
သိမီသလောက်ပြောရရင် ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်းက ရိုးရာလက်ဝှေ့ကို ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံး။ Prime Time of Myanmar Lethwei လို့တောင် ပြောလို့ရတယ်။ ပြည်တွင်းပြည်ပမှာ မျက်နှာပန်းလှတယ်။ ဒါကလည်း ကျွန်တော်သိမီသလောက် ပြောပြနိုင်တာပါ။ ကျွန်တော့်ထက် အသက်ကြီးတဲ့ ဝါရင့်ပရိသတ်တွေက ကျွန်တော့်ထက် ပိုပြောနိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့ Prime Time of Myanmar Lethwei လို့ပြောရသလဲဆိုရင် ရိုးရာလက်ဝှေ့ကို ကမ္ဘာ့နိုင်ငံတွေက စိတ်ဝင်စားကြလို့ပါ။ အင်တာနက်ခေတ်ဦးမှာ လက်ဝှေ့သတင်းတွေက လူထုကြားမှာ ပလူပျံနေတယ်။ Dave Leduc ၊ Tokeshi Kohei ၊ Ali Qaradaghy နဲ့ Higashi Shuhei တို့လို ပြည်ပဖိုက်တာတွေက ရိုးရာလက်ဝှေ့ကို စိတ်ဝင်စားလာကြတယ်။ ဒီအထဲမှာ ဂျပန်နိုင်ငံ စအိတမမြို့သား Daiki Kaneko လည်းပါတယ်။ အောင်မယ်။ နာမည်ကိုတောင် မြန်မာမှုပြုထားသေးတယ်။ မောင်ရွှေကိုတဲ့။ Kane က ဂျပန်လို ရွှေတဲ့။ နောက်က Ko ပေါင်းပြီး ရွှေကိုလုပ်လိုက်တာပါ။ ဂျပန်လေး မောင်ရွှေကိုပါတဲ့လေ။ သပြေညိုနဲ့ Daiki Kaneko တွဲဆိုင်းကို သိမ်ဖြူရုံမှာ စကြည့်ဖူးခဲ့တာပါ။ သပြေညိုက ပတ်လည်စီးပါပဲ။ Daiki Kaneko က MMA Experience ရှိဖူးပေမယ့် ရိုးရာလက်ဝှေ့မှာ သပြေညိုရဲ့ အဆင့်မဟုတ်ဘူး။ ပွဲဦးထွက်မှာ ပွဲကြပ်ကြုံရတာပါ။ ဒုတိယအချီမှာ Daiki Kaneko ကွဲရှုံးဖြစ်သွားတယ်။ သပြေညိုက ခေါင်းတိုက်လိုက်တာ ညာမျက်ခွံကွဲသွားတာပါ။ ဒါပေမယ့် Daiki Kaneko ရဲ့ အသည်းဇွဲကို ပရိသတ်တွေက အသိအမှတ်ပြုသွားကြတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/437nPNt ကြည့်ပါ။ အဲဒီနောက်မှာ Daiki Kaneko က လက်ဝှေ့ပိုးဝင်သွားပုံရပါတယ်။ ခေါင်းတိုက်နည်းတွေ လေ့ကျင့်နေတယ်။ Daiki Kaneko နဲ့ ဉာဏ်လင်းအောင်တို့က ဂျပန်နိုင်ငံမှာ ကစားသေးတယ်။ ဉာဏ်လင်းအောင်က မြန်မာနိုင်ငံမှာ ထင်ရှားသူမဟုတ်ပေမယ့် အထိုက်အသင့် နာမည်ရှိပါတယ်။ Daiki Kaneko က လက်ဝှေ့အတွေ့အကြုံလိုသေးလို့ဖြစ်မယ်။ ဒုတိယပွဲမှာလည်း ရှုံးတာပါပဲ။ အဲဒီနောက်တော့ သတ္တိကလပ်မှာ လေ့ကျင့်ပြီး ပွဲဝင်ထိုးတာပါ။ စောဂေါ်မူဒိုရဲ့ လေ့ကျင့်ဖော်ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ ဂျပန်နိုင်ငံသားတွေရဲ့ စိတ်ဓာတ်မာကျောမှုကို ပြောစရာရှိတယ်။ ဂျပန်ဖိုက်တာတွေက စိတ်ဓာတ်ကောင်းတယ်။ တော်ရုံထိချက်ကိုလည်း အရှုံးမပေးဘူး။ ရသလောက် ပေထိုးတယ်။ Daiki Kaneko ဘက်ကကြည့်ရင်လည်း (၂) ပွဲဆက်ရှုံးထားတာဆိုတော့ ရိုးရာလက်ဝှေ့ကို လန့်သွားဖို့ကောင်းပါတယ်။ နောက်မဆုတ်ဘဲ ဆက်ကစားတာ၊ အသည်းဇွဲနဲ့ စိတ်ဓာတ်ပိုင်းက လေးစားဖို့ကောင်းတယ်။ နောက်ပွဲတွေ ဆက်ထိုးပြီး နိုင်ပွဲဖော်ဆောင်နိုင်တယ်။ ဂျပန်နိုင်ငံမှာ Daiki Kaneko က Daisaku Tanaka ကို အလဲထိုးခဲ့သေးတယ်။ ပထမဆုံးနိုင်ပွဲလို့ပဲ ဆိုရမယ်။ အဲဒီတွဲဆိုင်းက ကြာလှပြီဆိုတော့ သိပ်မမှတ်မိလှဘူး။ အွန်လိုင်းကနေပဲ ကြည့်ရတာပါ။ ဂျပန်နိုင်ငံမှာ ဂျပန်အချင်းချင်းက ရိုးရာလက်ဝှေ့ကစားတယ်လို့ပဲ ခပ်ရေးရေးမှတ်မိပါတယ်။ အင်းစိန်ကရင်နှစ်သစ်ကူးပွဲတော်မှာ Daiki Kaneko နဲ့ လွမ်ချိုင်းတို့လည်း ကစားဖူးတယ်။ လွမ်ချိုင်းက ဝမ်ချိုင်းရဲ့ သားဖြစ်ပြီး စောဒါဝိတ်ကို နိုင်ဖူးတယ်။ လွမ်ချိုင်းက အတွေ့အကြုံနုသေးတယ်။ Daiki Kaneko လောက် မကောင်းသေးပါဘူး။ ပထမအချီမှာ လွမ်ချိုင်းက အနားတောင်းရတယ်။ အနားတောင်းပြီး ဆက်မထိုးတော့ဘဲ ဆင်းသွားလိုက်တယ်။ တော်တော်နာသွားတာပါ။ သိမ်ဖြူရုံမှာ Daiki Kaneko နဲ့ Martin Sutai တို့လည်း ကစားကြဖူးတယ်။ အဲဒီတုန်းက ရုံအရောက် ကြည့်လိုက်ရတယ်။ Martin Sutai က အင်္ဂလန်နိုင်ငံသားဖြစ်ပြီး အဖြူကောင်လေးပါ။ ဆံပင်အဝါဆိုးထားတယ်။ ပွဲမထိုးခင်မှာ Daiki Kaneko က ကရင်အင်္ကျီဝတ်ပြီး လက်ဝှေ့ရေးပြသေးတယ်။ ပြီးစလွယ်မဟုတ်ဘဲ သေသေချာချာလေးပြသွားတာပါ။ မြန်မာပရိသတ်တွေလည်း ဝက်ဝက်ကွဲအားပေးကြတယ်။ Martin Sutai က Body Shot မခံနိုင်ပါဘူး။ ပထမအချီမှာတင် အမှတ်စဉ်ရေခံရသလို အနားတောင်းရတယ်။ ဆက်ထိုးတော့လည်း ဒုတိယအချီမှာ ရှုံးတာပါပဲ။ စိတ်ဝင်စားရင် ဒီမှာ bit.ly/3D5VLQ0 ကြည့်ပါ။ ဂျပန်နိုင်ငံမှာ Daiki Kaneko က Daryl Lokuku ကို ရှုံးလိုက်သေးတယ်။ ပြောရရင် အရှည်ကြီးပါပဲ။ Daiki Kaneko ကို ကြည့်လိုက်ရင်လည်း ဂျပန်နိုင်ငံမှာ ကစားလိုက်၊ မြန်မာပြည်မှာ ပွဲထိုးလိုက်လုပ်နေတာပါ။ ဂျပန်နိုင်ငံမှာ ကစားရင် အရင်ကလေ့ကျင့်တဲ့ ကလပ်မှာ ပြင်ဆင်တယ်။ မြန်မာနိုင်ငံမှာ ကစားရင် သတ္တိကလပ်မှာ လေ့ကျင့်တယ်။ အဲဒီလိုလုပ်နေတာပါ။ သွားလိုက်ပြန်လိုက်ပေါ့လေ။ Daiki Kaneko နဲ့ သပြေညိုတို့က မကျေပွဲပြန်ထိုးသေးတယ်။ မကျေပွဲမှာ စွမ်းဆောင်ရည်က ပြောလောက်အောင် မကွာတော့ဘူး။ Daiki Kaneko ကတောင် ဖိဖိစီးစီးထိုးနေသေးတယ်။ ဒါပေမယ့် သပြေညိုရဲ့ မာဂုဏ်ကို မကျော်နိုင်ပါဘူး။ အတွေ့အကြုံက ကွာသေးတာမလား။ Daiki Kaneko ပဲ ဆက်ရှုံးပါတယ်။ ဆက်ပြောရရင် အများကြီးပါပဲလေ။ Daiki Kaneko နဲ့ ထက်အောင်ဦးတို့က ကမ္ဘောဇအောင်လံပွဲမှာ ခါးပတ်လုကြသေးတယ်။ အမှတ်တရပြောရရင် အရင်နှစ်က ထက်အောင်ဦးဟာ ရာမာန်ကို ဒုတိယအချီမှာ အလဲထိုးပြီး ကမ္ဘောဇအောင်လံပွဲမှာ ခါးပတ်ရလိုက်သေးတယ်။ အမာတစ်လိုင်း ထက်အောင်ဦးက Daiki Kaneko ထက် အများကြီးဝါရင့်ပါတယ်။ ရဲတံခွန်တို့ ကျားပေါက်တို့နဲ့မှ ခေတ်ပြိုင်တွေမလား။ ဒါပေမယ့် Daiki Kaneko က ထက်အောင်ဦးကို အလဲထိုးနိုင်ပြီး ခါးပတ်ရလိုက်သေးတယ်။ အဲဒီနောက်မှာ Daiki Kaneko က ကြယ်စင်ဖြိုးကို ဂျပန်နိုင်ငံမှာ အလဲထိုးနိုင်ပါတယ်။ ကြယ်စင်ဖြိုးက ရွှေခါးပတ်ချန်ပီယံဖြစ်သလို ဝါရင့်သမ္ဘာရင့်ဆိုပေမယ့် ကြံ့ခိုင်ရည်ပြည့်ဝပုံမပေါ်ဘူး။ ဒုတိယအချီမှာ ရှုံးခဲ့တာပါပဲ။ စိတ်ဝင်စားရင် ဒီမှာ bit.ly/4hPBeyt ကြည့်ပါ။ Daiki Kaneko နဲ့ Sankom တွဲဆိုင်းကိုလည်း အမှတ်တရရှိနေသေးတယ်။ အမှတ်တရရှိရတာ Daiki Kaneko ရဲ့ လူမှုရေးပြဿနာကြောင့်ပါ။ ပွဲမတိုင်ခင်မှာ Daiki Kaneko က တရားစွဲခံလိုက်ရတယ်။ ကြာပြီဆိုတော့ သေချာမမှတ်မိပါဘူး။ အဲဒီတုန်းက ၆၆ (ဃ) ဆက်သွယ်ရေးပုဒ်မဖြစ်မယ်ထင်တာပဲ။ အကောင့်တုသုံးပြီး ရည်းစား (ဟောင်း) ကို ခြိမ်းခြောက်တယ်ဆိုလားဘာလား။ ငွေကြေးအရှုပ်အရှင်းတွေဘာတွေလည်း ပါသေးတယ်။ အဲဒီခေတ်က အမာခံပရိသတ်တွေဆိုရင် ပြဿနာကို သေချာသိလိမ့်မယ်။ ကျောက်တံတားရဲစခန်းမှာ အမှုဖွင့်ခံရတာပါ။ ပွဲပျက်မလိုတောင် ဖြစ်သွားတယ်။ ပွဲစီစဉ်သူတွေက ရဲစခန်းမှာ အာမခံလုပ်ပေးပြီး ပွဲထိုးခိုင်းရတယ်။ နောက်ဆုံးပွဲမှာ Daiki Kaneko က Sankom ကို အလဲထိုးရှုံးထားပါတယ်။ ခြုံပြောရရင် Daiki Kaneko က ရိုးရာလက်ဝှေ့မှာ (၅) ပွဲနိုင်ပြီး (၅) ပွဲရှုံးထားတယ်။ ရလဒ်အားဖြင့် အထင်ကြီးစရာမဟုတ်ပေမယ့် မြန်မာမှုမြန်မာဟန်ကို အလေးထားတဲ့ ပြည်ပဖိုက်တာမို့လို့ ပရိသတ်တွေက အားပေးကြတာပါ။ နောက်ပိုင်းမှာ ကစ်ဘောက်ဆင်လို တခြားအားကစားနည်းတွေမှာ ဝင်ကစားပေမယ့် ပရိသတ်တွေကြားမှာ ထင်ထင်ရှားရှား မဟုတ်တော့ဘူး။ ကစ်ဘောက်ဆင်ထိုးရင်တောင် ကရင်အင်္ကျီဝတ်ပြီး ကြိုးဝိုင်းထဲဝင်တာပါ။ တိုက်ပုံလေးဝတ်ပြီး ပွဲတက်လာတဲ့ မောင်ရွှေကိုလေးကို ပရိသတ်တွေက အခုထိလည်း သတိရဦးမယ်ထင်တယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Tomorrow Photo Credit - Nagumo Daiki ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati