
နယူးကာဆယ် ၂-၁ လီဗာပူးလ် နှစ်ပေါင်း ၇၀ကျော်ကြာဆုဖလားလက်မဲ့မှုကို နယူးကာဆယ်အသင်း အဆုံးသတ်နိုင်ခဲ့တယ်။ ပြီးတော့ အင်္ဂလန်ရဲ့ အဆင့်မြင့်ဆုံးဖလားကို အစုံရဖူးတဲ့အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။ နယူးကာဆယ်က ဒီနိုင်ပွဲကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲကို ဗိုလ်လုပွဲနဲ့တူတဲ့ စိတ်ပိုင်းဖြတ်မှုမျိုးနဲ့ ဒီပွဲမှာ ကစားသွားခဲ့တာပဲဖြစ်တယ်။ လီဗာပူးလ်ကတော့ ၆ရက်အတွင်း ဆုဖလားနှစ်လုံးလက်လွှတ်ခဲ့ရတာပဲဖြစ်ပြီး လက်ရှိအချိန်အထိ ဘယ်ဆုဖလားမှ လက်ဝယ်မပိုင်ဆိုင်ထားသေးပါဘူး။ ပွဲအကြောင်းကိုပြောရရင် .. ပထမပိုင်းမှာ နယူးကာဆယ်က ဗိုလ်လုပွဲတပွဲကို ချဉ်းကပ်တဲ့ပုံစံအတိုင်းအကောင်းဆုံး ချဉ်းကပ်လာနိုင်ခဲ့တယ်။ ခံစစ်အရမ်းလုံတယ်၊ တိုက်စစ်က အလေအလွင့်မရှိဘူး။ ဒီလိုနဲ့ပဲ ပထမပိုင်းပြီးခါနီးမှာ ဦးဆောင်ဂိုးရတယ်။ လီဗာပူးလ်ကတော့ ပထမပိုင်းမှာ သူတို့လည်း ခပ်အေးအေးကစားပြီး ပွဲကိုချဉ်းကပ်တယ်ဆိုပေမဲ့ အလုပ်မဖြစ်တဲ့ ဒီယက်၊ ဂျိုတာ၊ ဆာလာ တို့ တိုက်စစ်တွဲကြောင့် ပြိုင်ဘက်အသင်းက ဖိအားလျော့ခဲ့တယ်။ ဂျိုတာ က ဒဏ်ရာက ပြန်လာကတည်းက အခုထိ ကောင်းကောင်းမွန်မွန်ခြေစွမ်းမပြနိုင်သေးပါဘူး။ အာနီစလော့အနေနဲ့ သူယုံကြည်ရတဲ့ကစားသမားကိုပဲ ဗိုလ်လုပွဲလိုမျိုးမှာ ပွဲထုတ်တာလက်ခံလို့ရပေမဲ့ ဂျိုတာ က ရုပ်ပိုင်းဆိုင်ရာအရကို အဆင်ပြေတဲ့ပုံစံမျိုးမှာ ရှိမနေဘူး။ ဒုတိယပိုင်းမှာလည်း ဘာအပြောင်းအလဲမှမလုပ်ဘဲ လီဗာပူးလ်ကို ပွဲကို ပြန်စတယ်။ ဂိုးရဖို့လိုအပ်နေတဲ့ လီဗာပူးလ်တိုက်စစ်က အဆိပ်မဲ့လွန်းပြီး အီဆက်ရဲ့ ဒုတိယဂိုးကိုပါ ခွင့်ပြုလိုက်ရတယ်။ အဲဒီတော့မှ ဂျိုတာနဲ့ကိုနာတေးကိုထုတ်တယ်။ နူညက်နဲ့ကာတစ်ဂျုံးကို ထည့်တယ်။ ဒီနေရာမှာလည်း အာနီစလော့ လိုအပ်ချက်ရှိသွားတယ်။ ပုံမှန်အားဖြင့်တိုက်စစ်ဆင်ဖို့လိုအပ်ချိန်မှာ ကာတစ်ဂျုံးထက်အရင်ဝင်လာသင့်သူက အီလီယော့ဖြစ်သင့်တာ။ အီလီယော့က ပွဲချိန် ၇၄မိနစ်မှ ခီယေဆာနဲ့အတူ ဝင်လာတယ်။ အီလီယော့ဝင်လာမှ လီဗာပူးလ်တိုက်စစ်က နည်းနည်းလေး စိတ်လှုပ်ရှားစရာကောင်းလာတယ်။ ဒါပေမဲ့ တဖက်က ကာဆယ်က ဂျိုလင်တန်ရဲ့ ရုပ်ပိုင်းဆိုင်ရာသန်မာမှု၊ တိုနယ်လီနဲ့ ဂွီမာရေးတို့ရဲ့ နည်းစနစ်ပိုင်းကြေညက်တဲ့ကွင်းလယ်ပိုင်းကြောင့် လီဗာပူးလ်အနေနဲ့ တိုက်စစ်ကို စိတ်အေးလက်အေးဆင်ခွင့်မရဘူး။ တိုက်စစ်မှာ လူတွေစုပြုံပြီးထည့်တဲ့အပြင် ဗန်ဒိုက်ကို အမြင့်ဘောအားကိုးဖို့အတွက် တိုက်စစ်မြှားဦးအထိတင်လိုက်တာတောင် အမြင့်ဘောတွေမှာ လီဗာပူးလ်က သိသိသာသာ အသာမရခဲ့ဘူး။ တကယ်တမ်းမှာ လီဗာပူးလ်က ဂိုးရဖို့ နီးနီးစပ်စပ်တောင်သိပ်မရှိခဲ့ဘဲ ကာတစ်ဂျုံးရဲ့ ကန်ချက် နစ်ပုတ် ပုတ်ထုတ်ခဲ့တာလောက်ပဲ ရင်ခုန်စရာပါ။ ဒါပေမဲ့ နာကျင်အချိန်ပို ၉၀+၄ မိနစ်မှာတော့ အီလီယော့ရဲ့ ဖန်တီးပေးမှုကို ခီယေဆာ က ချေပဂိုးသွင်းလိုက်လို့ လက်ကျန် ၄မိနစ်ကတော့ ဗိုလ်လုပွဲတပွဲပုံစံ ရင်ခုန်စရာကောင်းခဲ့တယ်။ ဒါပေမဲ့ မိနစ်ကိုးဆယ်လုံးလုံး အဘက်ဘက်က သာခဲ့တဲ့ နယူးကာဆယ်အနေနဲ့ ဒီလက်ကျန်မိနစ်လေးကိုတော့ အမှားအယွင်းမရှိအောင်ထိန်းသိမ်းနိုင်ခဲ့ပြီး ဆုဖလားကို အရယူနိုင်ခဲ့တာပဲ ဖြစ်တယ်။ ပွဲကိုကြည့်နေရင်းနဲ့ လီဗာပူးလ်က ပီအက်ဂျီနဲ့ပွဲတုန်းက ခံစားချက်မျိုး ဒီပွဲမှာလည်း သူတို့ ခံစားနေရပုံရတယ်။ ကွင်းလယ်က ဂရာဗင်ဘတ်ရဲ့ ကစားပုံ၊ စိတ်အားထက်သန်မှုတွေကလည်း မေးခွန်းထုတ်စရာ။ အီလီယော့၊ ကာတစ်ဂျုံး တို့လို လူငယ်ပလေယာတွေဝင်လာမှ လီဗာပူးလ်ကစားပုံက ကြွတက်လာပြီး ခီယေဆာရဲ့ ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုရပါမယ်။ ဘာပဲဖြစ်ဖြစ် .. နယူးကာဆယ်အတွက်တော့ ပုံစံကောင်းတစ်ခုနဲ့ ၃နှစ်အကြာရှေ့ဆက်ပြီးနောက်မှာ ဖလားတလုံးဈေးဦးပေါက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ကွန်ဂရက်ကျူလေးရှင်းပါ.. နယူးကာဆယ်ရေ .. ရေးသားသူ/ ထွန်းဇော်ဝင်း ဓာတ်ပုံ / EFL #RangoonSportMedia #article #perspective #castle #liverpool #CarabaoCupFinal ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati