
ကယ်လီဖိုးနီးယားပြည်နယ် အားကစားကော်မရှင်က ပွဲတွင်းဝိတ်တွေ ထုတ်ပြန်လိုက်ပါတယ်။ တခြားသူတွေအတွက် သိပ်မသိသာပေမယ့် ကျွန်တော်ကိုယ်တိုင်က စိတ်ဝင်စားလို့သာ ရေးဖြစ်တာပါ။ ဖြစ်ပုံက ဒီလိုပါ။ သောကြာနေ့မနက်ပိုင်းမှာ ကစားသမားတွေက တရားဝင်ဝိတ်ချိန်ရတယ်။ အဲဒီပမာဏကို တရားဝင်ဝိတ်လို့ခေါ်ပါတယ်။ ပရိသတ်မပါဘဲ အားကစားကော်မရှင်ရဲ့ လူကြီးတွေရှေ့မှာ ချိန်ရတာပါ။ ဘိုလိုပြောရရင် Official Weigh-In တဲ့။ အဲဒါက အဓိကပါ။ အရေးအကြီးဆုံးပဲ။ ဝိတ်ပိုရင် တိုင်ပတ်ပြီ။ ဝိတ်ချိန်ပြီးရင် ကစားသမားတွေက ရေဓာတ်ပြန်ဖြည့်တယ်။ သောကြာနေ့ညနေပိုင်းမှာ ကစားသမားတွေက လူအများရှေ့မှာ ဝိတ်ချိန်ရပါတယ်။ အဲဒါကို Ceremonial Weigh-In လို့ ခေါ်ပါတယ်။ တရားဝင်ဝိတ်ထက် ပိုများမယ်။ ဒါပေမယ့် ဘယ်လောက်ပဲများပါစေ မနက်က တရားဝင်ဝိတ်ကိုပဲ ပရိတ်သတ်ရှေ့မှာ ကြေညာပါတယ်။ စနေညပွဲမထိုးခင်မှာ နောက်ထပ်ချိန်သေးတယ်။ အဲဒါကို Fight Night Weight တဲ့။ ပွဲတွင်းဝိတ်လို့ပဲ ဆိုချင်ပါတယ်။ ဘာဖြစ်လို့ ပွဲမထိုးခင်မှာ ဝိတ်ချိန်သေးလဲဆိုရင် တရားဝင်ဝိတ်ထက် ပွဲတွင်းဝိတ်က တအားများနေရင် ကစားသမားက ကျန်းမာရေးထိခိုက်မှာစိုးလို့ပါ။ တအားချပြီး အတင်းပြန်တင်တာ ပင်ပန်းမှာစိုးလို့ ကစားသမားကို အပေါ်ဝိတ်တန်းတက်ထိုးခိုင်းရအောင်လို့ပါ။ ညွှန်ကြားချက်ပေးချင်လို့ပါ။ အရင်တုန်းက Paulo Costa လည်း အဲဒီလိုဖြစ်ဖူးတယ်။ Renato Moicano ၊ Islam Makhachev နဲ့ Tagir Ulanbekov တို့က စကေးကောင်းတယ်။ Renato Moicano က ပွဲတွင်းဝိတ် (၁၈၁) ပေါင်ဖြစ်ပြီး Islam Makhachev က (၁၇၈) ပေါင်ဖြစ်ပါတယ်။ တအားကြီးတက်သွားတာပါ။ ဖလိုင်းဝိတ်ဖိုက်တာ Tagir Ulanbekov ရဲ့ ပွဲတွင်းဝိတ်က (၁၄၇) ပေါင်တဲ့။ ကြောက်ဖို့တောင် ကောင်းတယ်။ Reinier de Ridder လည်း ခေသူမဟုတ်ဘူး။ ပွဲတွင်းဝိတ်အများကြီးပဲ။ ပွဲထိုးတဲ့အချိန်မှာ (၂၁၂) ပေါင်ဖြစ်သွားတာပါ။ ပွဲထိုးတဲ့အချိန်မှာ Kevin Holland ထက် (၂၂) ပေါင်ပိုကြီးတယ်။ ဝိတ်အစီးထိုးရတာပါ။ ကွန်ဖူးလေအိုးက (၁၉၀) ပေါင်ပဲရှိတယ်တဲ့။ Merab Dvalishvili နဲ့ Umar Nurmagomedov တို့က (၁၅၆) ပေါင်တဲ့။ စမုန်နက်စေ့လေးတွေ ပြောရဦးမယ်။ အရင်တည်းကလည်း ခဏခဏရေးဖူးတယ်။ Jiri Prochazka က အကောင်သေးတယ်။ ပွဲတွင်းဝိတ်ကလည်း (၂၀၈) ပေါင်တဲ့။ ချက်လူကြမ်းကြီးက အရှိကိုအရှိအတိုင်း ပွဲဝင်ထိုးတဲ့သဘောပဲ။ လိုက်ဟဲဗီးဝိတ်တန်းသာဆိုတယ်၊ ပွဲတွင်းဝိတ်မှာ Reinier de Ridder ထက်တောင် သေးတယ်။ Jamahal Hill က (၂၂၁) တဲ့။ (၁၃) ပေါင်အစီးထိုးရတာတောင် ရှုံးသေးတယ်။ ဘယ်သူမဆို ပွဲတွင်းဝိတ်က တရားဝင်ဝိတ်ထက် များကြတာချည်းပါပဲ။ နည်းနည်းများတာနဲ့ များများများတာပဲ ကွာတယ်။ Jailton Almeida က ပြောင်းပြန်ပါ။ တရားဝင်ဝိတ်က (၂၃၅) ပေါင်တဲ့။ ပွဲထိုးမလို့ စင်ပေါ်တက်လာတော့ (၂၃၂) ပေါင်ပဲရှိတော့တယ်။ သေးတောင် သေးသွားတယ်။ တကယ်ဆိုရင် လိုက်ဟဲဗီးဝိတ်တန်းမှာ ကစားမှ အနေတော်ပါ။ ဟဲဗီးဝိတ်တန်းမှာ အကောင်သေးပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။
© COPYRIGHTS 2024 by illuminati