
အာဆင်နယ် ၀-၁ ဝက်ဟမ်း ပြီးခဲ့တဲ့အပတ်ကတည်းက လိမ်ဖယ်လိမ်ဖယ်နဲ့ အနိုင်ရခဲ့တဲ့ အာဆင်နယ်က သူတို့ရဲ့ အားနည်းတဲ့တိုက်စစ်ကြောင့် ဒီနေ့ပွဲမှာတော့ ရှုံးနိမ့်သွားခဲ့တယ်။ လန်ဒန်ဒါဘီပွဲစဉ်ဖြစ်လို့ .. အာဆင်နယ်အတွက်တော့ မလွယ်ကူခဲ့ဘူး။ အဲဒီလိုအခြေအနေမျိုးမှာ အဓိက တိုက်စစ်မှုးတွေ တယောက်မှမပါဝင်ဘဲကစားရတာက အခြေအနေတွေကို ပိုဆိုးသွားစေခဲ့တယ်လို့ ဆိုရမယ်။ ပွဲအကြောင်းပြောရရင် . ဝက်ဟမ်းက ၅-၃-၂ နဲ့ တည်ပြီး အာဆင်နယ်ဆီက သရေတမှတ်ရဖို့ ဦးတည်ခဲ့တယ်။ အာဆင်နယ်ကတော့ တိုက်စစ်မှာ လက်စတာနဲ့ပွဲတုန်းက လူစားဝင်ပြီး အလုပ်ဖြစ်ခဲ့တဲ့ မာရီနို ကို အထောင်မှာထားပြီး ဝမ်နရီ၊ ထရော့ဆတ်တို့နဲ့ ပွဲထွက်လာခဲ့တယ်။ တကယ်တမ်းမှာ ဝက်ဟမ်းရဲ့ အစွန်ကစားသမားတွေဖြစ်တဲ့ ဘစ်ဆာကာ၊ စကာလတ်တို့ရဲ့ အတက်အဆင်းမှန်မှန်တိုင်ပင်မှန်မှန်ကစားမှုတွေက အာဆင်နယ်ကို အခက်တွေ့စေခဲ့တယ်။ ဝက်ဟမ်းက ကွင်းလယ်ထဲမှာ ဆောက်ရှက်ခ်၊ ဝက်ပရောက်၊ အဲဗာရက်တို့နဲ့ ကွင်းလယ်ကြောကို ကြပ်တည်းနေအောင်လုပ်ပြီး . တိုက်စစ်မှာ ကူဒက်နဲ့ ဘိုဝင်ကို အလှုပ်ကစားခိုင်းတယ်။ ဒီပွဲမှာ ကူဒက်ရဲ့ အလှုပ်တွေကြောင့် အာဆင်နယ်က တိုက်စစ်ဆင်နေချိန်မှာတောင် နောက်ကျောမလုံတဲ့ပုံစံမျိုးနဲ့ တိုက်စစ်ဆင်နေရတယ်။ အဲဒီကြားထဲမှာက ကိုယ့်အသင်းရဲ့တိုက်စစ်က တတန်းနိမ့်နေတဲ့တိုက်စစ်ဖြစ်တော့ အာဆင်နယ်ပိုပြီး အကြပ်ရိုက်သွားတယ်။ ပွဲက ပွဲကောင်းတပွဲမဖြစ်ခဲ့ဘူး။ အာဆင်နယ်က ဘောလုံးကိုင်ထားမယ်၊ နေရာလွတ်တွေရှာနေမယ် အဲဒီလိုပုံစံနဲ့ပဲအချိန်ကုန်နေတာဖြစ်ပြီး ဝက်ဟမ်းကတော့ ခံစစ်ကို ကျစ်ကျစ်လစ်လစ်ကစားမယ်၊ ဘောလုံးရတာနဲ့ ကူဒက်၊ ဘိုဝင်တို့ဆီ တန်းပို့၊ ပြီးရင် အစွန်က တက်လာတဲ့ ဘစ်ဆာကာ၊ စကာလတ်တို့နဲ့ တွဲကစား။ ဝက်ဟမ်းက အာဆင်နယ်ကို ရိုးရိုးလေးပဲ ထိုးဖောက်ဖို့စဉ်းစားခဲ့တယ်။ အလုပ်ဖြစ်ခဲ့တယ်လို့လည်း ဆိုရမယ်။ ပထမပိုင်းပြီးခါနီးမှာ ကူဒက်က ဘစ်ဆာကာရဲ့ ပြေးလမ်းကြောင်းထဲထည့်တယ်၊ ဘစ်ဆာကာ က ရိုးရိုးလေးပဲ ဆွဲပြေးတယ်၊ ဖြတ်တင်တယ်၊ ဘိုဝင်က ခေါင်းတိုက်ပိတ်သွင်းတယ်။ ပထမပိုင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ဝက်ဟမ်းက အနိုင်ရနေခဲ့တယ်။ ဒုတိယပိုင်းမှာလည်း အာဆင်နယ်က မထူးခြားနားလာဘူး။ အဲဒီတော့ ဝက်ဟမ်းကလည်း သူတို့အလုပ်ဖြစ်နေတဲ့ပုံစံကိုအပြောင်းအလဲမလုပ်ဘူး။ ပွဲချိန် ၇၇မိနစ်မှာ လူးဝစ်စကယ်လီ အနီကတ်ထိသွားတော့ အာဆင်နယ်က ပြီးသလောက်ဖြစ်သွားတယ်။ အဲဒီအနီကတ်မှာ ဒိုင်က တိုက်ရိုက်မပြတာကိုလည်း အံ့ဩမိတယ်။ နောက်ဆုံးလူဖြစ်နေတယ်၊ ဖောင်းဘောလုပ်တာသေချာနေရဲ့သားနဲ့ VAR ပြန်ကြည့်ပြီးမှ အနီကတ်ပြတာကတော့ ကွင်းလယ်ဒိုင်ရဲ့ အားနည်းချက်ပဲ။ အာဆင်နယ်က ပွဲပြီးခါနီး ဘန်ဝှိုက်ရဲ့ကန်ချက်က ဂိုးရဖို့နီးစပ်ခဲ့သလို၊ ဝက်ဟမ်းဘက်ကလည်း ကောင်တာပေါက်တွေက ဂိုးရဖို့နီးစပ်ခဲ့သေးတယ်။ ဒါပေမဲ့လည်း နောက်ဆုံးတော့ ၀-၁ ဆိုတဲ့ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့တယ်။ ပြီးခဲ့တဲ့ ကြားရက်မှာ ပွဲကြိုကစားပြီး လီဗာပူးလ်က သရေကျခဲ့တာကို အာဆင်နယ်က အခွင့်ကောင်းမယူနိုင်ခဲ့ဘူး။ တကယ်လို့ ဒီပွဲမှာ အာဆင်နယ်နိုင်ခဲ့ရင် ပွဲတူ ၅မှတ်အကွာကို ရောက်လာမယ်။ မနက်ဖြန်မှာ လီဗာပူးလ်က အီတီဟတ်မှာ မန်စီးတီးနဲ့ ကစားရမယ်။ ဒီလိုအခွင့်အရေးကောင်းကို အာဆင်နယ်က သူ့အိမ်ကွင်းမှာတင် လက်လွှတ်လိုက်ရတာဖြစ်တယ်။ အဓိက တိုက်စစ်ကစားသမား လေးယောက်လောက် တပြိုင်တည်းဒဏ်ရာရနေတာက အာတီတာအတွက်လည်း အတော်ကို မလွယ်ကူတဲ့အခြေအနေမျိုးပါ။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / Premierleague ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ဖြစ်ပါတယ်။ #RangoonSportMedia #perspective #PremierLeague #Arsenal #WestHam ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati