
အင်္ဂလန်အသင်းက ဆောက်ဂိတ်နဲ့ လမ်းခွဲပြီးတဲ့နောက်မှာတော့ အမြဲတမ်းနည်းပြအဖြစ် ဂျာမနီလူမျိုးနည်းပြ တူချယ်ကို ခန့်အပ်ခဲ့တယ်။ ၂၀၁၈ကမ္ဘာ့ဖလားမှာ စတုတ္တ၊ ၂၀၂၀ယူရိုမှာ ဒုတိယ၊ ၂၀၂၂ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်၊ ယူရို ၂၀၂၄မှာ ဒုတိယတွေ ရခဲ့တဲ့ နည်းပြ နဲ့ လမ်းခွဲအပြီးမှာ တူချယ်ကိုခန့်အပ်ခဲ့တာဖြစ်လို့ .. တူချယ်အနေနဲ့ လာမယ့် ၂၀၂၆ကမ္ဘာ့ဖလားမှာ ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်ပေးဖို့ မဖြစ်မနေကို လိုအပ်လာခဲ့ပြီလို့ ဆိုရမယ်။ ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံး၊ နာမည်အကြီးဆုံး ပရီးမီးယားလိဂ်ကြောင့် အင်္ဂလန်ဘောလုံးသမားတွေဟာ လိုအပ်တာထက်ပိုပြီး ကျော်ကြားနေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်နေခဲ့ရတယ်။ သူတို့ရဲ့ မျိုးဆက်တိုင်းက ဘာဆုဖလားမှ မရခဲ့တော့လည်း အဲဒီအဆိုက မှန်နေတယ်လို့လည်း ယူဆလို့ရတယ်။ အင်္ဂလန်ကစားသမားတွေထဲမှာ ဘာလွန်ဒေါရခဲ့တာ ၂၀၀၁ခုနှစ်ကဖြစ်လို့ အခုဆိုရင် နှစ်နှစ်ဆယ်ကျော်ကြာတဲ့အထိ အင်္ဂလန်ကစားသမားတွေထဲမှာ ဘယ်သူမှ ဘာလွန်းဒေါမရခဲ့တော့ဘူး။ အဲဒါတွေက အင်္ဂလန်အသင်း ဆုဖလားမရတဲ့ကိစ္စတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ ဆိုရမယ်။ ဒီလိုမျိုးအမြင်တွေကို ချေဖျက်နိုင်ဖို့အတွက်ဆိုရင် အင်္ဂလန်အသင်းက ပြိုင်ပွဲကြီးတခုခုမှာ ဗိုလ်စွဲဖို့ မဖြစ်အနေလိုအပ်တယ်။ အခု အနီးစပ်ဆုံး ကမ္ဘာ့ဖလားပေါ့။ ညက တူချယ်က သူ့ရဲ့ အင်္ဂလန်နည်းပြဘဝ ပထမဆုံးပွဲစဉ်ကို ကိုင်တွယ်ခဲ့တယ်။ ကမ္ဘာ့အဆင့် ၆၅ရှိတဲ့ အယ်ဘေးနီးယားကို အိမ်ကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ သက်သောင့်သက်သာအနိုင်ရတယ်။ ဒါက ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ဖြစ်လို့ တန်ဖိုးရှိတဲ့ နိုင်ပွဲလို့လည်း သတ်မှတ်လို့ရတယ်။ တူချယ်က ဒီနိုင်ငံတကာသီတင်းပတ်အတွက် ကစားသမား ၂၆ယောက်ကို ခေါ်ယူခဲ့တယ်။ ဂိုးသမားနေရာမှာ ပစ်ဖို့ဒ်၊ ဟန်ဒါဆန်၊ ထရက်ဖို့ဒ်၊ ရမ်စ်ဒေး နောက်တန်းမှာ ဝေါ်ကာ၊ ရီဆီဂျိမ်း၊ ကွန်ဆာ၊ ဂွီဟီ၊ ဒန်ဘန်း၊ ကိုးလ်ဝဲ၊ လီဗာမန်တို၊ လူးဝစ်စကယ်လီ၊ ကွမ်ဆာ ကွင်းလယ်မှာ ဒီကလန်ရိုက်၊ ဂျော်ဒန်ဟန်ဒါဆန်၊ ဘာလင်ဂမ်၊ အက်ဇီ၊ ရော်ဂျာ၊ ကာတစ်ဂျုံး၊ ဂစ်ဘ်ဝှိုက် ရှေ့တန်းမှာ ဖိုဒန်၊ ဟာရီကိန်း၊ ရက်ရှ်ဖို့ဒ်၊ ဂေါ်ဒွန်၊ ဆိုလန်ကီ၊ ဘိုဝင် တို့နဲ့ ဒီနိုင်ငံတကာ သီတင်းပတ်ကို ဖြတ်သန်းဖို့ ရွေးချယ်သွားခဲ့တယ်။ ဒါက အင်္ဂလန်အသင်းရဲ့ အတောင့်တင်းဆုံး လူစာရင်းလို့ ဆိုလို့မရသေးပါဘူး။ အာနိုး၊ ကိုးပယ်မာ၊ ဆာကာ၊ အိုလီဝက်ကင်း၊ မက်ဒီဆင်၊ ဂယ်လယ်ဟာ၊ ဂျွန်စတုန်း၊ ရီကိုလူးဝစ်၊ မိုင်နူး၊ ဂရီးရှ်လစ် တို့လို ကစားသမားတွေ ကျန်နေပါသေးတယ်။ အဲဒီထဲက အချို့က ဒဏ်ရာပြဿနာကြောင့်၊ အချို့ကတော့လတ်တလော ခြေစွမ်းပျောက်ဆုံးမှုတွေ၊ ပွဲထွက်ခွင့်ပျောက်ဆုံးမှုတွေကြောင့် အရွေးချယ်မခံရတာလို့ ယူဆမိတယ်။ တူချယ်အနေနဲ့ .. ၄-၂-၃-၁ ကစားကွက်ကိုပဲ အခြေခံဖို့များပါတယ်။ ဒါပေမဲ့ တခုသတိပြုရမှာက တူချယ်က ကစားသမားတွေနဲ့ လိုက်ဖက်တဲ့ ကစားကွက်မျိုးကို အလျဉ်းသင့်သလို ပြောင်းလဲလေ့ရှိတဲ့နည့်းပြဖြစ်ပြီး သူ့နည်းပြသက်တမ်းမှာ ၄-၂-၃-၁ ကစားကွက်တွေအပြင် .. ၄-၄-၂၊ ၄-၁-၄-၁၊ ၃-၄-၂-၁၊ ၃-၅-၂ ကစားကွက်တွေကိုလည်း အသုံးပြုလေ့ရှိတယ်။ အများဆုံးအသုံးပြုတာကတော့ ၄-၂-၃-၁ နဲ့ ၄-၁-၄-၁ လို့ ဆိုရမယ်။ အဲဒီတော့ တူချယ် က ၃ယောက်တန်းခံစစ်ထက် ၄ယောက်တန်းခံစစ်ကိုပဲ အထိုင်ကစားဖို့များတယ်လို့ ယူဆရမယ်။ အင်္ဂလန်အနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာဆိုရင် အုပ်စု (ည) မှာ လတ်ဗီးယား၊ ဆားဘီးယား၊ အန်ဒိုရာ၊ အယ်ဘေးနီးယားတို့နဲ့ တအုပ်စုထဲကျရောက်နေတာကြောင့် သေချာပေါက် ခြေစစ်ပွဲအောင်ပါလိမ့်မယ်။ ခြေစစ်ပွဲကာလတွေ၊ ကြားထဲက ခြေစမ်းပွဲတွေနဲ့ဆိုရင် တူချယ်အနေနဲ့ တစ်နှစ်နီးပါး ပြင်ဆင်ဖို့ အချိန်ရပါတယ်။ သူ့အနေနဲ့ ကစားကွက်တခု၊ ကစားဟန်တခုကို ပုံဖော်ဖို့လုံလောက်တဲ့အချိန်လို့ ဆိုရမှာဖြစ်ပြီး သူ့ကစားကွက်နဲ့ အံဝင်မယ့်ကစားသမားတွေကို စိတ်ကြိုက်ရွေးချယ်ဖို့အတွက်လည်း အချိန်လုံလုံလောက်လောက်ရတယ်လို့ သတ်မှတ်ရမှာပါ။ လက်ရှိ အင်္ဂလန်နည်းပြတူချယ်က အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၃ယောက်မြောက် နိုင်ငံခြားသား နည်းပြဖြစ်ပြီး၊ သူ့ရှေ့က နည်းပြတွေဖြစ်တဲ့ အဲရစ်ဆင်(ဆွီဒင်)၊ ကာပယ်လို(အီတလီ) တို့ကတော့ အောင်မြင်မှုကြီးကြီးမားမား မရခဲ့ပါဘူး။ ကာပယ်လိုက ၂၀၀၇ ဒီဇင်ဘာမှ စတင်ကိုင်တွယ်တာဖြစ်လို့ ၂၀၀၈ ယူရိုပြိုင်ပွဲကို ဝင်ကစားခွင့်မရခဲ့ဘူး။(သူ့ရှေ့က မက္ကလာရင် ကိုင်တယ်မှုမှာ ခြေစစ်ပွဲမအောင်ခဲ့တာကြောင့်ပါ)။ ကာပယ်လိုကလည်း ၂၀၁၀ ကမ္ဘာ့ဖလားမှာ ၁၆သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဲဒီတုန်းက ဂျာမနီကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာဖြစ်သလို၊ လမ်းပတ်ရဲ့ စည်းကျော်တဲ့သွင်းဂိုးခွင့်ပြုမခံခဲ့ရတာကြောင့်လည်း ပါပါတယ်။ ကာပယ်လိုက အင်္ဂလန်အတွက် ၂၀၁၀ ကမ္ဘာ့ဖလားတခုပဲ ပြိုင်ပွဲကြီးအနေနဲ့ ကိုင်တွယ်ခဲ့ရတာဖြစ်ပြီး ၂၀၁၂ဖေဖော်ဝါရီမှာ ကာပယ်လိုနဲ့အင်္ဂလန်လမ်းခွဲခဲ့တာကြောင့်ပါ။ အဲရစ်ဆင်လက်ထက်မှာတုန်းကတော့ အင်္ဂလန်က တည်ငြိမ်တဲ့အသင်းဖြစ်ခဲ့ပေမဲ့ ဆုဖလားတော့ မရခဲ့ဘူး။ အဲရစ်ဆင် က အင်္ဂလန်လက်ရွေးစင်ကို ပြိုင်ပွဲကြီး ၃ပွဲ ကိုင်တွယ်ပေးခဲ့ပြီး ၂၀၀၂ခုနှစ်ကမ္ဘာ့ဖလား၊ ၂၀၀၄ ယူရို၊ ၂၀၀၆ ကမ္ဘာ့ဖလားတွေမှာ ကွာတားဖိုင်နယ်တွေနဲ့သာ ကျေနပ်ခဲ့ရတာပါ။ အဲဒီကာလတွေအတွင်းမှာတော့ အင်္ဂလန်က တည်ငြိမ်တဲ့လူစာရင်း၊ တည်ငြိမ်ကစားပုံပိုင်ဆိုင်ခဲ့ပေမဲ့ ဆုဖလားနဲ့တော့ အလှမ်းဝေးခဲ့ပါတယ်။ အင်္ဂလန်က ကာပယ်လို ပြီးတော့ ဟော့ဆန်၊ ဆောက်ဂိတ်တို့လို အင်္ဂလန်သားနည်းပြတွေကို ပြန်ခန့်အပ်ခဲ့တာဖြစ်ပြီး အခုမှသာ နိုင်ငံခြားသားနည်းပြကို တကျော့ပြန်ခန့်အပ်တာဖြစ်တယ်။ တူချယ်အတွက် စိုးရိမ်စရာမှတ်တမ်းတခုရှိတယ်။ အဲဒါက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံခြားသားနည်းပြတွေ တခါမှ ဗိုလ်မစွဲဖူးတာပါ။ ယူရိုမှာဆိုရင်တောင် ၂၀၀၄ခုနှစ်တုန်းက ရီဟာဂျယ်(ဂျမနီ) က ဂရိနဲ့ဗိုလ်စွဲဖူးတာ တခါပဲ ရှိဖူးတာပါ။ ဒါကြောင့် တူချယ်အနေနဲ့ အင်္ဂလန်နဲ့ ဆုဖလားရရှိဖို့အတွက် ကျော်ဖြတ်ရမယ့်အရာတွေက ကွင်းတွင်း/ကွင်းပြင် မှတ်တမ်းတွေ အတော်များပြားပါတယ်။ တူချယ်က အရည်အသွေးမြင့်တဲ့ နည်းပြတယောက်လို့ ဆိုရမှာဖြစ်သလို၊ အမှားမခံတဲ့ပြိုင်ပွဲမျိုးတွေမှာ ပိုကောင်းတတ်တဲ့နည်းပြပါ။ ချန်ပီယံလိဂ်မှာ ချယ်ဆီးကို မထင်မှတ်ဘဲ ချန်ပီယံဖြစ်စေခဲ့ဖူးသလို၊ ရှုံးထွက်ဖလားတွေလည်း ရရှိခဲ့ဖူးတဲ့နည်းပြဖြစ်တယ်။ ဒါကြောင့် ကမ္ဘာ့ဖလားလိုပြိုင်ပွဲမှာ တူချယ်အနေနဲ့ အင်္ဂလန်အသင်းကို အောင်မြင်မှုရအောင် လုပ်ပေးနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။ အခုချိန်မှာတော့ တူချယ်အနေနဲ့ အင်္ဂလန်ကို ဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်မလားဆိုတာကိုတော့ ပြောဖို့စောလွန်းပါသေးတယ်။ ညက အယ်ဘေးနီးယားနဲ့ပွဲမှာ ဒီကလန်ရိုက်နဲ့ကာတစ်ဂျုံးကို ပွဲထုတ်ခဲ့တဲ့အခင်းအကျင်း၊ ရက်ရှ်ဖို့ဒ်ကို နေရာပြန်ပေးတာ၊ ဘာလင်ဂမ်ကို တိုက်စစ်မှာ လွတ်လွတ်လပ်လပ်ကစားစေတာတွေက အပြုသဘောဆောင်တဲ့ လက္ခဏာတွေလို့ ယူဆရမယ်။ သူ့ကစားသမားဖြစ်ဖူးတဲ့ ဟာရီကိန်းက အသင်းကို ဦးဆောင်နေတာဖြစ်လို့ အသင်းတွင်းစုစည်းမှုအတွက် ပိုမိုလွယ်ကူစေလိမ့်မယ်လို့ ထင်မိတယ်။ လူတွေ အစွဲအလန်းရှိနေသလို ဟာရီကိန်းကလည်း ဆုဖလားတွေနဲ့ လွဲချော်လေ့ရှိတဲ့ကစားသမား၊ နိုင်ငံတကာပြိုင်ပွဲကြီးမှာ နိုင်ငံခြားသားနည်းပြတွေ ဗိုလ်စွဲဖို့ခက်ခဲတာ ဒီအချက်တွေကို ကျော်လွန်ပြီး .. တူချယ်အနေနဲ့ အင်္ဂလန်ကို ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်မလားဆိုတာကတော့ ...။ ။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / SkySport #RangoonSportMedia #article #england #Tuchel ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati