
ဘိုင်ယန်မြူးနစ်အသင်းကတော့ နည်းပြ ဗင်းဆင့်ကွန်ပနီရဲ့ ဦးဆောင်မှုအောက်မှာ ရလာဒ်တွေကောင်းမွန်နေခဲ့ပြီး ဘွန်ဒက်လီဂါအမှတ်ပေးဇယားကို ရှစ်မှတ်ဖြတ်ဦးဆောင်ထားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၈ နှစ်သာရှိသေးတဲ့ လူငယ်နည်းပြ ကွန်ပနီဟာ ပြီးခဲ့တဲ့ရာသီတုန်း ရာသီကုန် အဆင့် သုံးသာရခဲ့တဲ့ သောမက်တူချယ်ရဲ့ အသင်းကိုလက်ဆင့်ကမ်းခံယူပြီး ၆ လအကြာမှာ အခုလို ချန်ပီယံလမ်းကြောင်းပေါ် အသင်းကို ပြန်လည်ဆွဲတင်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတာကတော့ ကွန်ပနီဟာ လူမည်းတွေအောင်မြင်ဖို့ ခက်ခဲတဲ့ နည်းပြလောကမှာ အကောင်းဆုံး စွမ်းဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။ သူဟာ ဘွန်ဒက်လီဂါရဲ့ ပထမဆုံး လူမည်းနည်းပြဖြစ်ပြီး ဂျာမာန်ပရော်ဖယ်ရှင်နယ် ဘောလုံးလိဂ်တွေမှာ ရပ်တည်နိုင်တဲ့ ဒုတိယမြောက် လူမည်းနည်းပြလည်း ဖြစ်လာခဲ့ပါတယ်။ ဒီလို တစ်မိပေါက် တစ်ယောက်ထွန်း ကွန်ပနီဟာ မျိုးမှန်လို့ အပင်သန်ခဲ့တာဆိုလည်း မမှားပါဘူး။ အကြောင်းကတော့ သူ့ဖခင် ပီယာရီ (Pierre) ဆိုရင်လည်း ၁၉၇၅ ခုနှစ်တုန်းက ကွန်ဂိုကနေ ဒက္ခသည်အနေနဲ့ ဘယ်ဂျီယံကိုရောက်လာခဲ့ပြီး ၂၀၁၈ မှာ ဘရပ်ဆဲလ်မြို့မှာ မြို့တော်ဝင်ဖြစ်လာပြီး ဘယ်ဂျီယံရဲ့ ပထမဆုံး လူမည်းမြို့တော်ဝင်ဖြစ်လာခဲ့သူဖြစ်ပါတယ်။ ကစားသမားဘဝမှာ အောင်မြင်သမျှ နည်းပြအောင်မြင်မှု မရှိသလောက်ရှားနေတဲ့ လူမည်းတွေအတွက် ကစားသမားဘဝရော နည်းပြဘဝမှာပါ အောင်မြင်နေတဲ့ ကွန်ပနီဟာ အခုချိန်မှာ လူမည်းတွေအတွက် မီးရှူးတန်ဆောင်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ 🔹အကြောက်အလန့်မရှိတဲ့ အစပျိုးမှု ကွန်ပနီရဲ့ ပရော်ဖက်ရှင်နယ်ဘဝကို လှည့်ပြောင်းကြည့်မယ်ဆိုရင် ဘယ်ဂျီယံကလပ် အန်းဒါးလက်ချ် (Anderlrcht) အသင်းက စခဲ့တာဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်ကတည်းက ချန်ပီယံလိဂ် ဒုတိယအဆင့် ခြေစစ်ပွဲဝင်မယ့် အသင်းလူစာရင်းမှာ အဲသည့်အချိန် နည်းပြ ဟူဂို ဘရူးက သူ့ကို ယုံယုံကြည်ကြည်ရွေးချယ်လိုက်တာဖြစ်ပါတယ်။ ၁၇ နှစ်အရွယ်ချာတိတ်ကို ရွေးချယ်ခဲ့တဲ့အပေါ် ဘရူးက "ဒီကောင်လေးကြည့်ရတာ ဘာကိုမှ ကြောက်ရွံ့နေပုံမရဘူး။ သူ့ကို ကြီးမြတ်တဲ့ ကစားသမားတစ်ယောက်ဖြစ်လာမယ်လို့ ချက်ချင်းပဲ ယုံကြည်မိပါတယ်" လို့ သူက ဖြေရှင်းချက်ပေးခဲ့ပါတယ်။ အဲသည်လို ဟူဂိုဘရူးယုံကြည်ခဲ့တဲ့ ချာတိတ်လေး ကွန်ပနီဟာ အီဒင်ဟာဇက်၊ ကော်ဒိုရစ်၊ ဒီဘရိုင်း၊ ဗာမယ်လန်း၊ လူကာကူ စတဲ့ ကစားသမားတွေနဲ့အတူ ဘယ်ဂျီယံရဲ့ ရွှေရောင်မျိုးဆက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဘရူးကတော့ "ဗင်းဆင့် ဟာ သူ့ရွယ်တူ အဲဒီကလေးတွေထက် နည်းနည်းလေး ပိုပြီး ထူးချွန်တယ်" လို့ ထပ်ပြီး ပြောခဲ့သေးတာပါ။ 🔹ဟမ်းဘက်မှ သင်ခန်းစာများ အန်းဒါးလက်ချ်မှာ သုံးရာသီအတွင်း ဘယ်ဂျီယံ ချန်ပီယံနှစ်ကြိမ်ရပြီးတဲ့နောက် ထုံးစံအတိုင်း ကွန်ပနီကို ဥရောပ အသင်းကြီးတွေစပြီး သတိပြုမိလာကြပါတယ်။ အဲသည်တုန်းက ဖာဂူဆန်ရဲ့မန်ယူ၊ မော်ရင်ဟိုရဲ့ ချဲယ်ဆီးလ် ကင်းထောက်တွေ လာရောက်ကင်းထောက်နေတဲ့ကြားနေ ၂၀၀၆ မှာ ဂျာမာန်ကလပ် ဟမ်းဘက်ကို ပေါင် ၇ သန်းနဲ့ ရောက်သွားခဲ့တာဖြစ်ပါိတယ်။ ဒါပေမဲ့ ကွန်ပနီအတွက် စိန်ခေါ်မူအသစ်က အစစအရာရာ အဆင်မပြေခဲ့ဘဲ ကံဆိုးမိုးမှောင်ကျပြီး အမှောင်ဆုံး အချိန်ကာလကိုဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ ဟမ်းဘက်အတွက် ပွဲဘယ်လောက်မှ မကစားရသေးခင် ဒဏ်ရာပြသနာကြုံတွေ့ရတာဖြစ်ပါတယ်။ ကံဆိုးမိုးမှောင်ကျဆိုလို့ အသင်းက တန်းဆင်းဇုန်အန္တာရယ်မှာ ရုန်းကန်နေချိန် သူဟာဘေးထွက်ထိုင်နေရတာပါ။ ဒါ့အပြင် အဲသည့်နှစ်မှာဘဲ သူ့အမေဆုံးသွားခဲ့ပြီး ညီမဖြစ်သူကလည်း ကင်ဆာဖြစ်နေတာကြောင့် ဂျာမနီမှာနေတဲ့တလျှောက် သူ့အတွက် အခက်ခဲဆုံးကာလတွေရင်ဆိုင်ရတာဖြစ်ပါတယ်။ ကွန်ပနီကတော့ အဲသည့်တုန်းက အခက်အခဲတွေနဲ့ပတ်သက်လို့ "တက်လမ်းတလျှောက်မှာ နှိမ့်နှိမ့်ချချ နေထိုင်တတ်ဖို့ ကျွန်တော် သင်ကြားခံရတာပါ" ဆိုပြီး မှတ်ချက်ကလေး ပေးသွားခဲ့ပါတယ်။ ၂၀၀၈ မှာ သူဟာ မန်စီးတီးကိုရောက်လာခဲ့ပြီး အားလုံးသိခဲ့ကြတဲ့ ကွန်ပနီဖြစ်လာခဲ့ပါတယ်။ မန်စီးတီးမှာ ၁၁ နှစ်ကြာ ကစားခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တာပါ။ ပရီးမီးယားလိဂ် ဖလား လေးကြိမ်၊ အက်အေဖလား နှစ်ကြိမ်နဲ့ လိဂ်ဖလား လေးကြိမ် စတဲ့ဆုဖလားတွေအပြင် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး နောက်ခံကစားသမားတစ်ယောက်အဖြစ်ပါ အသိအမှတ်ပြုခံထားရသူ ဖြစ်လာခဲ့ပါတယ်။ 🔹မြူးနစ်သို့ သွားရာလမ်း ကွန်ပနီတစ်ယောက် ကစားသမားဘဝအနားယူပြီး နည်းပြအလုပ်ကို သူ့ငယ်ဘဝကလပ် အန်းဒါးလက်ချ်မှာ စတင်ခဲ့ပါတယ်။ အန်းဒါးလက်ချ်မှာ ဆုဖလားတွေမရခဲ့ပေမဲါဍ့ လိဂ်အဆင့် သုံးနဲ့ ရှုံးထွက်ဖလား ဗိုလ်လုပွဲတွေအထိ သူက တွန်းပို့ပေးခဲ့တာပါ။ အဲဒီနောက် ဘန်လေကို ချန်ပီယံရှစ်ဖလားနဲ့အတူ ပရီးမီးယားလိဂ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ အထူးသဖြင့် သူ့ရဲ့ တိုက်စစ်ကစားဟန်ကြောင့် လုပ်ဖော်က်ုင်ဘက်၊ ပြိုင်ဘက်တွေကပါ လေးစားချီးကျူးတာကိုလည်း ခံခဲ့ရတာဖြစ်ပါတာ်။ သူ့ကစားဖော်ဟောင်း ကိုင်းဝေါလ်ကာကတော့ "သူဟာ ပပ် ဆီက အသေးစိတ် သင်ယူနိုင်ခဲ့ပြီး တစ်ခုခုလုပ်ချင်နေတာကို မင်းလည်းမြင်နိုင်မှာပါ" လို့ သူ့အပေါ်မှတ်ချက်ပေးခဲ့ပါတယ်။ ဒီလိုချီးကျူးမှုတွေရှိခဲ့ပေမဲ့ ကွန်ပနီဟာ ပရီးမီးယားလိဂ်မှာတော့ သူ့အရည်အချင်းကို ထုတ်မပြနိုင်ခဲ့ဘဲ တစ်ရာသီတည်းနဲ့ တန်းပြန်ဆင်းခဲ့ရတဲ့အထိ ဆိုးရွားသွားခဲ့ပြီး ဝေဖန်မှုတွေပါခံခဲ့ရပါိတယ်။ ဒီလိုပြိုင်ပွဲကြီးမှာ ဘာမှလုပ်မပြနိုင်တဲ့ နည်းပြတစ်ယောက်က ဘယ်လိုကြောင့် ဘိုင်ယန်မြူးနစ်လို ဥရောပအသင်းကြီးကို ရောက်လာတာလဲဆိုပြီး သို့လောသို့လော မေးခွန်းတွေရှိလာခဲ့ပါတယ်။ ဂျာမန်ဘောလုံးသတင်းထောက် စတက်ဖို့ဒ်ဘလော ကတော့ ကွန်ပနီ အခုလို ဘိုင်ယန်နည်းပြဖြစ်လာတာဟာ ၂၀၀၈ တုန်းက ယာဂင်ကလော့ ဒေါ့မွန်ကိုရောက်လာပုံနဲ့ အတူတူပဲလို့ဆိုပါတယ်။ ကလော့တစ်ယောက် ၂၀၀၈ တုန်းက မိန့်ဇ်အသင်းနဲ့အတူ ဘွက်ဒါလီဂါကနေ တန်းဆင်းပြီး ဒေါ့မွန်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ စတက်ဖို့ဒ်ဘလော ရဲ့အဆိုအရ ကွန်ပနီမြူနစ်နစ်ပြဖြစ်လာတာဟာ ကွန်ပနီအနေနဲ့ ကလပ်ရဲ့ စီမံခန့်ခွဲမှုကို လက်ခံခဲ့ပြီး ဘိုင်ယန်ဘက်ကလည်း အရင်နည်းပြ တူရှယ်နဲ့မတူဘဲ အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စပိုင်းကို အားကစားဒါရိုက်တာ မက်စ်အာဘလ် (Max Eberl) ကို တာဝန်ပေးခဲ့တာပါ။ စတက်ဖို့ဒ်ဘလော က "ဘိုင်ယန်အသင်းက အသင်းမှာ လုပ်ပိုင်ခွင့်အများကြီးမပေးဘဲ သက်တောင့်သက်သာရှိမယ့် နည်းပြမျိုးလိုချင်ခဲ့တာ" လို့ ပြောပါတယ်။ ကွန်ပနီရဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အတွင်းမှာ လူငယ်ကစားသမားတွေအပေါ် သူရဲ့ဩဇာလွှမ်းမိုးမှုကလည်း အရေးကြီး ထည့်သွင်းစဉ်းစားမှုတစ်ခုဖြစ်တယ်လို့ သူကဆိုပါတယ်။ 🔹ဘိုင်ယန်မှာ ဘယ်လိုသမိုင်းတွေ ထားခဲ့မလဲ ဘွန်ဒက်လီဂါရဲ့ ပထမဆုံး လူမည်းနည်းပြဖြစ်လာတဲ့ ကွန်ပနီတစ်ယောက် အခုဆိုရင် အမှတ်ပေးဖလားရဖို့ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားသူ တောင်ဆန်က လူမည်းမန်နေဂျာတွေဟာ အခွင့်အလမ်းအတွက် "နှစ်ဆပိုကြိုးစား" ရမည်လို့ ပြောနေပေမယ့် ကွန်ပနီကိုတော့ အရင်ကတည်းက ခေါင်းဆောင်တစ်ယောက်အဖြစ် ယုံကြည်နေတယ်လို့ဆိုပါတယ်။ "သူဟာ မန်နေဂျာလုပ်ငန်းထဲ မဝင်ခင်ကတည်းက ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်းရှိသူပါ။ မန်စီးတီးမှာ အသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီး လူတိုင်းက သူ့ရဲ့ ဦးဆောင်နိုင်တဲ့အရည်အချင်းကို တွေ့ကြပြီးပြီထင်ပါတယ်" လို့ တောင်ဆန်ကပြောပါတယ်။ သူတို့(လူမည်း)တွေဟာ လူဖြူကစားသမားတွေလို တူညီတဲ့ အရည်အချင်းမျိုး မရှိကြဘူး။ ဘာကြောင့်လဲဆိုတာ ကျွန်တော်မကြာခဏ တွေးမိတယ်။ သူတို့က မြန်တယ်၊ ကြံ့ခိုင်တယ်၊ ပါရမီရှိတယ်။ ဒါပေမယ့် ဒါတွေက ကာယဆိုင်ရာတွေပဲဖြစ်နေတယ်။ ဒါကြောင့် ကစားသမားဘဝပြီးတာနဲ့ သူတို့ပရော်ဖက်ရှင်နယ်က ပြီးသလောက်ဖြစ်သွားပြီ။ ဒါပေမယ့် ကွန်ပနီကတော့ ဒီလို ဒဏ္ဍာရီတွေကို ဖြေရှင်းနေတယ်" လို့တောင်ဆန်က လူမည်းနည်းပြတွေ မအောင်မြင်တာနဲ့ ပတ်သက်ပြီး သုံးသပ်သွားခဲ့ပါတယ်။ တောင်ဆန်ပြောသလိုပါပဲ ဥရောပတစ်ခုလုံးမှာ အခုချိန်ထိ လူမည်းနည်းပြအများကြီး မရှိသေးပါဘူး။ ဒါ့အပြင် ဥရောပ ထိပ်သီးလိဂ် ငါးခုမှာ ဘယ်လူမည်းနည်းပြမှ ဖလားမရဖူးသေးတာပါ။ ဒါတွေကို ဗင်းဆင့်ကွန်ပနီလည်း သိနေမှာဖြစ်သလို သူသာ ဒီနှစ်ဖလားရခဲ့မယ်ဆိုရင် အခြားနည်းပြတွေ ဖလားရတာနဲ့ တူညီမှာမဟုတ်ဘဲ လူမည်းတွေအတွက် သူဟာ သူရဲကောင်းတစ်ယောက်ဖြစ်လာဦးမှာဖြစ်ပါတယ်။ စစ်ရှောင်ဒုက္ခသည်ဘဝကနေ မြို့တော်ဝန်ဖြစ်လာတဲ့ အဖေ့ခြေရာကို ကွန်ပနီတစ်ယောက် လိုက်နင်းနိုင်မလားဆိုတာတော့...... ရေးသားသူ / ရေဂင် ဓာတ်ပုံ / BBC Sport ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ပဲ ဖြစ်ပါတယ်။ #Rangoonsportmedia #news #company ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati