
ပွဲမတိုင်ခင်မှာ Bruce Buffer က ကစားသမားတွေကို မိတ်ဆက်ပေးရပြီး ပွဲအပြီးမှာ ရလဒ်ကြေညာပေးရတယ်။ ဒါကတော့ ပွဲကြေညာသူရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။ ပရိသတ်တိုင်းလည်း သိပြီးသားဖြစ်လိမ့်မယ်။ ကစားသမားတွေကို မိတ်ဆက်ပေးတဲ့အခါမှာ ထူးခြားတာရှိတယ်။ "ပထမဆုံးမိတ်ဆက်ပေးမှာကတော့ အပြာထောင့်ကနေ ကစားမယ့် ဖိုက်တာဖြစ်ပါတယ်ခင်ဗျာ။ ကြေးစားမှတ်တမ်းက ဘယ်လောက်နိုင်ထားပြီး ဘယ်လောက်ရှုံးထားပါတယ်။ အရပ်က ဘယ်လောက်ရှိပါတယ်။ ဝိတ်က ဘယ်လောက်ရှိပါတယ်။ ဘယ်နိုင်ငံ (ဘယ်မြို့) ကို ကိုယ်စားပြုထားတဲ့ မောင်ဘယ်သူဖြစ်ပါတယ်" ဒါက Bruce Buffer ရဲ့ ပုံမှန်မိတ်ဆက်ပေးနေတဲ့ စကားအသွားအလာပါ။ တခြားကစားသမားတွေကို ဒီအတိုင်းပဲ မိတ်ဆက်ပေးတာပါ။ ချန်ပီယံဆိုရင်လည်း နာမည်ရှေ့မှာ ချန်ပီယံ မောင်ဘယ်သူဆိုပြီး ကြေညာပါတယ်။ ဒါပေမယ့် Bruce Buffer ကိုယ်တိုင်က "The One, The Only" ဆိုပြီး အမွှန်းတင်ကြေညာပေးရတဲ့ ကစားသမားသုံးယောက်ရှိပါတယ်။ အဲဒါက Conor McGregor ၊ Jon Jones နဲ့ Alex Pereira တို့ပါပဲ။ ဒီနေ့ပွဲမှာ Alex Pereira ကို "The One, The Only" ထည့်ပြောပေးသွားတာပါ။ အကြီးအကဲတွေက ခိုင်းစေလို့ "The One, The Only" ဆိုပြီး အမွှန်းတင်ထားတာ မဟုတ်ဘဲ Bruce Buffer ရဲ့ အာဘော်သာဖြစ်ပါတယ်။ Conor McGregor ထက် ပိုကောင်းတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် MMA Community ကြီးကို ပရိသတ်တွေ စိတ်ဝင်စားစေတာ အိုင်းရစ်သူဌေးကြောင့်ပါပဲ။ Jon Jones ကိုတော့ အထူးပြောဖို့တောင် မလိုပါဘူး။ UFC အဖွဲ့အစည်းမှာ အသက်ငယ်ဆုံးချန်ပီယံဖြစ်ပြီး ခါးပတ်လုပွဲ (၁၆) ကြိမ်မှာ အနိုင်ရထားပါတယ်။ ကမ္ဘာ့ချန်ပီယံဟောင်း (၉) ယောက်ကို အနိုင်ထိုးထားပြီး ခါးပတ် (၁၇) ခုရဖူးတယ်။ သူမတူအောင် ထူးကဲတဲ့ စွမ်းဆောင်ရည်တွေကြောင့် "The One, The Only" လို့ ကြေညာပေးရတာပါ။ Alex Pereira က အသက်ကြီးမှ ကြေးစားလောကထဲကို ရောက်လာတာပါ။ ငယ်ငယ်တုန်းက ယမကာလုလင်ပါ။ ကစ်ဘောက်ဆင်လေ့ကျင့်မှသာ အရက်ဖြတ်လိုက်တာပါ။ Glory အဖွဲ့အစည်းမှာ ဝိတ်တန်းနှစ်ခုရဲ့ ကစ်ဘောက်ဆင်ကမ္ဘာ့ချန်ပီယံဖြစ်ဖူးသလို UFC အဖွဲ့အစည်းမှာလည်း ဝိတ်တန်းနှစ်ခုရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒီအချက်တွေကြောင့်မို့ Bruce Buffer က "The One, The Only" ထည့်ပြောပေးတာပါ။ Magomed Ankalaev က Alex Pereira ကို မကျေပွဲပေးမယ်လို့ ပြောထားတယ်။ မကျေပွဲက ပြန်ဖြစ်လာနိုင်သေးတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - MMA Fighting Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati