
လီဗာပူးလ် ၃-၁ ဆောက်သမ်တန် ရလဒ်က အားလုံးမျှော်လင့်ထားပြီးသား ရလဒ်တစ်ခုဖြစ်တယ်။ လီဗာပူးလ်က ပထမပိုင်းမှာ ရှုံးနိမ့်နေပြီး နောက်ကလိုက်ကစားရတာတခုပဲ ပြောစရာရှိမယ်။ ဗန်ဒိုက်ရဲ့အမှားကြောင့် ဂိုးပေးလိုက်ရတာက အလီဆွန်အတွက် Clean Sheet ရမယ့် တပွဲနစ်နာသွားစေတယ်။ လီဗာပူးလ်က ချန်ပီယံဆုဆီ အမှားအယွင်းမရှိချီတက်ခဲ့တဲ့ နိုင်ပွဲတပွဲလို့ဆိုရမှာဖြစ်ပြီး .. ရှုံးနိမ့်ခဲ့တဲ့ဆောက်သမ်တန်ကလည်း ချန်ပီယံရှစ်ဆို တရွေ့ရွေ့သွားနေတဲ့အသင်းလို့တောင် ဆိုရမယ်။ ပွဲအကြောင်းကို ပြောရရင် .. လီဗာပူးလ်က ဒီပွဲမှာ ပီအက်ဂျီနဲ့ပွဲက ကစားသမားအချို့ကို အနားပေးတယ်။ ဒါဝင်နူညက်ကို ပွဲထွက်စေခဲ့တယ်။ ဗီလာနဲ့ပွဲမှာ အဝေဖန်ခံခဲ့ရတဲ့ နူညက်က ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြန်ပြီးချီးကျူးခံရတယ်။ ဒီပွဲမှာလည်း ချေပဂိုးသွင်းပေးတယ်၊ အနိုင်ဂိုးဖြစ်မယ့်ပင်နယ်တီကို ဖန်တီးပေးတယ်။ ဒါပေမဲ့ ပထမပိုင်းပြီးခါနီးမှာ စိတ်ရူးပေါက်ပြီး ပြိုင်ဘက်ကစားသမားကို နောက်ကနေ ခပ်ကြမ်းကြမ်းဖြတ်ထုတ်တယ်။ အဝါပြခံရတယ်၊ စောဒကတက်ဖို့ ကြိုးစားတယ်၊ ဒါကို ဆာလာ က ဝင်ထိန်းနေတာကိုလည်း တွေ့ရတယ်။ ဒုတိယပိုင်းမှာတော့ ချေပဂိုးသွင်းပြီး ပြိုင်ဘက်ကို ရိပြီး အောင်ပွဲခံလိုက်သေးတယ်။ ဒါတွေကို မြင်ရတာ ရင်လေးစရာတော့ကောင်းတယ်။ ပုံမှန်ဆို ကျနော်က ဒါဝင်နူညက်ရဲ့ ပေါက်ကွဲအား၊ ကစားပုံ၊ သန်မာတာတွေကို သဘောကျတယ်။ နောက်တဖက်မှာကျတော့ စိတ်မထိန်းနိုင်တာ၊ စိတ်အတက်အကျမြန်တာ၊ ဂိုးသွင်းမသေချာတာ အစရှိတာတွေကို သဘောမကျပြန်ဘူး။ နူညက်က ပွဲရှာတဲ့နေရာမှာ အရင်က ဆွာရက်ကိုတောင် သတိရမိစေတယ်။ ခက်တာက ဆွာရက်က လီဗာပူးလ်တိုက်စစ်မှာ အရမ်းအားကိုးရတဲ့ကမ္ဘာ့အဆင့်တိုက်စစ်မှူးဖြစ်ခဲ့ပြီး၊ နူညက်ကတော့ အဲဒီ လယ်ဗယ်ကို မရောက်သေးတာပါ။ ဒါပေမဲ့ ညကပွဲမှာတော့ သူ့ကြောင့်ပဲ လီဗာပူးလ်အသက်ရှူချောင်ခဲ့တာဖြစ်ပြီး ဒါက သူ့ကို ဖိအားတွေအောက်က လွတ်မြောက်စေနိုင်မယ့်ပွဲတပွဲလည်း ဖြစ်လာနိုင်ပါတယ်။ ပထမပိုင်းမှာ လီဗာပူးလ်က ပွဲကို အေးဆေးထိန်းချုပ်ကစားဖို့ကြိုးစားရင်း အမှတ်မထင်ဦးဆောင်ဂိုးပေးလိုက်ရတယ်။ ဒုတိယပိုင်းမှာ အစမှာတင် ကစားသမားအပြောင်းအလဲတွေလုပ်ပြီး အနိုင်ရလဒ်ကို ပြန်ဖော်ဆောင်နိုင်ခဲ့တာလည်း ဖြစ်တယ်။ လူစားဝင်ကစားသမားတွေထဲမှာ အီလီယော့ကိုတော့ မဖြစ်မနေချီးကျူးရမယ်။ သူဝင်လာလို့ လီဗာပူးလ်တိုက်စစ်ပိုင်းက ပိုတက်လာတာလို့ ဆိုရမယ်။ ပင်နယ်တီနှစ်လုံးရခဲ့တာတွေက နှစ်လုံးစလုံးရသင့်ရထိုက်တဲ့ပင်နယ်တီတွေဖြစ်ပြီး ဆာလာက အမှားအယွင်းမရှိအဆုံးသတ်တယ်။ ပရီးမီးယားလိဂ်သွင်းဂိုး ၂၇ဂိုးအထိ ရလာခဲ့တာဖြစ်ပြီး ရွှေဖိနပ်ဆုရဖို့အတွက် သေချာသလောက်နီးပါးကို ဖြစ်သွားပြီလို့ ဆိုရမယ်။ လာမယ့် အင်္ဂါညမှာပဲ အန်ဖီးလ်မှာ ပီအက်ဂျီကို ဧည့်ခံရမယ်၊ အဲဒါကပြီး လိဂ်ဖလားဖိုင်နယ်ကစားရမယ်။ ပွဲပြီးတော့ အာနီစလော့က ညက နိုင်ပွဲကို ဖလားလုပွဲ၃ပွဲထဲက ၁ပွဲကို အနိုင်ရတာဆိုပြီး တင်စားတယ်။ ညကနိုင်ပွဲကြောင့် လီဗာပူးလ်က ပရီးမီးယားလိဂ်လက်ကျန် ၉ပွဲမှာ ရမှတ် ၁၈မှတ်ရရုံနဲ့ သေချာပေါက်ဗိုလ်စွဲမှာဖြစ်ပြီး .. ဒါက လီဗာပူးလ်ကို ရှုံးပွဲ ၃ပွဲအထိ လက်ခံတဲ့အခြေအနေပဲဖြစ်ပါတယ်။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / Premierleague #RangoonSportMedia #article #perspective #PremierLeague #liverpool #southampton ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati