
ပွဲပြီးအတွေးအမြင်များ .. (၁၃၆) ဒီရာသီ ဥရောပထိပ်တန်းလိဂ်တွေထဲမှာ အကြိတ်အနယ်အရှိဆုံးလို့ ဆိုရမယ့် စပိန်လာလီဂါပြိုင်ပွဲက အခုဆိုရင် ၂၆ကို ရောက်လာခဲ့ပြီ။ ရှေ့ရက်မှာ အဓိက ပြိုင်ဘက် ရီးရဲလ်ရဲ့ ရှုံးနိမ့်မှုကို ဘာစီလိုနာက အခွင့်အရေးယူနိုင်ခဲ့တယ်လို့ ဆိုရမယ်။ ဒီနိုင်ပွဲကြောင့် ဘာစီလိုနာက ရီးရဲလ်ကို ၄မှတ်ဖြတ်၊ ဒုတိယနေရာက အက်သလက်တီကိုထက် တစ်မှတ်အသာနဲ့ ဇယားထိပ်မှာ ဆက်လက်ရပ်တည်နေတယ်။ ပွဲအကြောင်းကတော့ အရမ်းကြီးပြောစရာမရှိဘူး။ ပုံမှန်ဆို ဆိုစီဒက်လိုအသင်းက အသင်းကြီးတွေကို တုန့်ပြန်နိုင်စွမ်းမြင့်မားတာကြောင့် ဒီပွဲမှာ ဘာစီလိုနာအနေနဲ့ ခက်ခက်ခဲခဲကစားရနိုင်တယ်လို့ ယူဆချင်စရာကောာင်းပေမဲ့ ပွဲချိန် ၁၇မိနစ်မှာတင် ဆိုစီဒက်အသင်းခေါင်းဆောင် အလူစတုန်ဒို အနီကတ်ပြခံလိုက်ရတာကြောင့် ပွဲက တဖက်သတ်ဖြစ်သွားခဲ့တယ်။ အဲဒီအလုံးမှာ အနီကတ်က ပြကိုပြရမယ့်အနီကတ်လို့ ဆိုရမှာပါ။ နောက်ပြီးတော့ ပွဲချိန် ၄မိနစ်လောက်မှာ ဆိုစီဒက်ရဲ့ သွင်းဂိုးက မဆိုစလောက်လေး လူကျွံဘောဖြစ်သွားတာကလည်း ဘာစီလိုနာကို အဖက်ဖက်က လွယ်ကူတဲ့နိုင်ပွဲတပွဲဖြစ်သွားစေခဲ့တယ်လို့ဆိုရမယ်။ ပွဲရဲ့အချက်အလက်တွေအရ ဆိုစီဒက်က ဂိုးကန်သွင်းမှုတကြိမ်မှမရှိ၊ ဘောလုံးပိုင်ဆိုင်မှု ၂၄%၊ ဘာစီလိုနာရဲ့ ပြိုင်ဘက်ကွင်းအခြမ်းမှာ အပေးအယူ ၈၈% ရာခိုင်နှုန်း(အကြိမ် ၅၀၀ ကျော်ပြုလုပ်) ဆိုတဲ့ အချက်အလက်တွေကြောင့်လည်း ဒါက ပွဲကောင်းတပွဲလို့ ဆိုလို့မရတော့ဘူး။ တကယ့်ကို တဖက်သတ်ဆန်ဆန်ပွဲတပွဲဖြစ်ခဲ့ပြီး ဘာစီလိုနာက အချိန်တော်တော်များများမှာ ကွင်းရဲ့ ၄့ပုံ ၃ပုံလောက်အထိ ရှေ့ကို တက်ကစားနေတာတွေ၊ ဆိုစီဒက်ရဲ့ လူကျွံဘောတလုံးမှာဆိုရင် ဘာစီလိုနာဘောလုံးဆုံးရှုံးသွားတဲ့နေရာနဲ့ ဘာစီလိုနာ ခံစစ်လိုင်းမြှင့်လိုက်တဲ့နေရာနဲ့က ၁၀မီတာလောက်ပဲ ကွာတယ်။ အဲဒါကြောင့် ဆိုစီဒက်က လွတ်လွတ်ကျွတ်ကျွတ်ဆွဲပြေးပြီးကန်တာ ဘားတန်းထိပေမဲ့ လူကျွံဘောဖြစ်သွားခဲ့တယ်။ ဂိုးတွေကတော့ ဘာစီလိုနာရဲ့ အဖွင့်ဂိုးကလွဲပြီး ကျန်တဲ့ဂိုးတွေကတော့ ထွေထွေထူးထူးပြောစရာမရှိဘူး။ လီဝန်သွင်းဂိုး၊ ကာဆာဒို သွင်းဂိုးတွေဆိုရင် လမ်းကြောင်းပြောင်းပြီးဂိုးတာ။ ပြီးတော့ ထောင့်ကန်ဘောက နှစ်ဂိုး။ အဖွင့်ဂိုးကတော့ သေသေသပ်သပ်ရှိတယ်။ ယာမယ်၊ အိုလမို၊ ပြီးတော့ မာတင်ရဲ့ အဆုံးသတ်။ မာတင်က လာမာစီယာထွက်မဟုတ်ပေမဲ့ ဒီရာသီ ဘာစီလိုနာအတွက် ၂၄ပွဲအထိ ကစားပေးထားတယ်။ အသက်ကလည်း ၂၃နှစ်သာရှိသေးပြီး အရပ်အမောင်းလည်းကောင်းတယ်။ ဒီပွဲမှာ သူ့ရဲ့ခြေစွမ်းလည်းအတော်လေးကောင်းတယ်။ အကောင်းဆုံးကတော့ အိုလမို လို့ ပဲ မြင်တယ်။ လိုင်းတွေကြားထဲ၊ နောက်ခံလူတွေကြားထဲ ဘောလုံးလက်ခံပုံ၊ သူ့ရဲ့ အမြင်တွေက ယာမယ်၊ ရာဖင်ညာ၊ လီဝန်ဒေါစကီးတို့အတွက် ကစားရပိုချောင်စေတယ်။ သူနဲ့ ပီထရီ တို့ရဲ့ ဖိအားတွေအောက်ကနေ ဘောလုံးကိုင်ကစားနိုင်စွမ်းက ဘာစီလိုနာအသင်းကို နောက်ထပ်လယ်ဗယ်တခုကို ရောက်နေစေသလိုပဲ။ အဖွင့်ဂိုးမှာဆိုရင် အိုလမိုက ၁၈ကိုက်စည်းထဲကနေ မာတင်ဆီကို ဖန်တီးပေးလိုက်တာက သွေးအေးတည်ငြိမ်လွန်းတယ်။ အဲဒီဂိုးမှာ ယာမယ်ရဲ့ ပြိုင်ဘက်နှစ်ယောက်စီကျော်ဖြတ်ပြီး အိုလမိုဆီပေးလိုက်တာကလည်း အတော်လေးသပ်ရပ်လွန်းတယ်။ အထက်မှာပြောခဲ့သလိုပဲ အဲဒီဂိုးတစ်ဂိုးပဲ အရသာရှိပြီး ကျန်တဲ့ဂိုးတွေကတော့ အစစရာရာ အသာစီးရထားတဲ့အသင်းတွေတဲ့ပုံစံအတိုင်း သွင်းဂိုးတွေရခဲ့တာလို့ ဆိုရမယ်။ ဒီရာသီမှာ ဘာစီလိုနာရဲ့ ကစားပုံက တကယ့်ကို ကြိုးတန်းလမ်းလျှောက်ကစားပုံ။ အသည်းယားစရာလည်းကောင်းတယ်၊ အထူးသဖြင့် ခံစစ်လိုင်းကို အမြင့်ဆုံးထားကစားတယ်၊ ခံစစ်ကစားချိန်မှာတောင် လူအများကြီးအသုံးမပြုတာတွေက တကယ့်ကျဉ်းထဲကြပ်ထဲတွေမှာ နိုင်ပွဲရပါ့မလားဆိုတာ သံသယဝင်စရာကောင်းတယ်။ ဒါပေမဲ့လည်း အခုထိ ဘာစီလိုနာက လာလီဂါမှာ ဦးဆောင်နေတယ်၊ ချန်ပီယံလိဂ်မှာလည်း တိုက်ရိုက်နဲ့ ၁၆သင်းအဆင့်တက်ထားတာဖြစ်လို့ .. ဒီအသင်းက လက်ရှိမှာ ဖျော်ဖြေမှုရော၊ ရလဒ်တွေရော ကောင်းနေတဲ့အသင်းလို့ပဲ ဆိုရလိမ့်မယ်။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / FC Barcelona #RangoonSportMedia #perspective #LaLiga #barcelona #Sociedad ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati