
ဂျပန်လေး Haruyuki Tanitsu က ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်ကို ဒုတိယအချီမှာ အလဲထိုးပြီး ဘောနပ်ယူသွားပါတယ်။ လက်ရည်မမျှတဲ့ တွဲဆိုင်းလို့ပဲ ဆိုပါရစေ။ အဆင့်က အကွာကြီးပါပဲ။ ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်ရဲ့ မာဂုဏ်ကြောင့်သာ ပထမအချီမှာတင် အလဲထိုးမခံရတာပါ။ ONE Friday Fights ပြိုင်ပွဲတွေမှာ Haruyuki Tanitsu က (၃) ပွဲဆက်နိုင်ထားပြီး (၂) ပွဲဆက်အလဲထိုးထားလို့ ONE Contract ရခါနီးဖြစ်နေတာပါ။ ဘာလို့အပြာထောင့်ပေးထားသလဲ မပြောတတ်ဘူး။ ရသလောက်ပေထိုးသွားတဲ့ ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်ရဲ့ စိတ်ဓာတ်ကိုတော့ ချီးကျူးချင်ပါတယ်။ ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်နဲ့ Haruyuki Tanitsu တို့က (၁၁၇ ပေါင် - ၅၃ ကီလို) တန်းမှာ ဝိတ်ညှိပြီး မွေထိုင်းထိုးတာပါ။ Haruyuki Tanitsu က တော်တော်မြန်နေတယ်။ နင်းခြေ၊ တားခြေသုံးပြီး အကွာအဝေးထိန်းထားတယ်။ လက်သီးက တော်တော်သွက်တာပါ။ တောင်ကလေးသား ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်က ဘီလူးဆိုင်းတီးပြီး ချောင်ပိတ်ထိုးချင်ပေမယ့် Haruyuki Tanitsu ရဲ့ အမြန်နှုန်းကို လိုက်မမီဘူး။ Haruyuki Tanitsu က ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်ရဲ့ ဘယ်ခြမ်းကနေ ထွက်ထွက်သွားပြန်တယ်။ ထိုးပြီးရင် ပြန်ထွက်တာပါ။ ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်က တစ်ချက်တလေပဲ ပြန်ကန်နိုင်တယ်။ ပထမအချီမှာ Haruyuki Tanitsu က အသာစီးထိုးနိုင်ခဲ့တယ်။ ဒုတိယအချီမှာ ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်က ပြန်ဖိအားပေးပြီး ဖွင့်ထိုးလာတယ်။ ဆိုင်ထိုးပြိုင်ထိုးလုပ်ချင်တာပါ။ ဒါပေမယ့် ဆိုင်ထိုးရင်လည်း ဂျပန်လေး Haruyuki Tanitsu ရဲ့ လက်သီးက ပိုသွက်နေတာမို့ ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်ပဲ အထိနာပါတယ်။ Body Movement နဲ့ Hand Speed က အတော်ကွာနေတာပါ။ လက်သီးနည်းစနစ်လည်း ကွာပါတယ်။ ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်က လက်သီးအလေအလွင့်များတယ်။ ခေါင်းငုံ့ဝင်တာက Haruyuki Tanitsu အကြိုက်ဖြစ်တာပါ။ ဆိုင်ထိုးရင် ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်က လက်သီး (၂) ချက်လောက် ထွက်တဲ့အချိန်မှာ Haruyuki Tanitsu က (၄) ချက်ထွက်တယ်။ ဒါပေမယ့် ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်က ရုပ်ပိုင်းဆိုင်ရာ ပိုကြံ့ခိုင်တယ်။ အထိနာနေပေမယ့် မျက်နှာက ပုံမပျက်ပါဘူး။ ဂျပန်လေး Haruyuki Tanitsu ကပဲ နှာခေါင်းသွေးယိုလာတယ်။ အသားဖြူတော့ သွေးထွက်တာ ပိုသိသာတယ်။ ဂျပန်လေး Haruyuki Tanitsu ရဲ့ နင်းခြေ၊ တားခြေက ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်ကို အထိနာစေတာပါ။ ဒုတိယအချီမှာ ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်က ဘယ်ခြေနာသွားပုံပေါ်တယ်။ Fighting Stance ပြောင်းပြီး ကစားတာကိုလည်း သတိထားမိတယ်။ ခြေနာသွားတဲ့အတွက် Footwork မမှန်တော့ဘဲ ဟန်ချက်ပျက်လာတယ်။ Haruyuki Tanitsu ရဲ့ ခြေကန်ချက်တွေက ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်ရဲ့ နံဘေးကို ဆက်ထိသလို Body Shot တွေကလည်း နင့်ခနဲ။ ဘယ်လောက်ပဲ မာတယ်ဆိုပေမယ့် လူဆိုတာ လူလောက်ပဲ မာနိုင်တာပါ။ Haruyuki Tanitsu ကလည်း ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်ကို မနားတမ်းဘဲ ဖိအားပေးထားတယ်။ လက်ကျန်အချိန်တွေမှာ အလဲထိုးချင်တာပါ။ ရွှေခါးပတ်ချန်ပီယံ သက်ပိုင်အောင်က မယ်မယ်ရရပြန်မလုပ်နိုင်ဘဲ တိုင်ပတ်နေတယ်။ ပထမအကြိမ် အမှတ်စဉ်ရေခံရတယ်။ ပြန်လွှတ်ပေးတော့လည်း ပြန်မှောက်တာပဲ။ ဒုတိယအကြိမ် လဲကျသွားတဲ့အချိန်မှာ ကြိုးဝိုင်းဒိုင်က ပွဲရပ်လိုက်ပါတယ်။ လက်ရည်က တော်တော်ကွာနေတာပါ။ ခွာထိုးတော့လည်း အမြန်နှုန်းကို လိုက်မမီသလို ဆိုင်ထိုးတော့လည်း လက်မသွက်ပါဘူး။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - SCMP Photo Credit - ONE Championship ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati