
ကစားသမားက အားကစားအလုပ်ကိုပဲ အာရုံစိုက်ရမယ်၊ စာမတတ်ပေမတတ်မို့ ဥာဏ်ထိုင်းပြီး ပေါ်ပင်မှာ ပျော်ရွှင်သွားရင် ရလဒ်ဆိုးသွားတာပဲ။ ဒါတွေကို ဟိုးအရင်တည်းက မြင်ဖူးပြီးသားပါ။ မြန်မာပြည်က ဗုံမဟုတ် ပတ်မဟုတ်၊ အောက်ကလိအာ အာကလိအောက် ဆယ်လီတုတ်ကြောင်နဲ့ ဉာဏ်ရည်နိမ့် ခံကြီးမောင်တွေမှ မဟုတ်ပါဘူး။ ထူးချွန်ကျော်ကြား ကမ္ဘာ့စူပါစတားတွေတောင်မှ ဒီအတိုင်းဖြစ်ခဲ့ဖူးတာပါ။ Ronda Rousey ကို သိကြလိမ့်မယ်။ အိုလံပစ်ဂျူဒိုကြေးတံဆိပ်ဆုရှင်ပါ။ အဆင့်က ဟိုးအမြင့်ကြီးပါ။ မြန်မာပြည်မှာ အခုချိန်ထိ အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်ရဖူးတာ ဘယ်သူရှိလဲ။ ဆီးဂိမ်းမှာတောင် အဖိုးကယ်ပါ အဖွားကယ်ပါဆိုသလို အရပ်ကူပါ လူဝိုင်းပါဖြစ်နေတာမလား။ Armbar Queen က ဘင်တန်ဝိတ်ခါးပတ်ကို (၆) ကြိမ်အထိ ကာကွယ်နိုင်ခဲ့ပြီး ဝင်ငွေသန်းဆယ်ချီရှာနိုင်ခဲ့တယ်။ အဲဒီနောက်မှာ Ronda Rousey က အပျော်အပါးမက်လာပြီး အားကစားကို အာရုံစူးရိုက်မှုလျော့နည်းလာတယ်လို့ ယူဆမိပါတယ်။ ရင်ထွားထွား၊ တင်ကားကားပုံကို လူမှုကွန်ရက်မှာ ပြလာတယ်။ ဆယ်လီလိုလို ဘာလိုလို လုပ်လာပြီး ရှိုက်ကြီးဖိုငယ်၊ အသွယ်သွယ်ကို ထုတ်ကြွားလာတယ်။ ပွဲမထိုးခင်မှာ လိင်ဆက်ဆံရင် ရလဒ်ကောင်းတယ်တဲ့။ ပေါ်ပင်ပျော်ရွှင်နေတုန်းမှာ Holly Holm က မျက်နှာဖြတ်ကန်လိုက်တာ Ronda Rousey က ချန်ပီယံပြုတ်ပါလေရော။ ပရိသတ်က ကိုယ့်နိုင်ငံသားကို အားပေးကြတာပါ။ လူနည်းစု အမျိုးသမီးတွေကို ပိုတွန်းကြတယ်။ ဒါကို ဘာသာပြန်မလွဲစေချင်ဘူး။ အမျိုးသားတွေက ဆန့်ကျင်ဘက်လိင်ကြောင့် အားပေးနေတာမဟုတ်ဘဲ လူနည်းစုကို ဖြစ်စေချင်လို့ လက်ခုပ်တီးပေးတာကို နားလည်စေချင်ပါတယ်။ တင်ပါးနဲ့ ရင်သားပြပြီး ဂန်ဂူးဘိုင်မဆန်ဖို့ အရေးကြီးတယ်။ အမှားလည်း လုပ်ထားသေးတယ်၊ အရှက်လည်း မရှိရင် ဘယ်လိုမှ မတိုးတက်နိုင်ပါဘူး။ ဟီရိသြတ္တပ္ပတရားက နယ်ပယ်တိုင်းမှာ အရေးကြီးပါတယ်။ အားယားနေလို့ ဘေးဘုထိုင်ပြောတာ မဟုတ်ဘဲ ဗဟုသုတဖြစ်စရာတွေလည်း အများကြီးရေးဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ တိုက်ခိုက်ရေးအားကစားလောကမှာ ကျွန်တော့်ထက် နာမည်ကြီးသူတွေ အများကြီးရှိပေမယ့် ကျွန်တော့်ထက် အရေးအသားကောင်းသူတော့ အခုထိ မတွေ့မိသေးပါဘူး။ ကျွန်တော်ပြောတာ သဘောမကျရင် အရေးအသားပိုင်းမှာ ကြိုက်သလို လာယှဉ်လို့ရပါတယ်။ မြန်မာနိုင်ငံမှာ ပရိသတ်အကြိုက်လိုက်ပြောရင် Like & Share ရတယ်၊ လူသိများလာရင် လောင်းကစားကြော်ငြာလက်ခံမယ်။ Facebook မှာ လောင်းကစားကြော်ငြာလက်ခံရမှာ ရှက်ရင်လည်း Telegram မှာ လက်ခံမယ်လေ။ ပရိသတ်အကြိုက် လိုက်ပြောရုံတင် မကဘဲ ကစားသမားအကြိုက်ပါ လိုက်ပြောနေတာက ပိုဆိုးတယ်။ ကစားသမားတွေရဲ့ ဉာဏ်ရည်ကိုလည်း အကဲခတ်လိုက်ဦး။ ဥာဏ်ရည်က အလယ်တန်းအဆင့်လောက်ပဲ ရှိတာပါ။ ကစားသမားတွေကို လမ်းမှန်ရောက်အောင် ထောက်မပြဘဲ အဲလိုတွေ မြှောက်ပြောနေရင် ပိုဆိုးကုန်လိမ့်မယ်။ ပရိသတ်အကြိုက် လိုက်ပြောပုံကို ရှင်းပြရဦးမယ်။ UFC အဖွဲ့အစည်းက သက်ကြီးရွယ်အို အောင်လအန်ဆန်းကို ကမ်းလှမ်းသေးတယ်တဲ့။ ဟုတ်လည်း မဟုတ်၊ မှန်လည်း မမှန်။ မွေထိုင်းမထိုးခင်မှာ သွေးသစ်ဝင်းလှိုင်ကိုလည်း စွတ်မြှောက်ပေးတယ်။ ခွန်ဆွတ်ကိုပဲ အစိမ်းလိုက်ဝါးစားမလိုလို။ ရှုံးလာတော့လည်း ဘာကြောင့်ရှုံးသလဲတဲ့။ အဲဒီလို အဓိပ္ပာယ်မရှိတာတွေ လျှောက်ရေးနေတဲ့ လောကကြီးမှာ ကျွန်တော်တို့ နေထိုင်တယ်။ မကျေနပ်ရင်လည်း အရေးအသားပိုင်းမှာ ကြိုက်သလို လာယှဉ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာ ခက်ခဲနေရင် ပြည်ပထွက်ထိုးတာ အကောင်းဆုံးပဲ။ ပေါ်ပင်မမက်ဘဲ ကြိုးစားစေချင်တယ်။ ကြော်ငြာမင်းသားလိုလို ဆယ်လီလိုလိုလုပ်လာရင် တိုင်ပတ်ကုန်တာပဲ။ ပရိသတ်တွေက ကိုယ့်လူကို နိုင်စေချင်ကြတယ်။ သူတို့အပိုဆုကြေးရရင် ပရိသတ်တွေပျော်ရတယ်။ ကိုယ်ရတာ မဟုတ်ပေမယ့် ပီတိကိုစား အားရှိတာပါ။ ကစားသမားရဲ့ အားနည်းချက်ကို ထောက်ပြတာကို ဘာသာပြန်မလွဲစေချင်ဘူး။ ကိုယ့်ဘက်ကလည်း ဉာဏ်ရည်နိမ့်သေးတယ်၊ ရွဲ့သလိုလို ဘာလိုလိုလုပ်နေရင် ရှုံးပွဲဆက်ရုံကလွဲပြီး တခြားမရှိပါဘူး။ ဒါမျိုးတွေက ရွံစရာကောင်းတယ်။ ဒီလောက်ရှုံးပွဲဆက်နေတာကိုလည်း အရှက်ရှိကြစမ်းပါ။ အခုဆိုရင် ပရိသတ်တွေက မြန်မာဖိုက်တာတွေရဲ့ အဆင့်ကို သိနေကြပြီ။ ကစားသမားတွေကသာ ကိုယ့်အဆင့်ကို ကိုယ်သိဖို့ပဲ လိုနေတာပါ။ ရှင်းအောင်ပြောရရင် ကစားသမားက ပရိသတ်ရဲ့ အထက်မှာ မရှိပါဘူး။ ကုန်ကုန်ပြောမယ်၊ ကစားသမားက ဉာဏ်ရည်နိမ့် ခံကြီးမောင်လုပ်လို့ ဒဏ်ရာရပြီး ဒုက္ခိတဖြစ်သွားရင်တောင် ပရိသတ်တွေက နောက်တက်တွေကို အားပေးနေဦးမှာပဲ။ ဒါကလည်း ကြေးစားတွေကို စော်ကားတာ မဟုတ်ဘဲ အရှိတရားကို ပြောပြလိုက်တာပါ။ အခွင့်အရေးရတုန်းမှာ ကြော်ငြာယောင်ယောင်၊ ဆယ်လီယောင်ယောင်မလုပ်ဘဲ ကြိုးစားကြပါလို့။ စာဖတ်သူတွေ ဘေးကင်းပါစေ။ Reference Source - ESPN Photo Credit - Getty Images ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati