာလာရဲ့ ပြိုင်ဘက်အချို့ လျော့ကျဦးမယ်။ ဆိုရရင် ဆာလာနဲ့ လီဗာပူးလ်က ဒီဘက်အခြမ်းမှာ ဒမ်ဘီလီ၊ အမ်ဘာပေ၊ ဗင်နီစီးရှပ်၊ ဘာလင်ဂမ်၊ ဂရစ်ဇ်မန်း၊ အယ်ဗာရက် တို့ကို ကိုယ်တိုင်ကျော်ဖြတ်ဖို့ အခွင့်အရေးရှိနေတယ်။ ဒါကို လုပ်နိုင်မလားကြည့်ရမယ်။ ရီးရဲလ်၊ ဘိုင်ယန်၊ ဘာစီလိုနာ တသင်းသင်းက ချန်ပီယံလိဂ်လည်းရမယ်၊ အမှတ်ပေးလည်းရမယ်ဆိုရင် ဆာလာအတွက် ဘာလွန်းဒေါရဖို့ မလွယ်ကူလောက်ဘူး။ လုံးဝမရနိုင်တာမျိုးတော့ မဟုတ်ဘူး။ ၂၀၁၀ မက်ဆီ၊ ၂၀၁၃ စီရော်နယ်ဒို တို့က ချန်ပီယံလိဂ်လည်းမရ၊ နိုင်ငံတကာအောင်မြင်မှုလည်းမရှိဘဲ ဘာလွန်းဒေါဆု ရခဲ့ဖူးကြတာကြောင့်ပါ။ ဒါပေမဲ့ အဲဒီကာလတွေမှာ မက်ဆီ၊ စီရော်နယ်ဒိုတို့ရဲ့ ပုံရိပ်က ကြီးမားနေတာကြောင့် အခြေအနေခြင်းကတော့ သိပ်မတူညီပါဘူး။ ပြီးတော့ အဲဒီရာသီတွေမှာ ဘာစီလိုနာရော၊ ရီးရဲလ်ရောက ဆီမီးဖိုင်နယ်လောက်အထိ ရောက်ခဲ့ကြသေးတာဖြစ်လို့ .. ဆာလာအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်မရဘဲ ဘာလွန်းဒေါဆုကို ရနိုင်ဖို့ဆိုရင် အနိမ့်ဆုံး ဆီမီးဖိုင်နယ်လောက်တော့ ရောက်ဖို့ လိုပါတယ်။ ပြီးတော့ ဆာလာအတွက် စိုးရိမ်စရာတခုက ချန်ပီယံလိဂ်မှာ ဆာလာ က သွင်းဂိုး ၃ဂိုးသာ ရထားသေးတယ်။ ဂိုးဖန်တီးမှုကတော့ ၄ကြိမ်ရှိတယ်။ လက်ရှိမှာ ဆာလာရဲ့ ပြိုင်ဘက်တွေဖြစ်နိုင်ခြေရှိတဲ့ လီဝန်ဒေါစကီးက ၉ဂိုး၊ ရာဖင်ညာက ၈ဂိုး၊ အမ်ဘာပေ၊ ဗင်နီစီးရှပ်၊ ဟာရီကိန်း တို့က ၇ဂိုးစီ၊ ဂရစ်ဇ်မန်း၊ အယ်ဗာရက်၊ ဒမ်ဘီလီ၊ ဝစ်ဇ် တို့က ၆ဂိုးစီ သွင်းထားတာဖြစ်လို့ .. ဆာလာက ချန်ပီယံလိဂ် ကိန်းဂဏန်းအချက်အလက်မှာ နောက်နားရောက်နေတာကို တွေ့ရလိမ့်မယ်။ အဆုံးသတ်ဆိုရရင်တော့ လက်ရှိ ဆာလာ ခြေစွမ်းပြနေတာမှန်တယ်။ ဒါပေမဲ့ ဘာလွန်းဒေါအတွက်ဆိုရင်တော့ .. မလုံလောက်သေးဘူး။ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့လိုသေးတယ်။ ဆာလာက ချန်ပီယံလိဂ်ဗိုလ်မစွဲရင်တောင် လီဗာပူးလ်က ဆီမီးလောက်ရောက်ပြီး .. ချန်ပီယံလိဂ်ကို ရီးရဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန် မဟုတ်တဲ့တသင်းသင်းက ရဖို့ လိုအပ်ပါတယ်။ နောက်ထပ် “မပြေးသော်လည်း ကန်ရာရှိ” ဆိုသလို .. လီဝန်ဒေါစကီး၊ ဗင်နီစီးရှပ် တို့ကလည်း ချန်ပီယံလိဂ်နဲ့ ဇာတ်လမ်းလေးတွေ ရှိဖူးလို့ .. စွမ်းဆောင်ရည်ခြင်း တူညီရင်တောင် ဆာလာက နောက်ကောက်အချခံရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် .. ဆာလာ အနေနဲ့ ဘာလွန်းဒေါဆု သေချာဖို့ဆိုရင် .. ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ အရောက်သွားနိုင်ဖို့ကသာ အသေချာဆုံးပါလို့ သုံးသပ်တင်ပြလိုက်ရပါတယ်။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / Premierleague ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ပဲ ဖြစ်ပါတယ်။ #RangoonSportMedia #article #salah #BallondOr ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati