
ဒီညမှာလည်း အီတလီကလပ်အသင်းတသင်းဖြစ်တဲ့ ဂျူဗင်ထွက်ခွာသွားရပြန်တယ်။ ဂျူဗင်က ပထမအကျော့မှာ အနိုင်ရထားခဲ့ပေမဲ့လည်း ဒုတိယအကျော့ပီအက်ဗွီကွင်းမှာ မိနစ်ကိုးဆယ်အတွင်း ၂-၁ နဲ့ ရှုံးနိမ့်နေခဲ့ပြီး၊ အချိန်ပိုမှာ ပီအက်ဗွီက အနိုင်ဂိုးသွင်းခဲ့တာပဲဖြစ်တယ်။ ဒီပွဲကိုလည်း ဟုတ်တိပတ်တိမကြည့်ဖြစ်ဘူး။ တိုက်ဆိုင်တာကတာ့ အီတလီကလပ်တွေကို နယ်သာလန်ကလပ်တွေက နောက်ကောက်ချနိုင်ခဲ့တာပါပဲ။ မနေ့က ဖီယင်နုက အေစီကို ဖြုတ်ချနိုင်ခဲ့သလို၊ ဒီနေ့မှာ ပီအက်ဗွီက ဂျူဗင်ကို ဖြုတ်ချနိုင်ခဲ့တာပဲ ဖြစ်တယ်။ ပိုပြီးတိုက်ဆိုင်တာက ဒီနယ်သာလန်နှစ်သင်းထဲက တစ်သင်းက ၁၆သင်းအဆင့်မှာ အီတလီကလပ်အင်တာမီလန်နဲ့ ထပ်တွေ့ရဖို့ရှိနေသေးတာပါပဲ။ ဒေါ့မွန်၊ ပီအက်ဂျီ၊ ရီးရဲလ်တို့ကတော့ ပထမအကျော့က ရလဒ်တွေကို အတိမ်းအစောင်းမရှိအောင်ထိန်းသိမ်းရင်း နောက်တဆင့်ကို တက်သွားနိုင်ခဲ့ပြီ။ ပီအက်ဂျီကတော့ လိဂ်အဆင့်မှာတုန်းက ခြေစွမ်းမပြနိုင်ခဲ့ပေမဲ့လည်း ရှုံးထွက်အဆင့်မှာတော့ တနိုင်ငံထဲပြိုင်ဘက် ဘရက် အသင်းကို နှစ်ကျော့ပေါင်း ၁၁ဂိုးအထိသွင်းပြီး တိုက်စစ်အစွမ်းပြနိုင်ခဲ့တယ်။ ဒီညရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ရီးရဲလ်-မန်စီးတီး ပွဲပါ။ ပထမအကျော့အိမ်ကွင်းမှာ မန်စီးတီးက ရှုံးနိမ့်ထားတာဖြစ်လို့ ဒီပွဲမှာ မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေခဲ့တယ်။ ဒီပွဲမတိုင်ခင်မှာ မန်စီးတီးက နယူးကာဆယ်ကို ၄ဂိုးပြတ်အနိုင်ရခဲ့သေးတာဖြစ်လို့ မျှော်လင့်ချင်စရာလည်းကောင်းတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ရီးရဲလ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တယ်။ မန်စီးတီးက ဒီပွဲမှာ မတူညီတဲ့ လူထုတ်ပုံတွေနဲ့ ပွဲကို စတင်ခဲ့တာဖြစ်ပြီး ဟာလန်း၊ ဒီဘရိုင်း၊ ဂရီးလစ်ရှ်၊ ဒိုကူတို့လို ကစားသမားတွေကို လုံးဝထည့်မကစားခဲ့ဘူး။ တိုက်စစ်မှာ မာမွတ်၊ ဆယ်ဗင်ဟို တို့ကို တွဲကစားပြီး ကွင်းလယ်မှာ ဂွန်ဒိုဂန်၊ ဂွန်ဇာလက်၊ ဖိုဒန်၊ ဆေးလ်ဗား တို့နဲ့ ပွဲထွက်လာတယ်။ ရီးရဲလ်ကလည်းပထမအကျော့က အနိုင်ရထားလို့ ဒီပွဲမှာ ခံစစ်ကိုအသားပေးတဲ့ ပုံစံမျိုးနဲ့ပွဲထွက်လာမယ်လို့ ထင်မိပေမဲ့ .တကယ်တမ်းမှာ သူတို့က မန်စီးတီးနဲ့အပြိုင် တိုက်စစ်ကစားသွားခဲ့တယ်။ အဲဒါကြောင့်လည်းပွဲက မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပြီး အမ်ဘာပေ၊ ဗင်နီးရှပ် တို့ထက်တော့ မာမွတ်၊ ဆယ်ဗင်ဟို တို့ကို တတန်းနိမ့်ပါတယ်။ ဒါကပဲအဖြေဖြစ်သွားခဲ့ပြီး အမ်ဘာပေရဲ့ ဟတ်ထရစ်ဂိုးနဲ့အတူ ရီးရဲလ်က ၆၁မိနစ်မှာတင် ၃ဂိုးပြတ်ဦးဆောင်နိုင်ခဲ့တယ်။ မန်စီးတီးကတော့ နောက်ဆုံးမိနစ်ကျမှချေပဂိုးတစ်ဂိုးပြန်ရတယ်။ ဒီပွဲမှာ ရီးရဲလ်နောက်တန်းမှာ ရူဒီဂျာ၊ မန်ဒီ တို့ပြန်ပါလာတာက ချန်ပီယံလိဂ်မှာ အခြားပြိုင်ဘက်တွေအတွက်တော့ သတင်းဆိုးလို့တောင် ဆိုရမယ်။ ကွင်းလယ်မှာ ဆီဘယ်လော့ ခြေစွမ်းပြလာတာ၊ နောက်တန်းက လူငယ်ကစားသမားလေး တည်ငြိမ်လာတာတွေက ရီးရဲလ်အတွက်တော့ လာမယ့် ချန်ပီယံလုပွဲတွေအတွက် အင်ပြည့်အားပြည့်ခရီးဆက်နိုင်မယ့် အခြေအနေလို့ဆိုရမယ်။ မနက်ဖြန်ညနေမှာ ချန်ပီယံလိဂ်မဲခွဲပွဲရှိမယ်။ အခုကတည်းက လမ်းကြောင်းအခြေအနေတွေအရ .. ရီးရဲလ်က အက်သလက်တီကို၊ လေဗာကူဆင်တသင်းသင်းနဲ့ တွေ့ရမှာဖြစ်လို့ မချောင်လွန်းမကြပ်လွန်းတဲ့အခြေအနေလို့ ဆိုရမယ်။ လက်ရှိ ၁၆သင်းအဆင့်ကို စပိန်၊ ဂျာမနီနဲ့အင်္ဂလန်ကလပ်က ၃သင်းစီနဲ့ အများဆုံးတက်ရောက်ထားနိုင်ခဲ့ကြပြီး ပြင်သစ်ကလပ်နဲ့ နယ်သာလန်ကလပ်တွေက ၂သင်းစီနဲ့ အီတလီ၊ ပေါ်တူဂီ၊ ဘရုဂေး တို့က တသင်းစီတက်ရောက်ထားကြတာပဲ ဖြစ်ပါတယ်။ ၁၆သင်းအဆင့်မှာ စိတ်ဝင်စားစရာပွဲကောင်းဖြစ်လာနိုင်ခြေတွေကတော့ . ပီအက်ဂျီ - လီဗာပူးလ် ပီအက်ဂျီ - ဘာစီလိုနာ ရီးရဲလ် - အေတီကို ရီးရဲလ် - လေဗာကူဆင် ဘိုင်ယန် - အေတီကို ဘိုင်ယန် - လေဗာကူဆင် ပွဲတွေက စိတ်ဝင်စားစရာဖြစ်လာနိုင်ဖွယ်ရှိတဲ့ အတွဲအဖက်တွေလို့ ဆိုရမှာပါ။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / Championleague ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ပဲ ဖြစ်ပါတယ်။ #RangoonSportMedia #Perspective #championsleague #WednesdayWisdom ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati