
ဒီရက်ပိုင်းအတွက် လီဗာပူးလ်အတွက်တော့ မုန်တိုင်းတွေချည်းပဲ။ ချန်ပီယံလိဂ်ပြုတ်တယ်၊ ကာရာဘောင်ဗိုလ်လုပွဲမှာ ရှုံးတယ်။ နောက်ဆုံး ပရီးမီးယားလိဂ်ထိပ်ဆုံးမှာ ရပ်တည်နေတာက “ကံကောင်းလို့ပါ” ဆိုတဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်နေရတယ်။ ဆိုလိုချင်တာက လီဗာပူးလ်က အမှတ်ပေးဇယားထိပ်ဆုံးကို ထိုက်တန်မှုမရှိဘဲရောက်နေတယ်၊ ကံတရားရဲ့ဖေးမမှုကြောင့် ရောက်နေတယ်ဆိုပြီး ဆိုလိုချင်ကြပုံရတယ်။ ဘောလုံးမှာ နိုင်ပုံနိုင်နည်း၊ ဖလားရပုံရနည်းအမျိုးမျိုးရှိတယ်။ အဲဒီထဲမှာ ကျနော်တို့ နှစ်သက်တဲ့နည်းလမ်းတွေလည်းရှိမယ်၊ မနှစ်သက်တဲ့နည်းလမ်းတွေလည်းရှိမယ်။ ကစားပုံ၊ ပွဲဗျူဟာချဉ်းကပ်ပုံ၊ အံ့အားသင့်စရာအခိုက်အတန့် ဒါတွေ အားလုံးက ဘောလုံးရဲ့ အစိတ်အပိုင်းတွေပဲ။ ဘောလုံးပွဲတပွဲကို ကံကောင်းလို့ နိုင်တာက ဖြစ်နိုင်ခြေနည်းနည်းရှိသေးတယ်၊ ဆုဖလားတခုခုကို ကံကောင်းပြီးရတယ်ဆိုတာကတော့ ဖြစ်နိုင်ခြေအရမ်းနည်းပါတယ်။ တပွဲတည်းကန်ရတဲ့ ဆုဖလားဆိုရင်တော့ တမျိုးပေါ့လေ။ လူတိုင်းက ဒီရာသီမှာ မန်စီးတီး ကျသွားတာကြောင့် လီဗာပူးလ်က ကံကောင်းပြီး ဖလားရတယ်လို့ ယူဆချင်ကြတယ်။ ပုံမှန်အပေါ်ယံကြည့်ရင်တော့ ဒီအမြင်က မှန်ကောင်းမှန်နိုင်ပေမဲ့ တကယ်တမ်းမှာ လီဗာပူးလ်က ၂၉ပွဲကစားပြီး၊ ၂၁ပွဲနိုင်၊ ၇ပွဲသရေ၊ ရှုံးပွဲ ၁ပွဲသာ ရှိသေးတဲ့ အချက်အလက်က ကံကောင်းလို့ပါဆိုတဲ့ စကားလုံးအောက်မှာ မှေးမှိန်သွားစရာအကြောင်းမရှိဘူး။ အဓိက ပြိုင်ဘက်တွေ ခြေချော်လို့၊ ဒဏ်ရာတွေရနေလို့၊ အစရှိတဲ့ အကြောင်းအမျိုးမျိုးရှိတယ်ဆိုရင်တောင် လီဗာပူးလ်ရဲ့ ဦးဆောင်မှုကို သေးသိမ်အောင်လုပ်လိုက်ဖို့မသင့်ဘူး။ တကယ်တမ်း လီဗာပူးလ်က ဒီရာသီမှာ ဆုဖလားမျှော်လင့်ထားတဲ့အသင်းမဟုတ်ဘူးဆိုတာရယ်၊ မန်စီးတီးကျတာနဲ့ အာဆင်နယ်က သေချာပေါက်ချန်ပီယံဖြစ်မယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကြားထဲမှာ လီဗာပူးလ်ရဲ့ ထိုးထွက်လာမှုက အချို့လူတွေအနေနဲ့ ဒီအခြေအနေတွေကို လက်ခံချင်ပုံမရတဲ့ သဘောပါပဲ။ ပရီးမီးယားလိဂ်မှာ ပျှမ်းမျှရမှတ် ၈၅မှတ်က ချန်ပီယံရမှတ်လို့ ဆိုကြတယ်။ ၁၉၉၂/၉၃ ဘောလုံးရာသီကနေ ၂၀၁၅/၁၆ ဘောလုံးရာသီအထိဆိုရင် ပျှမ်းမျှရမှတ် ၈၅မှတ်က ချန်ပီယံဖြစ်ဖို့ လုံလောက်တဲ့ ရမှတ်လို့ ယူဆကြတယ်။ အဲဒီနောက်ပိုင်းမှာတော့ ၈၅မှတ်က ချန်ပီယံဖြစ်ဖို့ လုံလောက်တဲ့ရမှတ်မဟုတ်တော့ဘူး။ အဲဒီတော့ အမှတ်ပေးချန်ပီယံဖြစ်ဖို့အတွက် ကံကောင်းရုံနဲ့ ရတာမျိုးမဟုတ်ဘဲ လုံလောက်တဲ့ ရမှတ်ရဖို့လည်း လိုသေးတယ်ဆိုတာ အသေချာပါပဲ။ အမှတ်ပေးဖလားကို ကံကောင်းလို့ ရတာဆိုတဲ့ အသုံးအနှုန်းကို ကျနော်ကတော့ ဘယ်တော့မှ လက်သင့်မခံချင်ပါဘူး။ လက်စတာရခဲ့တဲ့နှစ်မှာတောင် လက်စတာ ကို ကံကောင်းလို့ဆိုတာထက် သူတို့ခြေစွမ်းကိုက တကယ်ကောင်းခဲ့တာလို့လည်း ကျနော်က ယူဆခဲ့တာ။ ဗာဒီ၊ မာရက်၊ ကန်တီ၊ ရှမိုက်ကယ်တို့ရဲ့ အားတွေနဲ့ သူတို့ တကယ်ထိုက်ထိုက်တန်တန်ရခဲ့တာပါ။ ဒီနေရာမှာ တခု ရှိတာက အခြားအသင်းတွေ အခြေအနေမကောင်းလို့ လက်စတာက ဆုဖလားဝင်ယူခဲ့တာပါဆိုရင် အဲဒီရာသီမှာ လက်စတာထက် ပုံရိပ်ရော၊ ကစားသမားအင်အားပါအသာရကြတဲ့ အာဆင်နယ်၊ စပါးတို့က ဘာလို့ ချန်ပီယံဆုကို မယူနိုင်ကြရတာလဲ။ ရိုးရိုးလေးပဲ တွေးရရင် .. လိဂ်တခုလုံး ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုနိမ့်ကျခဲ့တဲ့နှစ်တွေရှိသလို၊ အရမ်းကိုပြင်းထန်ပြီး ပြိုင်ဆိုင်မှုအရည်အသွေးမြင့်မားတဲ့နှစ်တွေလည်း ရှိတယ်။ ပျှမ်းမျှရမှတ် ၈၅မှတ်နဲ့ ချိတ်ဆက်ပြီးပြောရမယ်ဆိုရင် .. ၈၅မှတ်အောက်နဲ့ ချန်ပီယံဖြစ်ခဲ့ကြတဲ့နှစ်တွေကို လိဂ်ရဲ့ ပြိုင်ဆိုင်မှုအရည်အသွေးနိမ့်ကျခဲ့တဲ့ နှစ်တွေလို့ သတ်မှတ်လို့ရပြီး၊ ၈၅မှတ်အထက်ရတာတောင် ချန်ပီယံမဖြစ်ခဲ့ကြတဲ့ နှစ်တွေကို ပြိုင်ဆိုင်မှုအရည်အသွေးမြင့်မားတဲ့နှစ်တွေလို့ သတ်မှတ်လို့ရတယ်။ ဒီရာသီမှာ အာဆင်နယ်က ၂၉ပွဲကစားပြီးချိန်မှာ ရမှတ် ၅၈မှတ်သာရထားသေးတယ်။ လက်ကျန်ပွဲအားလုံးကို အနိုင်ရခဲ့ရင် ၈၅မှတ်အတိ ရမယ်။ လီဗာပူးလ်ကတော့ အမြင့်ဆုံးရနိုင်တဲ့ရမှတ် ၉၇မှတ်အထိ ရှိနေပြီး သူတို့က ချန်ပီယံဖြစ်ဖို့ ရမှတ် ၁၆မှတ်သာ တရားဝင်လိုအပ်တယ်။ ဒါကြောင့် ဒီရာသီမှာ ပြိုင်ဆိုင်မှုအရည်အသွေးနိမ့်ကျတဲ့ ဘောလုံးရာသီဖြစ်မဖြစ်ဆိုတာ ပြောဖို့ စောသေးပြီး တကယ်လို့ အာဆင်နယ်သာ ဗိုလ်စွဲခဲ့ရင်တော့ သေချာပေါက် ပြိုင်ဆိုင်မှုအရည်အသွေးနိမ့်ကျတဲ့ နှစ်တစ်ခုဖြစ်လာမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အာဆင်နယ်သာ ဗိုလ်စွဲရင် လီဗာပူးလ်က သေချာပေါက် ၈၅မှတ် အပြည့်မရလို့ပါ။ လီဗာပူးလ် ဗိုလ်စွဲပြီး အာဆင်နယ်က လက်ကျန်ပွဲအားလုံးကို မနိုင်ရင်လည်း ပြိုင်ဆိုင်မှုအရည်အသွေးနိမ့်ကျခဲ့တဲ့နှစ်လို့ သတ်မှတ်လို့ ရမှာပါ။ ဒီနေရာမှာ မေးခွန်းထုတ်စရာရှိတာက နောက်ဆုံးအချိန်အထိ ရမှတ်မတိမ်းမယိမ်းဖြစ်နေပြီး၊ နှစ်သင်းစလုံးက ၈၅မှတ်အောက်ပဲ ရကြမယ်ဆိုရင်ရော .. အဲဒီရာသီကို ပြိုင်ဆိုင်မှုအရည်အသွေးနိမ့်ကျခဲ့တဲ့ ရာသီလို့ သတ်မှတ်ရမလားဆိုတာပါပဲ။ အဲဒါတွေကိုလည်း ပြိုင်ဆိုင်မှု အရည်အသွေးနိမ့်ကျတဲ့ ဘောလုံးရာသီလို့ သတ်မှတ်ရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ .. ဥရောပက အသင်း ၂၀ ကန်တဲ့ အခြားထိပ်တန်းလိဂ်တွေမှာလည်း ပျှမ်းမျှအားဖြင့် ချန်ပီယံရမှတ်က ၈၅မှတ်အထက်လို့ပဲ ဆိုရလိမ့်မယ်။ ဒါက သင်္ချာနည်းအရကြည့်မယ်ဆိုရင် ချန်ပီယံဖြစ်ချင်တဲ့အသင်းက အမြင့်ဆုံးရနိုင်တဲ့ ၁၁၄မှတ်ထဲက ၈၅မှတ်ရဖို့ လိုအပ်တာဖြစ်လို့ .. သူ့ရဲ့ အမှတ်ဆုံးရှုံးခွင့်က အမှတ် ၂၉မှတ်လို့ ဆိုရမယ်။ ဒါက ဘောလုံးရာသီတရာသီမှာ ဘောလုံးအသင်းတသင်းက ချန်ပီယံဖြစ်ချင်ရင် အနိမ့်ဆုံး ၈၅မှတ်တော့ ရအောင်လုပ်ဖို့ လိုအပ်ပြီး ၈၅မှတ်ရတာနဲ့လည်း ချန်ပီယံဆုတန်းရသွားတာမျိုုးမဟုတ်ဘဲ ကိုယ့်လိုပဲ ပျှမ်းမျှရမှတ် ၈၅မှတ်ကို အနိမ့်ဆုံးရတဲ့အသင်းနဲ့ ချန်ပီယံဆု ပြိုင်လုရဦးမှာပါ။ ပရီးမီးယားလိဂ်သမိုင်းမှာ ၁၉၉၂ ကနေ စကြည့်မယ်ဆိုရင် .. ၈၅မှတ်အောက်နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ဘောလုံးရာသီက ၈ရာသီသာရှိခဲ့ပါတယ်။ ကျန်တဲ့ ၂၄ရာသီမှာ ချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေက ၈၅မှတ်နဲ့အထက်ရခဲ့တဲ့အသင်းတွေပါ။ အဲဒီရာသီတွေထဲကမှ ဒုတိယရတဲ့အသင်းတွေ ၈၅မှတ်အထက်ရတဲ့ရာသီက ၉ရာသီရှိခဲ့တယ်။ ဒီလိုမျိုး သေချာခိုင်မာတဲ့ အချက်အလက်တွေ၊ သင်္ချာနည်းတွေရှိနေလျက်နဲ့ အမှတ်ပေးချန်ပီယံဖြစ်တဲ့အသင်းတွေကို ကံကောင်းလို့ပါလို့ တံဆိပ်ကပ်တာမျိုးက လုံးဝမဖြစ်သင့်ပါဘူး။ ကျနော်တို့က လိဂ် ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့နှစ်နဲ့ ပြိုင်ဆိုင်မှုသိပ်မပြင်းထန်တဲ့နှစ်လို့ပဲ သတ်မှတ်လို့ရမှာပါ။ ပရီးမီးယားလိဂ်မှာ ရမှတ်အများဆုံးနဲ့ ဗိုလ်စွဲတဲ့အသင်းက မန်စီးတီးဖြစ်ပြီး သူက ရမှတ် ၁၀၀ ရခဲ့ပါတယ်။ ရမှတ်အနည်းဆုံးနဲ့ဗိုလ်စွဲတဲ့အသင်းက မန်ယူနိုက်တက်ပါ။ သူက ရမှတ် ၇၅မှတ်ထဲနဲ့ ဗိုလ်စွဲခဲ့တာပါ။ ရမှတ် ၁၀၀ နဲ့ ဗိုလ်စွဲခဲ့တဲ့ မန်စီးတီးလည်း ဖလားတလုံးပဲ ရခဲ့သလို၊ ရမှတ် ၇၅မှတ်နဲ့ဗိုလ်စွဲခဲ့တဲ့ ယူနိုက်တက်လည်း ဖလားတလုံးရခဲ့တာပါ။ ဆိုရရင် အမှတ်ပေးဖလားဆိုတာ ကံကောင်းလို့ ဗိုလ်စွဲတတ်တဲ့ဖလားမျိုးမဟုတ်ဘဲ .. ကံဆိုးပြီးတော့သာ လွဲချော်လေ့ရှိတတ်တဲ့ဖလားလို့ပဲ ဆိုပါရစေ။ ။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / Premierleague . com #RangoonSportMedia #liverpool #PremierLeague #Title ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati