
မန်စီးတီး ၂-၃ ရီးရဲလ် ၂၀၂၄/၂၅ ဘောလုံးရာသီမှာ မန်စီးတီးရဲ့ ကျဆုံးခန်းတွေကို ဆက်တိုက်ဆက်တိုက်ကို မြင်နေရတယ်။ မိနစ် ၈၀ အထိ ၂-၁ ဦးဆောင်နေတယ်၊ အိမ်ကွင်းလည်းဖြစ်တယ်၊ ရှုံးထွက်အဆင့်လည်းဖြစ်တယ်၊ ဒီလိုအခြေအနေမျိုးမှာ ချေပဂိုးရော၊ အနိုင်ဂိုးပါခွင့်ပြုပေးလိုက်ရတဲ့ မန်စီးတီးက အံ့အားစရာကောင်းလောက်အောင်ကို ကျဆုံးသွားတာလို့ဆိုရမယ်။ ရီးရဲလ်ကတော့ မန်စီးတီးကို ဘယ်လိုကစားရမလဲဆိုတာ သူတို့ကောင်းကောင်သိတယ်။ အဲဒီအတိုင်းလည်း ဒီပွဲမှာ ကစားနိုင်ခဲ့တယ်။ အနိုင်ရလဒ်ပါရခဲ့တယ်။ ပွဲအကြောင်းကိုပြောရရင် .. ဒီပွဲမှာ နောက်တန်းကစားသမား ၅ယောက်အထိ မန်စီးတီးရဲ့ ပွဲထွက်စာရင်းမှာပါခဲ့တယ်။ တိုက်စစ်ပိုင်းမှာ ဒီဘရိုင်း၊ ဘာနာဒိုဆေးဗား၊ ဆယ်ဗင်ညို၊ ဂရီးလစ်ရှ်၊ ဟာလန်း တို့ အစုအဖွဲ့နဲ့ ထိုးဖောက်ဖို့ကြိုးစားတယ်။ တကယ်တမ်း ပထမပိုင်းမှာ မန်စီးတီးက ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့တယ်ဆိုပေမဲ့ ဂိုးသွင်းခွင့်တွေပိုရခဲ့တာ ရီးရဲလ်ပါ။ ရီးရဲလ်က ဒီပွဲမှာ ၄-၂-၂-၂ ဆိုတဲ့ ပုံစံနဲ့ ချဉ်းကပ်ခဲ့ပြီး .. တိုက်စစ်မှာ ဗင်နီနဲ့အမ်ဘာပေတို့က တတန်းထဲနေရာယူတယ်။ ဘာလင်ဂမ်က ဘယ်ခြမ်းထွက်ကစားပြီး၊ ရိုဒရီက ညာခြမ်းမှာကစားတယ်။ ဘောလုံးဆုံးရှုံးချိန်တွေမှာ ၄-၄-၂ နဲ့ ၄-၂-၄ ကို အလျင်းသင့်သလိုပြောင်းပြီး မန်စီးတီးကို ရင်ဆိုင်တယ်။ မန်စီးတီးရဲ့ အဖွင့်ဂိုးကတော့ ဂဗာဒီယောရဲ့ တိုက်စစ်လိုက်ပါမှုကို ချီးကျူးရမှာဖြစ်ပြီး သူ့ရဲ့ဖန်တီးပေးပို့မှုကြောင့်ပဲ ဟာလန်းက ရီးရဲလ်ဘက်ကို ပထမဆုံးသွင်းဂိုး သွင်းယူနိုင်ခဲ့တယ်။ ဂိုးရပြီးနောက်ပိုင်းမှာ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုကိုအသားပေးပြီး ပွဲကို စိုးမိုးဖို့ကြိုးစားတယ်။ ခက်တာက တဖက်က ရီးရဲလ်က ဘောလုံးရတာနဲ့ ဘာလင်ဂမ်၊ ဗင်နီတို့ဆီ လျင်လျင်မြန်မြန်ပို့ပြီး တိုက်စစ်ကို စ တယ်။ အဲဒါကြောင့်ပဲ ပွဲက အပြန်အလှန်ပုံစံမျိုးဖြစ်ခဲ့ပြီး ပထမပိုင်းမှာတင် ရီးရဲလ်လည်း ဂိုးရနိုင်လောက်တဲ့အခွင့်အရေးတွေ၊ ကန်သွင်းမှုတွေရခဲ့တဲ့ အထူးသဖြင့် အမ်ဘာပေနဲ့ဗင်နီတို့ အခွင့်အရေးတွေ ရခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ဘူး။ မန်စီးတီးက ပထမပိုင်းမှာ ဂရီးလစ်ရှ်နာသွားတာက သူတို့ကစားချင်တဲ့ပုံစံကို အပြည့်အဝမကစားနိုင်ဘူးလို့ဆိုရမယ်။ ဒါပေမဲ့ ၁-၀ ဆိုတဲ့ရလဒ်နဲ့ ပထမပိုင်းကို ပိတ်သိမ်းနိုင်ခဲ့တာက မန်စီးတီးအတွက်မဆိုးဘူးပေါ့။ ဒုတိယပိုင်းမှာ မန်စီးတီးက အကန်ဂျီ နေရာမှာ ရီကိုလူးဝစ်ကို ထည့်တယ်။ တကယ်တမ်းဒုတိယပိုင်းမှာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တာက ရီးရဲလ်ဖြစ်နေတယ်။ ရီးရဲလ်ရဲ့တိုက်စစ်က နေရာစုံရွေ့လျားပြီး မန်စီးတီးခံစစ်ကို ဖိအားပေးနိုင်ခဲ့တယ်။ မန်စီးတီးက သူတို့ထုံးစံအတိုင်း ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။ တချိန်တုန်းက မန်စီးတီးက ပွဲကို ထိန်းချုပ်ရာမှာ သက်သောင့်သက်သာရှိပေမဲ့ အခုတော့ သူတို့ ပွဲကို ထိန်းချုပ်နိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားနေရတယ်။ မိနစ်၆၀လောက်အထိ ဂိုးကံခေနေတဲ့ အမ်ဘာပေက ဂိုးရချင်တော့လည်း မြေမကျကန်ချက်က ထိချက်မမှန်ပေမဲ့ ဂိုးထဲကို တန်းတန်းမတ်မတ်ဝင်သွားတယ်။ ၁-၁ ဖြစ်သွားချိန်မှာ ရီးရဲလ်က ပွဲရှိန်ကိုပြန်လျှော့တယ်။ ရီးရဲလ်က ပြန်လျှော့တော့ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုပြန်ရလာတယ်။ ဖိုဒန်ကြောင့် မန်စီးတီးပင်နယ်တီရတဲ့အချိန်၊ ဦးဆောင်ဂိုးရတဲ့အချိန်က မိနစ် ၈၀မှာ။ ဒါက မန်စီးတီးလိုအသင်းအတွက် ဒီအနိုင်ဂိုးကို ထိန်းသိမ်းနိုင်ဖို့ အခွင့်ရေးကောင်းတစ်ခုပဲ။ ဒီရာသီမှာ ထုံးစံအတိုင်းပဲ မန်စီးတီးက သူတို့လက်ထဲက အခွင့်အရေးကို ထပ်မံလွှင့်ပစ်လိုက်ပြန်တယ်။ ဒီတစ်ခါတော့ အီဒါဆန်ရဲ့ လူပေးမသေသပ်မှုကနေ ရီးရဲလ်က ချေပဂိုးရတယ်။ ရီကိုလူးဝစ်ရဲ့ ပေါ့ဆမှု၊ အီဒါဆန်ရဲ့ ဆုံးဖြတ်ချက်အမှားတွေကနေ နောက်ထပ်အနိုင်ဂိုးပါ ထပ်ပေးလိုက်ရတယ်။ အဆုံးသတ်မှာ မန်စီးတီးက သူတို့အတွက် ထူးမခြားနားတဲ့ ဇာတ်သိမ်းတစ်ခုကို ပိုင်ဆိုင်သွားတယ်။ ရီးရဲလ်ကတော့ ချန်ပီယံလိဂ်ဘုရင်ဆိုတဲ့အတိုင်းပဲ .. ရှုံးထွက်အဆင့်တွေရောက်လာရင် သူတို့ရဲ့ အစွယ်တွေ၊ အဆိပ်တွေက ပိုမိုထင်ရှားလာတယ်။ ရှုံးထွက်တွေမှာ တဆင့်ပြီးတဆင့် ပိုကောင်းလာလေ့ရှိတဲ့ ရီးရဲလ်အနေနဲ့ အခုဒီရလဒ်က နောက်တဆင့်တက်ဖို့အတွက် အတော်လေးအခြေအနေကောင်းသွားခဲ့ပြီလို့ ဆိုရမယ်။ မန်စီးတီးပရိသတ်တွေကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံစိတ်လျှော့လိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ပဲ ထင်မိတယ်။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / ChampionLeague . Com ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ပဲ ဖြစ်ပါတယ်။ ဒီ .. Application ကို ဒေါင်းလုတ်လုပ်ဖို့ဆိုရင်.. bit.ly/3PI6Olm ဒီကနေ ဒေါင်းလုတ်လုပ်လို့ရပါတယ်ခင်ဗျာ။ #RangoonSportMedia #perspective #championsleague #mancity #realmadrid ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati