
စနစ်သစ်နဲ့ကျင်းပတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်းအဆင့်ကိုတက်ရောက်ခွင့်အတွက် ပလေးအော့ဖ်ပွဲစဉ်ကတော့ အခု အင်္ဂါညမှာ နောက်တဆင့်အတွက် အသင်း ၄သင်းပေါ်ထွက်လာခဲ့ပါပြီ။ ဘိုင်ယန်၊ ဘင်ဖီကာ၊ ဖီယင်နု၊ ဘရုဂေးတို့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး၊ အေစီ၊ အတ္တလန်တာ၊ မိုနာကို၊ ဆဲလ်တစ် တို့ကတော့ ဒီအဆင့်ကနေပဲ လက်ပြနှုတ်ဆက်လိုက်ရပါပြီ။ ချန်ပီယံလိဂ်ရဲ့ စနစ်သစ်ပဲဖြစ်ဖြစ်၊ စနစ်ဟောင်းပဲဖြစ်ဖြစ် ရှုံးထွက်ပွဲစဉ်တွေရဲ့ အကြိတ်အနယ်ရှိမှုကတော့ မူလအရသာမပျက်သေးပါဘူး။ ညက ကစားခဲ့တဲ့ပွဲတွေမှာလည်း တပွဲချင်းစီမတူညီတဲ့ ရသတွေ ပေးစွမ်းနိုင်ခဲ့တဲ့ပွဲလို့ပဲ ဆိုရပါလိမ့်မယ်။ အီတလီအသင်းတွေအတွက်တော့ စိတ်ပျက်စရာညတည ဖြစ်ခဲ့တာအသေအချာပါပဲ။ အေစီမီလန်နဲ့ဖီယင်နု တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်အသင်းရဲ့ ပေါ့ဆမှုနဲ့အတူ တန်ဖိုးကြီးကြီးမားမားပေးဆပ်လိုက်ရတာလို့ပဲမြင်မိတယ်။ ပထမအကျော့ ဖီယင်နုအိမ်ကွင်းမှာ ဖီယင်နုက ၁-၀ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရထားတာဖြစ်လို့၊ အခု ဒုတိယအကျော့မှာ အေစီမီလန်က မဖြစ်မနေအနိုင်ရဖို့လိုအပ်ခဲ့တယ်။ ပွဲအစ တစ်မိနစ်မပြည့်ခင်မှာတင် အေစီ က အဖွင့်ဂိုးရတယ်။ ဒါကြောင့် အေစီက အိမ်ကွင်းမှာ ကျန်တဲ့ မိနစ် ၉၀ ကျော်ကို ဂိုးရလဒ်တူအခြေအနေနဲ့ ပွဲကို စတင်ဖို့ အလေးသာခဲ့တယ်။ တိုက်စစ်မှာ ဖီယင်နုကနေ ဒီဆောင်းရာသီမှ ပြောင်းလာတဲ့ ဟီမီနက် က ဒီပွဲမှာ အသင်းဟောင်းဘက်ကို အဖွင့်ဂိုးသွင်းခဲ့တယ်။ အသင်းဟောင်းကို လေးစားမှုပြတဲ့အနေနဲ့ ဂိုးသွင်းပြီး အောင်ပွဲမခံခဲ့ဘူး။ ဒီအခိုက်အတန့်လေးတွေကတော့ သဘောာကျစရာကောင်းတယ်။ ပွဲအကြောင်းဆက်ပြောရရင် ပထမပိုင်းမှာ အေစီ ဘက်က ဟီမီနက်၊ ပူလီဆစ်၊ ရာဖေးလီယို၊ ဂျာအိုဖီလစ် တို့ရဲ့ တိုက်စစ်က တဦးချင်းအရ ကောင်းမွန်ကြပေမဲ့ စုဖွဲ့မှုအရတော့ လိုအပ်ချက်တွေရှိနေသေးတယ်။ ရာဖေးလီယိုက တဦးချင်းကျော်ဖြတ်မှုတွေကောင်းပေမဲ့လည်း အဆုံးသတ်ဆုံးဖြတ်ချက်တွေမှာတော့ လိုအပ်ချက်တွေရှိခဲ့တယ်။ ပထမပိုင်းတပိုင်းလုံး အေစီက ပွဲကို စိတ်ကြိုက်ထိန်းချုပ်ကစားတယ်။ ဒါပေမဲ့ သူတို့ ဒုတိယဦးဆောင်ဂိုးတော့ မရခဲ့ဘူး။ အေစီအတွက် ကြမ္မာဆိုးကတော့ သီယိုဟာနန်ဒက်ရဲ့ ရူးနှမ်းမှုတွေကနေ မြစ်ဖျားခံလာတယ်။ ပထမပိုင်းမပြီးခင် အန္တရာယ်မရှိတဲ့နေရာမှာ ပြိုင်ဘက်ကစားသမားကို အလွန်အမင်းသွားဆွဲတယ်။ အဝါကတ်ထိတယ်။ ဒုတိယပိုင်းစပြီး ၆မိနစ်အကြာမှာ ဟန်ဆောင်လှဲချခဲ့လို့ နောက်တဝါအပြခံရပြီး နှစ်ဝါတနီနဲ့အထုတ်ခံရတယ်။ လက်ကျန် မိနစ် ၄၀ လောက်ကို ၁၀ယောက် ၁၁ယောက်နဲ့ ကစားရတာက အေစီအတွက်တော့ ကိုယ့်သေတွင်းကိုယ်တူးသလိုပဲ။ နောက်ထပ်ဂိုးရဖို့ထက် ဂိုးမပေးရဖို့ကိုပဲ အာရုံစိုက်ရတယ်။ အဲဒီကြားထဲကပဲ ဖီယင်နုရဲ့ လူစားဝင်ကစားသမား ကာရန်ဇာ ရဲ့ ခေါင်းတိုက်ချေပဂိုးကို ခွင့်ပြုလိုက်ရပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပဲ ဖြစ်တယ်။ ဒီပွဲမှာ သီယိုဟာနန်ဒက် ရဲ့ ရူးနှမ်းမှုက ထင်ရှားခဲ့သလို၊ ရာဖေးလီယိုရဲ့ ပွဲအပေါ်အာရုံစူးစိုက်မှုကလည်း မေးခွန်းထုတ်စရာအခြေအနေမှာရှိနေတယ်။ မလိုအပ်ဘဲ ပြိုင်ဘက်ကို ရိသလိုပုံစံမျိုးတွေနဲ့ ကျော်ဖြတ်တယ်၊ တကယ်တမ်းဂိုးရဖို့အားထုတ်ရမယ့်အပိုင်းကျတော့ ဘာမှမလုပ်ပြနိုင်တော့ဘူး။ ဖီယင်နုကတော့ သူ့အလုပ်သူအကောင်းဆုံးလုပ်တယ်။ ဒီလိုအဆင့်မှာ ဆယ်ကျော်သက်ကစားသမားလေး ၃ယောက်လောက်ကို တပြိုင်တည်းပွဲထုတ်ခဲ့တာကလည်း ချီးကျူးရမယ့်အချက်ပါ။ အေစီ ရဲ့ ပေါ့ဆမှုကြောင့် ဒီအဆင့်က ထွက်ခွာခဲ့ရတယ်လို့ဆိုပေမဲ့လည်း နောက်တဆင့်တက်သွားတဲ့ ဖီယင်နုကလည်း ထိုက်ထိုက်တန်တန်တက်သွားတာလို့ပဲ ဆိုရမှာပါ။ အတ္တလန်တာနဲ့ ဘရုဂေးတို့ပွဲက တကယ့်စိတ်လှုပ်ရှားစရာအပြည့်။ ပထမအကျော့မှာတုန်း နောက်ဆုံးမိနစ်မှာ အငြင်းပွားဖွယ်ရာပင်နယ်တီနဲ့ ဂရုဂေးက ာ ဒီပွဲမှာတော့ အတ္တလန်တာအနေနဲ့ ထိုက်ထိုက်တန်တန်ကို ရှုံးနိမ့်သွားခဲ့တာပဲ ဖြစ်တယ်။ ဂရုဂေးက ဘယ်ဂျီယံကလပ်ဖြစ်သလို၊ ဘယ်ဂျီယံကစားသမား ၆ယောက်အထိတောင် ပွဲထွက်စာရင်းမှာပါဝင်ခဲ့တယ်။ ဘရုဂေးရဲ့ စုဖွဲ့ကစားပုံက အတ္တလန်တာထက် ပိုကောင်းခဲ့တယ်။ အတ္တလန်တာ တိုက်စစ်ကို ဖိကစားရင် နောက်တန်းက ပွင့်နေတယ်။ ပထမပိုင်း မိနစ် ၃၀အတွင်းမှာတင် ဘရုဂေးက တန်ပြန်တိုက်စစ်တွေကနေ နှစ်ဂိုးရခဲ့ပြီးပြီ။ နှစ်ကျော့ပေါင်း ၁-၄ ဆိုတဲ့အခြေအနေကနေ အတ္တလန်တာအနေနဲ့ ပြန်လာနိုင်ဖို့အတော်လေးကို ခက်ခဲတဲ့အခြေအနေမျိုး။ အဲဒီမှာမှ ရင်ခုန်စရာအကောင်းဆုံးအခိုက်အတန့်က ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ အတ္တလန်တာက တိုက်စစ်ဆင်တယ်။ ဇာပါကော်စတာရဲ့ ကန်ချက် တိုင်ထိ ထွက်လာတယ်၊ အဲဒီဘောလုံးက မပျက်သေးဘဲနဲ့ ဘယ်ခြမ်းကနေ ညာခြမ်းကိုရောက်ပြီး ညာခြမ်းက ထပ်ကန်တယ်၊ ဘရုဂေးဂိုးသမား မင်ဂနိုလတ် ပုတ်ထုတ်တယ်၊ ပြန်အံထွက်လာကို ထပ်ကန်တယ်၊ ဂိုးစည်းပေါ်ကနေ ဂရုဂေး ခံစစ်မှုးက ရှင်းထုတ်လိုက်တယ်။ အဲဒီရှင်းထုတ်မှုကနေ ကောင်တာပြန်ပေါက်ပြီး ဘရုဂေး တိုက်စစ်မှုးက ၁၈ကိုက်စည်းပြင်ပကနေ အပြင်းကန်သွင်းချက်နဲ့ ဂရုဂေးအတွက် တတိယဦးဆောင်ဂိုးသွင်းပေးလိုက်တယ်။ တကယ်လို့များ .. အတ္တလန်တာသာ ဂိုးရခဲ့ရင် ပထမပိုင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ပြီးနေမှာဖြစ်လို့ .. အတ္တလန်တာအနေနဲ့ မျှော်လင့်ချက်နည်းနည်းရှိနိုင်မယ့်အခြေအနေမျိုးပါ။ ဒါပေမဲ့ သူတို့မဂိုးတဲ့အပြင် ဂိုးပါ ပေးလိုက်ရတော့ . ပထမပိုင်းအပြီးမှာ နှစ်ကျော့ပေါင်း ၁-၅ ဆိုတဲ့ရလဒ်နဲ့ အတ္တလန်တာ က ရှံးနိမ့်နေခဲ့တယ်။ ဒုတိယပိုင်း စစချင်းမှာ လွတ်မန်းက အတ္တလန်တာအတွက် တစ်ဂိုးသွင်းခဲ့သေးပေမဲ့၊ ရရှိခဲ့တဲ့ပင်နယ်တီကိုတော့ ဝင်အောင်မကန်သွင်းနိုင်ခဲ့ဘူး။ ဒီပွဲမှာ အတ္တလန်တာက ဂိုးကန်သွင်းချက် အကြိမ် ၃၀၊ အပိုင်အခွင့်အရေး ၅ကြိမ်၊ ဂိုးပေါက်တည့်တဲ့ကန်ချက် ၁၁ကြိမ်ရှိခဲ့တယ်။ ဒီကိန်းဂဏန်းက သွင်းဂိုး ၃ဂိုး၊ ၄ဂိုးလောက် ရနိုင်လောက်တဲ့ အချက်အလက်ကိန်းဂဏန်းလို့တောင် ဆိုရမယ်။ ဒါပေမဲ့ သူတို့ မင်ဂနိုလတ်ကို မကျော်ဖြတ်နိုင်ခဲ့ကြဘူး။ မင်ဂနိုလတ်က ပင်နယ်တီအပါအဝင် အတ္တလန်တာရဲ့ ကန်သွင်းသမျှတွေကို ကာကွယ်သွားနိုင်ခဲ့တယ်။ မင်ဂနိုလတ်က အသက် ၃၆နှစ်ရှိနေပြီဖြစ်ပြီး တချိန်တုန်းကတော့ ပရီးမီးယားလိဂ်ပရိသတ်တွေနဲ့မစိမ်းတဲ့ ဂိုးသမားတယောက်ပဲဖြစ်ပါတယ်။ ဒီညကတော့ မင်ဂနိုလတ်ရဲ့ ည ဖြစ်ခဲ့တယ်လို့ ဆိုရမယ်။ မင်ဂနိုလတ်လိုပဲ .. နောက်ထပ် လက်စွမ်းပြတဲ့ ဂိုးသမားတယောက်ရှိသေးတယ်။ သူလည်း ပရီးမီးယားလိဂ်ပရိသတ်တွေမစိမ်းတဲ့ ဂိုးသမားပဲ။ ဒါပေမဲ့ သူကတော့ ကံဆိုးစွာနဲ့ ဒီအဆင့်ကပဲ ထွက်ခွာခဲ့ရတယ်။ သူကတော့ ဆဲလ်တစ်ဂိုးသမား ကယ်စပါရှမိုက်ကယ်ပါ။ ပထမအကျော့မှာ ဆဲလ်တစ်အိမ်ကွင်းမှာ ဘိုင်ယန်က ၁-၂ ဆိုတဲ့ ရလဒ်နိုင်ထားတာဖြစ်လို့ .. ဒီပွဲမှာ ဘိုင်ယန်အနေနဲ့ သက်သောင့်သက်သာကစားခွင့်ရမယ်လို့ ထင်ခဲ့ပေမဲ့ .. ရှမိုက်ကယ်က အဲဒီအခွင့်အရေးတွေကို ဖျက်ဆီးခဲ့တယ်။ ပထမပိုင်းမှာ ဘိုင်ယန်ရဲ့ အပိုင်ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့တယ်။ ဘိုင်ယန်အတွက်တိုက်စစ်က အခွင့်အရေးတွေရနေပေမဲ့ ရှမိုက်ကယ်ကိုမကျော်နိုင်တဲ့ပုံစံမျိုးဖြစ်နေတယ်။ သူတို့ တခုကံကောင်းတာက ပထမပိုင်းမှာ ဆဲလ်တစ်တိုက်စစ်ကလည်း အဆုံးသတ်တွေ ညံ့နေတာက ဘိုင်ယန်ကို ကံကောင်းစေတယ်ပြောရမယ်။ ဒုတိယပိုင်းမှာဆို ဘိုင်ယန်က တိုက်စစ်ပိုကောင်းလာပြီး ဆဲလ်တစ်အနေနဲ့ တန်ပြန်တိုက်စစ်က ပထမပိုင်းကလောက် အခွင့်အရေးမရတော့ဘူး။ အဲဒီလိုအခြေအနေမှာ ဘိုင်ယန်ဘက်က အရေးအကြောင်းဆို ထထဖောက်တတ်တဲ့ ကင်မင်ဂျေးက ဒီပွဲမှာလည်း အေးဆေးဖျက်ထုတ်လို့ရတဲ့အလုံးကို မသေမသပ်ဆလိုက်ထိုးရင် ဆဲလ်တစ်တိုက်စစ်မှူး ခွန်းက အမိအရ အသုံးချနိုင်ခဲ့တာကြောင့် ၆၃မိနစ်မှာ ဆဲလ်တစ်က ဦးဆောင်ဂိုးရခဲ့တယ်။ ဘိုင်ယန်က ထပ်ဖိ၊ ဆဲလ်တစ်က အသားကုန်ပိတ်ဆို့၊ ဂိုးသမားကလည်းကောင်းဆိုတော့ .. အခြေအနေက .. အချိန်ပိုသွားတော့မယ့်အခြေအနေမျိုးမှာ နောက်ဆုံးမိနစ်မှာ ဂေါ်ရက်စကာ ရဲ့ အနီးကပ်ခေါင်းတိုက်ချက်ကို ရှမိုက်ကယ် ပုတ်ထုတ်နိုင်ခဲ့ပေမဲ့ အယ်ဖွန်ဆိုဒေးဗီးရဲ့ ထပ်ဆင့်ပိတ်သွင်းမှုကိုတော့ ခွင့်ပြုလိုက်ရတာပဲ ဖြစ်ပါတယ်။ ဒီပွဲကတော့ အပြန်အလှန်တွေနဲ့ အကြိတ်အနယ်ရှိတာမျိုးမဟုတ်ဘဲ .. ဘိုင်ယန်ရဲ့ တိုက်စစ်က အဆုံးသတ်ညံ့မှုတွေကြောင့်သာ ပွဲက မလိုအပ်ဘဲ ခက်ခဲခဲ့တာလို့ ဆိုမယ်။ နောက်ထပ်အကြောင်းအရင်းကတော့ ၃၈နှစ်အရွယ် ရှမိုက်ကယ်ကြောင့်လည်း ဘိုင်ယန်က ပိုခက်ခဲခဲ့တာလို့ ဆိုရမယ်။ ဘင်ဖီကာနဲ့မိုနာကိုတို့ရဲ့ ပွဲကလည်း အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့တယ်။ မိုနာကိုကတော့ ပထမအကျော့က ရှုံးနိမ့်မှုကြောင့် ဒီပွဲမှာ ခြေစွမ်းကောင်းခဲ့ပေမဲ့ နောက်တဆင့်ကို လက်ပြနှုတ်ဆက်လိုက်ရတယ်။ ပိုပြီးဆိုးရွားတဲ့မှတ်တမ်းကတော့ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ် ၅ကြိမ်တွေ့ဆုံမှုမှာ ၅ကြိမ်စလုံး အနိုင်မရခဲ့တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီစနစ်သစ်မှာတင် ၃ကြိမ်အထိ ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် နောက်တဆင့်တက်ရောက်သွားတဲ့ ဘိုင်ယန်၊ ဘရုဂေး၊ ဖီယင်နု၊ ဘင်ဖီကာ တို့က နောက်တဆင့်မှာ.. ဘိုင်ယန်က လေဗာကူဆင်/အေတီကို၊ ဘရုဂေးက လိုင်လီ/ဗီလာ၊ ဘင်ဖီကာက ဘာစီလိုနာ/လီဗာပူးလ်၊ ဖီယင်နုက အင်တာ/အာဆင်နယ် တသင်းသင်းတို့နဲ့ ဆုံတွေ့ရမှာပဲ ဖြစ်ပါတယ်။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / Championleague ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ပဲ ဖြစ်ပါတယ်။ #RangoonSportMedia #perspective #championsleague #tuesday ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati