
အခုဆိုရင် စိုးလင်းဦးက ကော်လိုရာဒိုပြည်နယ် ဒန်ဗားမြို့မှာ ပွဲထိုးရတော့မယ်။ မြန်မာနိုင်ငံသားထဲမှာ အမေရိကန်နိုင်ငံအထိ ပွဲထိုးခွင့်ရတဲ့ ပထမဆုံးလက်ဝှေ့သမားလို့ မှတ်တမ်းဝင်သွားပါတယ်။ (၁၃၆) ရက်တောင် လိုသေးတာဆိုတော့ ပြင်ဆင်ချိန်အများကြီးရပါတယ်။ ကြေးစားအတွက် အဓိကအလုပ်က သတ်မှတ်ဝိတ်ဝင်ဖို့ပါပဲ။ နိုင်တာရှုံးတာထက် ဝိတ်ရဖို့က ပိုအရေးကြီးပါတယ်။ အမေရိကန်ဗီဇာအတွက် ONE Championship က လုပ်ပေးမှာလား၊ စိုးလင်းဦးကိုယ်တိုင် လျှောက်ရမှာလား။ ဒီအချက်က အရေးကြီးပါတယ်။ အခုတည်းက သေချာအောင် မေးထားပါ။ ဗီဇာရဖို့ အရေးကြီးပါတယ်။ ဗီဇာမရရင် ပွဲထိုးလို့မရပါဘူး။ မြေကြောရှုံ့ပြီး စျာန်ကြွသွားလို့လည်း အဆင်မပြေဘူး။ အခုတည်းက ကြိုပြင်ဆင်ထားတာပါ။ သမ္မတ Donald Trump လက်ထက်မှာ အမေရိကန်ဗီဇာက အရင်ထက် ပိုကြပ်ပါတယ်။ ဗီဇာမရရင် အပိုင်း (၁) မှာတင် ဇာတ်သိမ်းသွားပါပြီ။ စိုးလင်းဦးအတွက် ဘန်ကောက်မြို့မှာ ပွဲထိုးတာက မခက်ပါဘူး။ ထိုင်းစံတော်ချိန်က မြန်မာစံတော်ချိန်ထက် နာရီဝက်ပဲ စောတာမို့ အိပ်ချိန်က သိပ်မသိသာဘူး။ ထိုင်းနိုင်ငံမှာလည်း မိတ်ဆွေတွေ အများကြီးပဲလေ။ ကော်လိုရာဒိုပြည်နယ် ဒန်ဗားမြို့ရဲ့ ဒေသစံတော်ချိန်က မြန်မာစံတော်ချိန်ထက် (၁၂) နာရီခွဲနောက်ကျတယ်။ အခုစာရေးတဲ့အချိန်မှာ ရန်ကုန်မြို့က မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီခွဲဆိုပေမယ့် ဒန်ဗားမြို့က ဒေသစံတော်ချိန် မနက် (၃) နာရီပဲရှိသေးတာပါ။ အဲလောက်ကွာတယ်။ Time Zone က နေ့နဲ့ညကွာပါတယ်။ မြန်မာနိုင်ငံမှာ အိပ်ရာဝင်ရင် ဒန်ဗားမြို့မှာ မနက်ဝေလီဝေလင်း (အိပ်ရာထတုန်း) ပဲရှိသေးတယ်။ တော်တော်ကြီးကို ကွာနေတာပါ။ အချိန်ကွာဟမှုကြောင့် စိုးလင်းဦးက နေ့နဲ့ညလွဲနိုင်ပါတယ်။ နေ့ခင်းဘက်မှာ အိပ်ချင်နေပြီး ညဘက်မှာ လန်းဆန်းနေတာမျိုးပါ။ တစ်ပတ်လောက် ကြိုသွားနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါဆိုရင် နည်းနည်းသက်သာပါတယ်။ အဓိကအရေးကြီးတာ လာပါပြီ။ အဲဒါက အစားအသောက်ပါ။ ဒန်ဗားမြို့မှာ မြန်မာစားသောက်ဆိုင်ရှိလား။ ကော်လိုရာဒိုပြည်နယ်မှာ အကြီးဆုံးမြို့ဆိုတော့ ရှိနိုင်ပါတယ်။ ကျွန်တော်လည်း မသိပါဘူး။ ကြိုစုံစမ်းထားပါ။ ဟိုတယ်စာစားလို့ရနိုင်ပေမယ့် မြန်မာပါးစပ်က ခံတွင်းမတွေ့မှာ စိုးရိမ်ရပါတယ်။ မြန်မာစားသောက်ဆိုင်တွေကို ကြိုချိတ်ထားနိုင်ရင် ပိုအဆင်ပြေပါတယ်။ အသိမိတ်ဆွေတွေဆီမှာ စုံစမ်းထားပါ။ မသိုးထမင်း၊ မသိုးဟင်း ယူသွားလို့ ရပါသေးတယ်။ ဗီဇာကိစ္စကို အရင်စုံစမ်းထားသင့်တာပါ။ အချိန်ရှိသေးလို့ ကြိုတင်လုပ်ထားတာ အကောင်းဆုံးပါပဲ။ ဗီဇာမရရင် သဲထဲရေသွန် အဟောသိကံဖြစ်သွားပါပြီ။ ပြင်ဆင်ရမယ့် အချက်တွေကို လက်လှမ်းမီသလောက် ချရေးလိုက်တာပါ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ONE Championship Photo Credit - Myanmore Magazine ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ကျော်စိုးအောင် (Myanmar Fight Edition)
© COPYRIGHTS 2024 by illuminati