
လာမယ့် အပြောင်းအရွှေ့ရာသီမှာ အာနိုးက လီဗာပူးလ်ကနေ အလွတ်ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပူးပေါင်းသွားဖို့ သေချာသလောက်နီးပါးဖြစ်နေပြီ။ လီဗာပူးလ်အသင်းအနေနဲ့ အာနိုးလို အသက် ၂၆နှစ်အရွယ်၊ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် ညာနောက်ခံလူအတွက် တပြားမှမရဘဲ လက်လွှတ်ဆုံးရှုံးရတာကတော့ ရင်နာစရာကောင်းပါတယ်။ ဒီအပြောင်းအရွှေ့မှာ လူအထွေထွေ၊ ခံစားချက်အမျိုးမျိုး၊ တုန့်ပြန်ပုံအမျိုးမျိုးရှိတတ်ကြပါတယ်။ အချို့က အာနိုးကို စိတ်နာကြတယ်၊ အချို့က အသင်းပိုင်ရှင်တွေညံ့လို့လို့ ဆိုကြတယ်၊ အချို့က မဆီမဆိုင် ရီးရဲလ်ကို အချိုအချောင်နှိုက်တဲ့အသင်းဆိုပြီး စွပ်စွဲကြပြန်သေးတယ်။ ဘယ်အရာကမှ တိကျတဲ့အချက်အလက်နဲ့သက်သေပြနိုင်တာမျိုးမဟုတ်တာကြောင့် ဒီဖြစ်ရပ်မှာ အမှားအမှန်မရှိဘူးလို့ပဲ ကျနော်ကတော့ ယူဆတယ်။ အာနိုးအနေနဲ့ လီဗာပူးလ်ထွက်ဖို့ အကြောင်းပြချက်ကောင်းမြောက်မြားစွာရှိလိမ့်မယ်၊ အဲဒီလိုပဲ လီဗာပူးလ်မှာဆက်နေမယ်ဆိုရင်လည်း အကြောင်းပြချက်ကောင်းမြောက်မြားစွာ ရှိနေဦးမှာပဲ။ လီဗာပူးလ်မှာမွေး၊ လီဗာပူးလ်မှာကြီးပြင်းလာပြီး၊ လီဗာပူးလ်အကယ်ဒမီက ထွက်လာတဲ့ လီဗာပူးလ်သားစစ်စစ်တယောက်က လီဗာပူးလ်ကို စွန့်ခွာသွားတဲ့ခံစားချက်ကတော့ ဝမ်းနည်းစရာကောင်းတာအမှန်ပါပဲ။ အာနိုးက လီဗာပူးလ်နဲ့အတူ ဆုဖလားအစုံရဖူးတယ်။ အနာဂတ်ရဲ့အသင်းခေါင်းဆောင်လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီနေရာမှာတခုရှိတာက အသက် ၂၆နှစ်အရွယ်ကစားသမားတယောက်ကို အခုချိန်မှာမှ အသင်းခေါင်းဆောင်အဖြစ်မပေးနိုင်တာကတော့ လီဗာပူးလ်ရဲ့ အားနည်းချက်ဖြစ်လိမ့်မယ်။ အာနိုး လီဗာပူးလ်က ဘာကြောင့် ထွက်ခွာရသလဲ .. ? ဆိုတဲ့ အကြောင်းအရင်းက ဒီအချိန်မှာ အရေးမကြီးတော့ဘူးလို့တောင် ထင်မိတယ်။ ဘာလို့လည်းဆိုတော့ ထွက်သွားပြီးရင် ဘယ်လိုအကြောင်းရင်းတွေ၊ ဘယ်လိုအကြောင်းပြချက်တွေကမှ အလုပ်မဖြစ်တော့ဘူး။ ဘာလို့လည်းဆိုတော့ ထွက်သွားတဲ့သူက ထွက်သွားပြီဆိုရင် ဒါက "ထွက်သွားတယ်" ဆိုတာ တည့်တည့်အမှန်တရားပဲ။ ဒါကိုပဲ ရင်ဆိုင်ရမှာ။ အထက်မှာ ပြောခဲ့သလို အကြောင်းပြချက်တွေဆိုတာကတော့ ကိုယ့်ဆုံးဖြတ်ချက်ကိုယ် ကာကွယ်ဖို့အတွက် ဆင်ခြေတခုပါပဲ။ ကျန်ခဲ့တဲ့ လီဗာပူးလ်ပရိသတ်တွေအနေနဲ့ အာနိုးကို မုန်းတီးနေစရာလည်းမလိုသလို၊ နှမျောတသသဖြစ်နေစရာလည်း မလိုတော့ပါဘူး။ အတူရှိခဲ့ဖူးတုန်းက ပျော်စရာ၊ နာကျင်စရာ အမှတ်တရတွေကို သိမ်းဆည်းလိုက်ရင်း ရှေ့ဆက်ကြရမှာပဲမဟုတ်လား။ အခုချိန်မှာ အာနိုးအတွက် ဂုဏ်ပြုနှုတ်ဆက်ပွဲမျိုးမလုပ်နိုင်ဘူးဆိုရင်တောင် သူစွမ်းဆောင်ပေးခဲ့တာတွေကိုထောက်ထားပြီး အငြှိုးတကြီးတိုက်ခိုက်တာမျိုးကိုလည်း မလုပ်သင့်ဘူးလို့ပဲထင်ပါတယ်။ ဒါက ကျနော်တို့ မျှော်မှန်းထားသလို မဖြစ်လာခဲ့တဲ့ ကစားသမားတယောက်လို့သာ သတ်မှတ်လိုက်ရုံပါပဲ။ လီဗာပူးလ်ဘောလုံးအသင်းက အာနိုးမမွေးခင်ကလည်းရှိနေသလို၊ အာနိုးရှိခဲ့တုန်းကလည်း လီဗာပူးလ်က ရှိခဲ့တယ်၊ အခုအာနိုးထွက်သွားတော့လည်း လီဗာပူးလ်က ရှိနေဦးမှာပဲ မဟုတ်လား။ အခုချိန်မှာ အာနိုး သတင်းက ကောလာဟလဖြစ်ပါစေလို့ ဆုတောင်းနေလို့လည်း မဖြစ်နိုင်တော့ပါဘူး။ လီဗာပူးလ်က အာနိုးနေရာအတွက် သင့်တော်တဲ့ ညာနောက်ခံလူတယောက်ကို ဖြည့်တင်းနိုင်ပါစေလို့ပဲ ဆုတောင်းတာက ပိုပြီးလက်တွေ့ကျပါတယ်။ အခုချိန်မှာ အာနိုး ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘယ်လိုရှုထောင့်၊ ဘယ်လိုခံစားမှုတွေနဲ့ပဲ ပြောပြော။ ကျနော်ကတော့ ဒီဆုံးဖြတ်ချက်က အမှားအမှန်မရှိတဲ့ ဆုံးဖြတ်ချက်လို့ပဲ ယူဆပြီး .. ကိုယ့်ဘာသာ အကယ်ဒမီထွက်ကစားသမားတယောက်ကို လက်လွှတ်ဆုံးရှုံးရတာကြောင့် ဝမ်းနည်းတာကတော့ တပိုင်းပေါ့လေ။ ဘာပဲဖြစ်ဖြစ် . အာနိုး အသင်းသစ်မှာ အဆင်ပြေပါစေလို့ ပရိုတိုကောဆန်ဆန်စကားလုံးတွေနဲ့လည်း မပြောချင်တော့ဘူး။ ဒီအချိန်မှာ အရေးကြီးဆုံးက လီဗာပူးလ်အသင်းရဲ့ အကြိမ် ၂၀ မြောက် အမှတ်ပေးဖလားရရှိဖို့ ကြိုးစားမှုကိုပဲ ပိုအာရုံစိုက်တာက အသင့်တော်ဆုံးပဲမလား။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / Goal . Com #RangoonSportMedia #article #trentalexanderarnold #transfer ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati