
စပါး ၁-၀ မန်ယူနိုက်တက် အညံ့ချင်းပြိုင်ကြတဲ့ပွဲမှာ ယူနိုက်တက်က နိုင်သွားတယ်လို့တောင် တင်စားရမလိုပါပဲ။ ယူနိုက်တက်က ဒီရှုံးပွဲကြောင့် အဆင့် ၁၅ နေရာအထိရောက်သွားတယ်။ အနိုင်ရခဲ့တဲ့စပါးအသင်းကတော့ အဆင့် ၁၂ နေရာကို ရောက်တယ်။ အရမ်းကြီးတော့ ထူးခြားသွားတဲ့အခြေအနေမျိုးမဟုတ်ပါဘူး။ ပွဲအကြောင်းနဲ့ပတ်သက်ပြီးတော့လည်း ထွေထွေထူးထူးပြောစရာမရှိဘူးလို့ပဲ မြင်မိတယ်။ နှစ်သင်းစလုံး အခွင့်အရေးတွေလွဲချော်ကြတယ်၊ ကစားပုံတွေမှာ လိုအပ်ချက်တွေများတယ်။ အဲဒီထဲကမှ စပါးကတော့ သွင်းဂိုးတစ်ဂိုးရတယ်၊ အနိုင်သုံးမှတ်ရတယ်။ ဒါဆိုရင် ဒီပွဲနဲ့ပတ်သက်ပြီး လုံလောက်ပြီလို့တောင် ဆိုရမယ်။ ပြောစရာက .. ယူနိုက်တက်ရဲ့ ပြဿနာတွေကို ပြောချင်တယ်။ အာမိုရင်မရောက်ခင်တုန်းက ယူနိုက်တက် အဆင့် ၁၃မှာရှိတယ်။ အာမိုရင်ရောက်ပြီးတော့ အဆင့် ၁၅ ဖြစ်သွားတယ်။ ယေဘုယျအားဖြင့်ဆိုရင်တော့ ဒီလိုမျိုးဖြစ်သွားတာက အာမိုရင်အပေါ်မှာ အပြစ်တင်ချင်စရာကောင်းတယ်ဆိုပေမဲ့.. ယူနိုက်တက်အနေနဲ့ ဖာဂူဆန်အလွန်ကတည်းက နည်းပြတွေအပေါ်မှာ အပြစ်ပုံချခဲ့တဲ့ ဓာတ်ပြားဟောင်းကို အဆုံးသတ်ပစ်လိုက်ဖို့ ဖြစ်သင့်နေပါပြီ။ တကယ်တမ်းမှာ နည်းပြတွေ ပြောင်းလဲလိုက်တိုင်း ယူနိုက်တက်က ပြောင်းလဲမလာတာက သေချာအဖြေရှာဖို့လိုအပ်နေတဲ့အပိုင်းပါ။ အထူးသဖြင့် ကိုယ့်အသင်းက ပုံရိပ်မြင့်တဲ့အသင်း၊ ဝင်ငွေကောင်းတဲ့အသင်း၊ အဲဒီအတွက် ကစားသမားတွေကို ပြောင်းရွှေ့ကြေးမတန်တဆပေးဖို့လည်းဝန်မလေးသလို၊ လစာတွေအများအပြားပေးဖို့လည်း ဝန်မလေးတဲ့အသင်းဖြစ်နေတယ်။ အဲဒါကပဲ ဥရောပမှာ ယူနိုက်တက်ကို ကျဆုံးစေတာလို့မြင်မိတယ်။ တကယ်တမ်းမှာ ဘောလုံးက ဘယ်လောက်ပဲ အကျိုးစီးပွားဆန်ပါတယ်ပြောပြော ဒီကလပ်အသင်း၊ ဒီအမှတ်တံဆိပ်၊ ဒီကလပ်ရဲ့အငွေ့အသက်တွေ၊ ပရိသတ်တွေအပေါ်မှာ လေးစားမှုရှိတဲ့ ကစားသမားတွေကို လိုအပ်ပါတယ်။ ကိုယ့်အသင်းကို ကျော်ကြားမှုအရ၊ ငွေကြေးအရ လာရောက်ကစားချင်ကြတဲ့ကစားသမားတွေကိုတော့ အရမ်းကြီးမလိုအပ်ပါဘူး။ မနေ့က ကြည့်ဖြစ်လိုက်တဲ့အခါ အလွန်ကို စိတ်ပျက်မိတာက .. ယူနိုက်တက်အသင်းက တပတ်တာဘောလုံးကစားဖို့ရှိလို့သာ ကစားနေကြတဲ့ကစားသမားတွေကိုသာ တွေ့ရပြီး သူတို့အနေနဲ့ မိနစ်ကိုးဆယ်ပြီးရင် ပြီးပြီလို့ပဲ တွေးထားကြပုံရတယ်။ အဲဒီလို စိတ်ထားမျိုးအများအပြားနဲ့ကစားသမားတွေကို ကမ္ဘာကျော်နည်းပြ ငါးယောက်လောက် စုပြုံကိုင်တွယ်ပေးလည်း ရလဒ်ကောင်းလာမှာမဟုတ်ဘူး။ အရင်ဆုံး ယူနိုက်တက် လုပ်သင့်တာက နည်းပြကို ဖြုတ်ရေးမဟုတ်ဘူး။ အာမိုရင်ကလည်း သူ့အနာဂတ်ထက် အသင်းရဲ့အနာဂတ်ကိုတောင် ပိုရင်လေးကြောင်း အဲဒီသဘောဆန်တဲ့စကားမျိုး အင်တာဗျူးမှာ ပြောခဲ့သေးတယ်။ တကယ်တမ်း ယူနိုက်တက်အနေနဲ့ ဒီရာသီမှာ တန်းမဆင်းရရင်ပြီးရောဆိုပြီး .. ကစားသမားတွေကို မြေလှန်ဖို့စဉ်းစားသင့်တယ်။ အာမိုရင် က ရက်ရှ်ဖို့ဒ်ကို အငှားချလိုက်တယ်။ အန်သိုနီကို အငှားချလိုက်တယ်။ ညက စပါးနဲ့ပွဲမှာ တကယ့်အားကိုးရတဲ့ အာမက်က မပါနိုင်ဘူး။ တိုက်စစ်မှာ ဟွိုက်လန်း၊ ဇက်ခ်ဇီး၊ ဂါနာချို တို့ ပွဲထွက်လာတယ်။ အဲဒီ ၃ယောက်ထဲမှာ ဂါနာချိုက အလားအလာအရှိဆုံးလူငယ်ကစားသမားတယောက်။ ဒါပေမဲ့ သူ့ရဲ့ ကစားပုံကတော့ မေးခွန်းထုတ်စရာကောင်းတယ်။ အထူးသဖြင့် အပိုင်အခွင့်အရေးကို မိုးပေါ်ထောင်ကန်ပြီးတဲ့နောက်မှာ သူ့ရဲ့ ကစားပုံရော၊ ထိုးဖောက်ပုံရောက ကျဆင်းသွားတယ်။ ဒါက တိုက်ဆိုင်မှုပဲဆိုဆို ဒီလိုအခြေအနေမျိုးက မဖြစ်သင့်ဘူး။ ပိုပြီး ကြိုးစားရမယ်၊ ပိုပြီးအခွင့်အလမ်းတွေရှာဖွေရမယ့်အခြေအနေမှာ . ကိုယ်တိုင်ပျောက်ဆုံးသွားတယ်။ အဆိုးဆုံးက ယူနိုက်တက်ရဲ့ အရံခုံတန်းမှာ စီနီယာအဆင့်ဆိုလို့ လင်ဒီအော့ဖ် တယောက်ပဲ ပါလာတယ်။ ဒါကြောင့်ပဲ ယူနိုက်တက်က မိနစ် ၉၀ ပြည့် ပွဲထွက် ၁၁ယောက်စလုံးကို အသုံးပြုခဲ့ရတယ်။ ဒီလိုအခြေအနေမှာ အာမိုရင်လည်း ဘာမှမတတ်နိုင်တာမထူးဆန်းဘူး။ ဖရိုဖရဲဖြစ်နေတဲ့ဘောလုံးအသင်းတစ်သင်းကို နည်းစနစ်ရှုထောင့်တွေ၊ နည်းဗျူဟာရှုထောင့်တွေက ချဉ်းကပ်တာမျိုးလည်း မလုပ်ချင်ဘူး။ အရင်ဆုံး ယူနိုက်တက်က ကစားသမားတွေအားလုံးက အသင်းအတွက် တူညီတဲ့စိတ်ထားမှုတွေ၊ ရုန်းကန်မှုတွေ ကို အရင်တည်ဆောက်ဖို့လိုတယ်။ အဲဒီလိုကစားသမားမျိုးတွေကိုလည်း ရှာဖွေဖို့လိုတယ်။ နည်းပြတယောက်ဝင်လာလိုက် သူနဲ့ အဆင်ပြေတဲ့ကစားသမားတွေပါလာလိုက်၊ နည်းပြပြန်ထွက်သွားလိုက် အဲဒီကစားသမားတွေနေရာပျောက်သွားလိုက် ဆိုတဲ့ အခြေအနေမျိုးကိုလည်း ပြောင်းလဲပစ်ဖို့လိုတယ်။ အခုချိန်မှာ မြင်မိတာက ယူနိုက်တက် ညီညွှတ်မှုမရှိတဲ့ ဘောလုံးအသင်းတစ်သင်းလို့ပဲ မြင်မိနေတယ်။ ဒါကို .. အရင်ဆုံး ပြောင်းလဲပစ်မှကို ယူနိုက်တက် ပြန်ပြီး အဆင်ပြေမှာပါ။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / Premierleague ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ဖြစ်ပါတယ်။ #RangoonSportMedia #perspective #PremierLeague #Spurs #manchesterunited ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati