
UFC 312 ပြိုင်ပွဲကို ခြုံငုံကြည့်လိုက်ရင် ကျွန်တော့်အတွက် အကြိုက်မတွေ့ဘူး။ UFC 311 ပြိုင်ပွဲမှာ အရန်ဖိုက်တာမရှိလို့ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ခဲ့တာ အမှတ်မရှိသေးဘူးထင်တယ်။ UFC 312 ပြိုင်ပွဲမှာလည်း အရန်ဖိုက်တာထည့်မထားဘူး။ Khamzat Chimaev ဆိုရင်လည်း ယူအေအီးနိုင်ငံမှာ ရှိနေတာပဲ။ ဆော်ဒီအာရေဗျနိုင်ငံကို ခေါ်ထားလိုက်ရင်လည်း ဘာအပန်းကြီးတာမှတ်လို့။ ခေါင်ပွဲက စွမ်းဆောင်ရည်ကွာလွန်းပါတယ်။ ပထမပွဲမှာ ဝင်လုံးခံရလို့သာ ရှုံးရတာပါဆိုပြီး Sean Strickland ဘက်က ပြောလို့ရသေးတယ်။ မကျေပွဲမှာ ပွဲချိန်အများစုကို ယှဉ်ထိုးသွားတာပါ။ ယှဉ်ထိုးရင်လည်း Dricus du Plessis က အသာကြီးပါ။ Sean Strickland က လက်သီးအားပြုလွန်းပြီး လက်သီးတောင်မှ ထောက်လက်သီးပဲထွက်တယ်။ Dricus du Plessis က ရေကူးလက်သီးဆိုပေမယ့် လက်သီး၊ ဒူးတံတောင် အစုံထွက်တယ်။ ခြေကန်ချက်တွေဆိုလည်း မနည်းဘူး။ ပတ်တံတောင်တွေတောင် ပါလိုက်သေးတယ်။ အခုဆိုရင် Dricus du Plessis နဲ့ Sean Strickland တို့က (၅) မိနစ် (၁၀) ချီကစားဖူးထားတယ်။ မိနစ် (၅၀) စာထိုးဖူးထားလို့ အကြောင်းသိတွေ ဖြစ်ကုန်ပါပြီ။ တတိယပွဲကိုလည်း ပြန်မကြည့်ချင်ပါဘူး။ တတိယပွဲထိုးဖြစ်ရင်လည်း Sean Strickland နိုင်ဖို့မလွယ်ပါဘူး။ အသက်ငယ်သေးတဲ့ Dricus du Plessis ကပဲ ပွဲသိမ်းသွားနိုင်တယ်။ Khamzat Chimaev ကလည်း ခါးပတ်လုဖို့ အဆင်သင့်ပဲမို့ နှစ်မကုန်ခင်မှာ ပွဲဖြစ်ပါလိမ့်မယ်။ ဒုတိယခေါင်ပွဲက ပိုဆိုးသေးတယ်။ Tatiana Suarez ကို တော်တော်ထင်ထားတာပါ။ မတင်ရွှေက အိမ်စာလုပ်မလာဘူး။ Zhang Weili ကို ဗလအားကိုးပြီး အလွယ်တကူနိုင်လိမ့်မယ်ထင်နေတယ်။ အဲလောက်ထိ မလွယ်ဘူးလေ။ Tatiana Suarez က Striking ပြင်မလာသလို သက်လုံလည်း ပြင်မလာဘူး။ အစောပိုင်းမှာတင် ပွဲဖြတ်ဖို့ Game Plan ဆွဲထားသလား မှတ်ရတယ်။ ပထမအချီလောက်ပဲ Tatiana Suarez က ကောင်းကောင်းကစားနိုင်တယ်။ နောက်ပိုင်းအချီတွေမှာ ဘာမှမလုပ်နိုင်ဘူး။ ဝင်လုံးလို့ မရတဲ့အခြေအနေမှာ ယှဉ်ထိုးရပြန်တော့လည်း အဆင့်က အကွာကြီး။ တရုတ်မ Zhang Weili က အိမ်စာလုပ်လာတယ်။ Takedown Defense တွေက တော်တော်ကို ကောင်းတာပါ။ Tatiana Suarez ရဲ့ Striking Skill က သာမန်ထက် မပိုဘူး။ အဲဒီမှာ ဂွမ်းသွားတာပဲ။ ကံကောင်းလို့သာ အလဲထိုမခံရတာပါ။ ပွဲပြီးတဲ့အခါမှာ Alex Pereira နဲ့ Dricus du Plessis တို့က စကားအခြေအတင်ဖြစ်လိုက်သေးတယ်။ အင်တာဗျူးမှာ မင်း ဘာပြောသွားတာလဲ၊ ငါ့ကို စိန်ခေါ်တာလား၊ ငါသေချာနားမလည်လိုက်လို့ပါဆိုပြီး Alex Pereira က Dricus du Plessis ကို သွားမေးတယ်။ အေး . . . စိန်ခေါ်တယ်ဆိုရင်လည်း လိုက်ဟဲဗီးဝိတ်တန်းကို တက်ခဲ့ပါတဲ့။ အိုကေ တက်လာမယ်ဆိုပြီး Dricus du Plessis က ပြန်ဖြေလိုက်တယ်။ ပြောလို့သာ ပြောတာပါ။ Dricus du Plessis က Khamzat Chimaev ကို အရင်ထိုးရလိမ့်မယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati