
ကျွန်တော်က ရုပ်ရှင်ကြည့်ရတာ ဝါသနာပါတယ်။ အရင်တုန်းကဆိုရင် နာမည်ကြီးရုပ်ရှင်တော်တော်များများကို ကြည့်ဖြစ်တယ်။ အခုနောက်ပိုင်းတော့ ကျွန်တော်လည်း မအားလို့ သိပ်မကြည့်ဖြစ်ပါဘူး။ DCU တို့ MCU တို့လို စူပါဟီးရိုးရုပ်ရှင်တွေကိုတော့ လက်ရှောင်တယ်။ ကျွန်တော်က အဲလိုကားတွေကို မကြိုက်ပါဘူး။ တစ်ခါတုန်းက နမူနာကြည့်ဖူးတယ်။ ဗလတောင့်တဲ့ ကတုံးကြီးက လက်ယမ်းနေတာလေ။ ပတ်ဝန်းကျင်က ပျက်စီးကုန်တာပဲ။ နာမည်က သားနို့ဆိုလား၊ သားမြတ်ဆိုလားပဲ။ အခုပြောမှာက The Karate Kid ဆိုတဲ့ ရုပ်ရှင်ကား။ လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ထွက်ခဲ့တာဆိုတော့ အများစုလည်း ကြည့်ဖူးကြလိမ့်မယ်။ မီချီဂန်ပြည်နယ် ဒက်ထရွိုက်မြို့ကနေ တရုတ်နိုင်ငံ ပေကျင်းမြို့ကို အလုပ်ပြောင်းလာတဲ့ သားအမိ။ မိခင်က မုဆိုးမ။ ကောင်လေးက မအူမလည်။ သူများတိုင်းပြည်မှာ ကောင်လေးက အနိုင်ကျင့်ခံရတယ်။ အိမ်နားမှာ အေးဆေးနေတဲ့ အဖိုးကြီးရှိတယ်။ ဒီဘဲကြီးက ကွန်ဖူးတတ်တယ်။ အလွယ်ပြောရရင် အဖိုးကြီးက ချာတိတ်လေးကို ကွန်ဖူးသင်ပေးပါတယ်။ အဓိကပြောချင်တာ လာပြီ။ ကွန်ဖူးပြိုင်ပွဲကို ဆရာတပည့်တွေ သွားပြိုင်ကြတယ်။ ချာတိတ်က ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေ မသိဘူး။ အဲဒီမှာ အဖိုးကြီးက ရှင်းပြတယ်။ ကိုယ်ကသာ ဆော်၊ ကိုယ်မခံရစေနဲဆိုလားပဲ။ စကားလုံးအတိအကျမဟုတ်ရင်တောင် ဒီသဘောပဲ။ နောက်ဆုံးမှာ ကောင်လေးက ကွန်ဖူးပြိုင်ပွဲမှာ ချန်ပီယံဖြစ်သွားတယ်။ အဖိုးကြီးနေရာက ဂျက်ကီချမ်းသရုပ်ဆောင်ထားပြီး ကောင်လေးနေရာက ဂျေဒန်စမစ်ပါ။ မေဝယ်သာလည်း တစ်ခါတုန်းက ပြောဖူးတယ်။ ပွဲတိုင်းမှာ အနိုင်ယူချင်ရင် ကိုယ်ကသာ ပြိုင်ဘက်ကို ထိအောင်ထိုး၊ ကိုယ်အထိုးမခံရစေနဲ့တဲ့။ သွားလေသူ ဆရာဦးဒေါင်းနီ ပြောသလိုပါပဲ။ ထိအောင်ထိုး၊ လွတ်အောင်ရှောင်သဘောပါ။ အဖိုးကြီး ဂျက်ကီချမ်းက ချာတိတ်လေး ဂျေဒန်စမစ်ကို ဒီသဘောသင်ပေးသွားတာပါ။ အခုလည်း ONE Friday Fights 95 ပြိုင်ပွဲမှာ ဝင်ကစားတဲ့ မြန်မာ့ရိုးရာလက်ဝှေ့သမားတွေကို ဒီအတိုင်းပဲ အကြံပေးချင်ပါတယ်။ ပြည်ပနိုင်ငံမှာ မွေထိုင်းသွားထိုးရမှာဖြစ်လို့ ကိုယ့်အတွက်က အစိမ်းသက်သက်ပါ။ ကိုယ်ကျင်လည်တဲ့ အားကစားလည်း မဟုတ်ပြန်ဘူး။ စည်းမျဉ်းစည်းကမ်းတွေလည်း မတူပြန်ဘူး။ ဒါပေမယ့် ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး။ ကိုယ့်ဘက်ကသာ ထိအောင်ထိုးပါ၊ ထိအောင်ကန်ပါ၊ ထိအောင် ဒူးတိုက်ပါ၊ ထိအောင် တံတောင်ရိုက်ပါ။ ကိုယ့်ပြန်မထိပါစေနဲ့။ ဒါဆိုရင် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ပါမယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ Application ထဲမှာ ဂိုးရလဒ်ခန့်မှန်းချက်တွေအပြင် တခြားဉာဏ်စမ်းမေးခွန်းလေးတွေ ပါပါသေးတယ်။ ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ONE Friday Fights 95 Photo Credit - ONE Championship ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati