
ကျွန်တော့်ကို သိကြလား။ နာမည်မသိရင်တောင်မှ မျက်မှန်းတန်းမိမှာပါ။ Manny Pacquiao ရဲ့ပွဲတိုင်းမှာ အကူလူလုပ်နေတဲ့ လူဝကြီးလေ။ နာမည်က Buboy Fernandez တဲ့။ လက်ထောက်နည်းပြလို့ ပြောရင်လည်း မမှားဘူး။ Manny Pacquiao လို ဝင်ငွေကောင်းတဲ့ ကမ္ဘာကျော် ကစားသမားရဲ့ ဘေးမှာ နည်းပြတွေ အကူလူတွေအပြင် သာပေါင်းညာစားတွေလည်း အများကြီးရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကြေးစားစထိုးတည်းက သူ့ရဲ့ ဘေးမှာ အခုချိန်ထိ ရှိနေပေးခဲ့တာ ကျွန်တော်ပဲ ရှိတယ်။ ကြေးစား (၇၂) ပွဲလုံး အနားမှာ ရှိနေခဲ့တာပါ။ အရင်တုန်းကလည်း ရှိခဲ့သလို အခုလည်း ရှိနေဆဲပါ။ နောင်လည်း ရှိနေဦးမှာပါပဲ။ PacMan က ကျွန်တော့်ထက် (၄) နှစ်ငယ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို လမ်းမှန်ရောက်အောင် တွန်းတင်ပေးခဲ့တဲ့ ပဲ့ကိုင်ရှင်ပါပဲ။ အသက်ငယ်ပေမယ့် ဖခင်တစ်ယောက်လို လေးစားရတယ်။ ကျွန်တော်နဲ့ Manny Pacquiao တို့က General Santos ဆိုတဲ့ နယ်မြို့မှာ အတူကြီးပြင်းခဲ့တာပါ။ ကျွန်တော်က သူ့ထက် အသက်ကြီးတယ်ဆိုပေမယ့် အငယ်တွေနဲ့ပဲ တွဲဖြစ်တယ်။ အခုခေတ်စကားနဲ့ ပြောရရင် ကလေးဗိုလ်ပါပဲ။ Manny Pacquiao က ဘောက်ဆင်ထိုးမယ်ဆိုပြီး မနီလာမြို့ကို ထွက်သွားလေရဲ့။ ကျွန်တော်က နယ်မြို့မှာ ကျန်ခဲ့တယ်။ ညီတော်မောင် Bobby Pacquiao နဲ့ပေါင်းပြီး သောက်တတ်စားတတ်နေပြီ။ ကုန်ကုန်ပြောရရင် ပျက်စီးနေပြီပေါ့။ တစ်နေ့မှာ Manny Pacquiao ပြန်ရောက်လာတယ်။ ကျွန်တော့်ကိုကြည့်ပြီး "သူငယ်ချင်း မင်း ဆေးလိပ်သောက်တတ်နေပြီနော်" တဲ့။ ဆေးလိပ်သောက်တတ်တာ အခုမှ သူသိတယ်။ ကျွန်တော်က ရှက်ကီတောင် ဖဲ့နေပြီ။ "မင်းက လမ်းပျောက်ပြီး ပေတေနေတယ်။ ငါပြန်ရင် မနီလာမြို့ကို လိုက်ခဲ့။ ဟိုရောက်မှ မင်း ဘာဝါသနာပါတယ်ဆိုတာ သိသွားလိမ့်မယ်" Manny Pacquiao က စကားနည်းတယ်။ ပြောသင့်ပြီလို့ ယူဆတဲ့အချိန်မှသာ ပြောတာပါ။ ကျွန်တော်လည်း သူ့စကားကို နားထောင်ပြီး မနီလာမြို့ကို လိုက်ခဲ့တယ်။ မောင့်မျက်နှာ တစ်ရွာမှတ်ပြီး လိုက်တယ်လို့ မပြောချင်ဘူး။ Pac မျက်နှာ တစ်ရွာမှတ်ပြီး လိုက်ခဲ့တာပါပဲ။ အဲဒီအချိန်မှာ Manny Pacquiao လည်း အဆင်မပြေသေးပါဘူး။ သူက နေ့ခင်းဘက်မှာ ဂဟေသမား လုပ်တယ်။ ပိုက်ဆံကို အိမ်ပြန်ပို့ရတယ်။ အလုပ်အားရင် ဘောက်ဆင်လေ့ကျင့်တယ်။ မနီလာမြို့ကို ရောက်တော့မှ ဖိုးသူတော်က တပည့်မွေးတဲ့ အဖြစ်မျိုးပဲ။ ကျွန်တော်က လူပိုကြီးဖြစ်နေတယ်။ ကြိုးဝိုင်းထဲမှာလည်း အိပ်ရတာပဲ။ ကြမ်းပြင်ပေါ်မှာလည်း အိပ်ဖူးပါတယ်။ ပြောရဦးမယ်။ ကလပ်ပိုင်ရှင်က အပြင်လူတွေကို အိပ်ခွင့်မပေးဘူး။ ညဘက်ကြီး ရှောင်တခင် ဝင်စစ်တော့ Manny Pacquiao က ကျွန်တော့်ကို ဖွက်ပေးထားတယ်။ ဒါပေမဲ့ မိသွားပါတယ်။ ကျွန်တော့်ခန္ဓာကိုယ်က တိုင်ကြားမှာ ကပ်နေလို့မှ မရတာပဲ။ ခင်သန္တာ သက်ချိုပြုံး ဆင်ခန္ဓာ ဝက်ကိုယ်လုံးဆိုတာ ကျွန်တော့်ကို ပြောတာဖြစ်မယ်။ အလုပ်မလုပ်ရင် ကလပ်မှာ နေခွင့်မပြုဘူးလို့ ပိုင်ရှင်က ရာဇသံထုတ်လိုက်တယ်။ အောင်မလေး ဘုံပျောက်တော့မယ်။ အဲဒီတော့မှ ကျွန်တော်လည်း ကလပ်မှာ အစောင့်လိုလို သန့်ရှင်းရေးလိုလို လုပ်လိုက်တာပဲ။ လိုလို၊ လိုလိုပါပဲ။ သိပ်မပင်ပန်းပါဘူး။ ကြမ်းတိုက်တံနဲ့ ပွတ်ရုံပဲလေ။ ကစားသမားတွေ လေ့ကျင့်နေတာ နေ့တိုင်းကြည့်ပြီး ဘောက်ဆင်က ကျွန်တော့်အတွက် မစိမ်းတော့ဘူး။ တစ်နေ့တော့ Manny Pacquiao က ကျွန်တော့်ကို လာပြောတယ်။ "သန့်ရှင်းရေးလုပ်ပြီး ကျေနပ်မနေနဲ့။ နည်းပြတွေက ဘာတွေလုပ်တယ်ဆိုတာ ကြည့်ထား သူငယ်ချင်း" "ဟာ မလုပ်ချင်ပါဘူးကွာ။ ပတ်ကိုင်ရတာ ပင်ပန်းတယ်ကွ" "ပင်ပန်းလည်း ဖြစ်အောင်လုပ်ကွာ။ ကြိုးစားရင် ဖြစ်ပါတယ် ငါ့ကောင်" "မလုပ်ချင်ပါဘူးဆို အဟင့်" Manny Pacquiao က ကျွန်တော့်ရဲ့ ပခုံးကို ကိုင်ထားတယ်။ မျက်နှာကို စေ့စေ့ကြည့်ပြီး တစ်လုံးချင်းပြောတယ်။ "မင်းက နောင်တစ်ချိန်ကျရင် ဖိလစ်ပိုင်နိုင်ငံမှာ အကောင်းဆုံးနည်းပြ ဖြစ်လာမှာ သေချာတယ်။ ဒီလိုကွာ ငါပြောတဲ့အတိုင်း မဖြစ်ရင် ငါ့ဗိုက်ကို ဓားနဲ့ ထိုးခွဲလိုက်။ ကိုယ့်အားသာတာကို ဖြစ်အောင်လုပ်ပါကွာ။ ခေါင်းငိုက်စိုက်ချပြီး အိမ်ပြန်မသွားနဲ့နော်" အဲဒီစကားလုံးတွေက ကျွန်တော့်ဘဝမှာ အမှတ်တရအဖြစ်ဆုံးပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပြောခဲ့တယ်ဆိုပေမယ့် ဘယ်တော့မှ မမေ့ဘူး။ Juan Manuel Marquez ကို ရှုံးခဲ့ရတာ ကျွန်တော့်ဘဝမှာ အနာကျင်ရဆုံးပဲ။ ပဥ္စမအချီမှာ Manny Pacquiao ရဲ့ လက်သီးချက်တွေကြောင့် Juan Manuel Marquez က ယိုင်နဲ့နေသလို နှာခေါင်းရိုးလည်း ကျိုးနေပါပြီ။ အချိန်စေ့သွားလို့ ကံကောင်းတယ်မှတ်ပါ။ "အရမ်းမဝင်နဲ့ သတိထား။ အတင်းမဝင်နဲ့" လို့ သတိပေးရတယ်။ ဆဌမအချီမှာ အတင်းဝင်လိုက်လို့ Manny Pacquiao က ကြိုးဝိုင်းဘေးမှာ မှောက်ပြီး သတိလစ်သွားတယ်။ သေချာပေါက် အနိုင်ရမယ့်ပွဲမှာ အလဲထိုးခံရတယ်။ ကျွန်တော်လည်း ထူပူနေတယ်။ Manny Pacquiao က "Buboy ဘယ်မှာလဲ" တဲ့။ သတိရလာတဲ့အခါမှာ ကျွန်တော့်ကို အရင်ဆုံးမေးတာပါ။ "ငါ ရှိပါတယ်" လို့ပဲ ဖြေလိုက်တယ်။ နားနေခန်းမှာ ကျွန်တော်က ကလေးတစ်ယောက်လို ငိုချလိုက်တယ်။ ဘာဖြစ်လို့ ငိုတာလဲလို့ မေးတယ်။ အတင်းမဝင်နဲ့လို့ မှာထားတာကို ဒီလိုဖြစ်ရတယ်ကွာ။ ၂၀၀၈ ခုနှစ်တုန်းက ကျွန်တော်နဲ့ Manny Pacquiao က လက်စ်ဗီးဂတ်မြို့ကို ချီတက်ကြတယ်။ မက္ကဆီကို လူချောကြီး Oscar De La Hoya နဲ့ ကစားဖို့ ထွက်သွားတာပါ။ လမ်းမှာ ဆိုင်းဘုတ်တွေကို မြင်ရတော့ လက်ပုတ်ပြီး ပြောလိုက်တယ်။ "အရင်တုန်းက ငါတို့တွေ ရှေ့ထွက်ပွဲပဲ ကစားရတာနော်။ အခုတော့ ခေါင်ပွဲထိုးနေရပြီကွ"။ ကျွန်တော့်သူငယ်ချင်း အောင်မြင်တော့ ကျွန်တော်လည်း အဆင်ပြေလာတာပဲ။ "ရေမြင့် ကြာမြင့်" ဆိုတဲ့ စကားပုံလိုပေါ့။ Floyd Mayweather Jr နဲ့ ကစားရတော့မှာ ရက်ပိုင်းပဲ လိုတော့တယ်။ ဒါပေမဲ့ Manny Pacquiao ရဲ့ ပခုံးဒဏ်ရာက မသက်သာသေးဘူး။ ပွဲလက်ခံပြီးနေပြီ၊ ဖြစ်အောင် ထိုးကွာလို့ ပြောလိုက်တယ်။ ပေးထားတဲ့ ကတိကို မဖျက်နဲ့တော့လို့။ ကျွန်တော်ပြောခဲ့တာ မှန်လား မှားလားတော့ မသိဘူး။ စွမ်းဆောင်ရည်ကောင်း မပြနိုင်တဲ့ ကျွန်တော့်သူငယ်ချင်းကို အပြစ်မတင်ကြပါနဲ့။ အခုကိစ္စမှာ ကျွန်တော်လည်း ပွဲဖြစ်အောင်လို့ တိုက်တွန်းခဲ့တာပဲ။ Manny Pacquiao က ပုံမှန်ဆိုရင် ဖိလစ်ပိုင်နိုင်ငံမှာ ကျွန်တော်နဲ့ပဲ လေ့ကျင့်ဖြစ်တယ်။ ပွဲနီးရင် နည်းပြချုပ် Freddie Roach ဆီမှာ သွားကျင့်တယ်။ ပြောရဦးမယ်။ အမေရိကန်နိုင်ငံမှာ ပထမဆုံး လေ့ကျင့်တဲ့ အခေါက်ထင်တယ်။ ဘေးနားမှာ ကျွန်တော်မရှိဘဲ အိပ်ရတာ အဆင်မပြေလို့ မနီလာမြို့မှာ ကျန်ခဲ့တဲ့ ကျွန်တော့်ကို ဖုန်းဆက်ပြီး လှမ်းခေါ်သေးတယ်။ တကယ်ကို အဖော်မင်တဲ့ သူငယ်ချင်း။ အကြောင်းမသိသေးလို့ပါ။ Manny Pacquiao က သူ့အပေါ် ကောင်းတဲ့လူတွေကို နှစ်ဆသုံးဆ ပြန်ကောင်းပေးဖို့ ဝန်မလေးဘူး။ ရက်ရောတဲ့ လူသားပါ။ သူများအဆင်ပြေတာကို မြင်ရရင် ဝမ်းသာနေတဲ့ မုဒိတာသမား။ ကျွန်တော် အခုလို နေနိုင်စားနိုင်တာ သူ့ကျေးဇူးတွေပါပဲ။ သားသမီးတွေကိုလည်း ဒီအကြောင်းတွေ ပြန်ပြောဖြစ်တယ်။ သူတို့အတွက် အိပ်ရာဝင်ပုံပြင်ပေါ့။ ဓာတ်ပြားဟောင်းကြီးကိုပဲ အပ်ကြောင်းထပ်အောင် ပြန်ဖွင့်ပါရစေ။ ကျွန်တော်က Manny Pacquiao ရဲ့ ဘေးမှာ အရင်တုန်းကလည်း ရှိခဲ့သလို အခုလည်း ရှိနေဆဲပါ။ နောင်လည်း ရှိနေဦးမှာပါပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Sydney Morning Herald Photo Credit - The Most Popular Lists ကျော်စိုးအောင် (Myanmar Fight Edition)
© COPYRIGHTS 2024 by illuminati