
အခုဆောင်းပါးမှာ အားကစားကို အဓိကမရေးဘဲ ငွေကြေးခွဲခြမ်းစိတ်ဖြာမှုကို ဖော်ပြထားလို့ တချို့ပရိသတ်တွေက ပျင်းနိုင်ပါတယ်။ ဆုံးအောင်ဖတ်ရင်တော့ အကျိုးရှိမယ်လို့ အာမခံပါတယ်။ ကဲ . . . စလိုက်ရအောင်။ [ဖတ်ရန် ကြာချိန် (၁၀) မိနစ်] ၂၁ ရာစုရဲ့ ဘောက်ဆင်လောကမှာ အပြင်းထန်ဆုံးပြိုင်ပွဲကို ဖော်ကျူးရရင် ၂၀၁၅ ခုနှစ် မေလ (၂) ရက်နေ့မှာ ထိုးသတ်ခဲ့ကြတဲ့ Floyd Mayweather Jr နဲ့ Manny Pacquio တို့ရဲ့ Fight of the Century ပွဲကို ပြောရမှာပဲ။ ပုံရိပ်မြင့်ဘောက်ဆာတွေ ယှဉ်ပြိုင်ကြလို့ ပရိသတ်တွေ စိတ်ဝင်စားကြသလို အနိုင်ရရှိသူက WBA (Super) ၊ WBC နဲ့ WBO Welterweight Champion ဖြစ်လာမှာပါ။ ဝိတ်တန်း (၅) ခုမှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ Floyd Mayweather Jr နဲ့ ဝိတ်တန်း (၈) ခုမှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ Manny Pacquio တို့ ထိုးသတ်ကြမှာဖြစ်လို့ အချိုပေါ် သကာဆင့်ပါပဲ။ ငွေကြေးအပိုင်းကို မပြောခင် ပွဲဖြစ်ပေါ်လာပုံကို အသေးစိတ်ပြောပြချင်တယ်။ Fight of the Century ရဲ့ သမိုင်းကြောင်း Fight of the Century ပွဲကို ၂၀၀၉ ခုနှစ်တည်းက ညှိနှိုင်းနေတာဆိုပေမယ့် ၂၀၁၅ ခုနှစ်မှ ထိုးဖြစ်ခဲ့တာပါ။ တားမြစ်ဆေးစစ်ချက်နဲ့ ရုပ်သံကြေးကိစ္စတွေကို ညှိနှိုင်းတာ အဆင်မပြေလို့ အချိန်ကြာသွားရတယ်။ ဝိတ်တန်းမျိုးစုံမှာ ကစားနေတဲ့ Manny Pacquiao ကို တားမြစ်ဆေးသုံးထားတယ်လို့ Floyd Mayweather Jr တို့ဘက်က သံသယရှိနေတယ်။ တားမြစ်ဆေးဝါးဆိုတာ စွမ်းဆောင်ရည် ပိုကောင်းစေနိုင်တဲ့ Performance-enhancing Drug တွေကို ဆိုလိုတာပါ။ Olympic-style Drug Test လုပ်ပေးရမယ်။ ပွဲမထိုးခင် (၁၄) ရက်အလိုမှာ တားမြစ်ဆေးသုံး၊ မသုံးကို သွေးစစ်ပေးရမယ်လို့ တောင်းဆိုတာပါ။ ပြီးတော့ မထိုးခင်အချိန်ထိ ရှောင်တခင်စစ်ဆေးတာတွေ ပါသေးတယ်။ Manny Pacquiao တို့ဘက်က ပွဲရပ်ကပ်နေတော့ သွေးဖောက်မှာကို သဘောမတူခဲ့ဘူး။ ပွဲထိုးရင် အားနည်းသွားမှာစိုးတယ်တဲ့။ ပွဲမထိုးခင် (၂၄) ရက်အလိုမှာ သွေးဖောက်ပေးမယ်လို့ အကြောင်းပြန်တယ်။ အဲဒီမှာ သဘောထားကွဲလွဲကြတာပဲ။ ပြီးတော့ ငွေကြေးခွဲဝေမှု အပိုင်း။ Manny Pacquiao ကို ဒေါ်လာ (၄၀) သန်းပဲ ပေးမယ်လို့ပဲ ပြောတယ်။ ရုပ်သံအကျိုးအမြတ်ကို ခံစားခွင့်မရှိဘူးလို့ Floyd Mayweather Jr တို့ဘက်က တောင်းဆိုတာကို Manny Pacquiao က သဘောမတူလို့ ညှိနှိုင်းမှုက မအောင်မြင်ခဲ့ဘူး။ ပုံမှန်အားဖြင့်တော့ ကစားသမားတွေ မထိုးခင် (၃၀) ရက်အလိုမှာ သွေးစစ်ရလေ့ရှိတယ်။ အသည်းရောင်အသားဝါပိုး (A/B/C) နဲ့ HIV ပိုးလောက်ပဲ စစ်တာပါ။ အမျိုးသမီးတွေကျ ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးတာပါ။ တားမြစ်ဆေးကို စစ်တာ မဟုတ်ပါဘူး။ ပြီးတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို စစ်ဆေးတယ်ပေါ့။ ပုံမှန်ပွဲတွေမှာ ထိုးပြီးမှသာ တားမြစ်ဆေးစစ်တာပါ။ ဆီး (၂) ဘူး ယူထားတယ်၊ အားကစားကော်မရှင်က တာဝန်ပေးထားတဲ့ ဆရာဝန်က စစ်ဆေးရပါတယ်။ (တစ်ယောက်ဆီက ဆီး၂ဘူး ယူတာပါ။) ပထမဆီးဘူးမှာ တားမြစ်ဆေးမတွေ့ဘူးဆိုရင် ဒုတိယဆီးဘူးကို ဆက်မစစ်ဘူး။ တားမြစ်ဆေးတွေ့မှသာ ဒုတိယဆီးဘူးကို ဆက်စစ်တယ်ဆိုပါတော့။ တကယ်လို့ ကစားသမားက တားမြစ်ဆေးသုံးပြီးမှ ထိုးတယ်ဆိုရင် ပွဲထိုးပြီးမှ သိမယ်ဆိုတဲ့ သဘောပါ။ အဲဒါက ဘောက်ဆင်ရဲ့ အားနည်းချက်ပဲ။ ဒီအချက်ကြောင့် Floyd Mayweather Jr တို့အဖွဲ့က မထိုးခင်မှာ တားမြစ်ဆေးစစ်ပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ Manny Pacquiao တို့ဘက်က လုပ်ရိုးလုပ်စဉ် မဟုတ်လို့ သဘောမတူပါဘူး။ ကစားသမားတွေက ပြည်နယ်အားကစားကော်မရှင်မှာ ဘောက်ဆင်လိုင်စင် သက်တမ်းတိုးရင် တားမြစ်ဆေးစစ်ရတယ်။ သွေးဖောက်ပြီး တားမြစ်ဆေးသုံး၊ မသုံးကို စစ်ဆေးရတာပါ။ တားမြစ်ဆေး အစစ်မခံရင် ဒါမှမဟုတ် ဆေးသုံးထားရင် ကာလရှည်ပိတ်လိုက်ပါတယ်။ ဒါတောင် လူတိုင်းကို စစ်ဆေးတာ မဟုတ်ပါဘူး။ မသင်္ကာတဲ့ ကစားသမားကိုပဲ စစ်ဆေးတာပါ။ နောက်ဆုံးတော့ Manny Pacquiao တို့အဖွဲ့က ပွဲမထိုးခင် (၁၄) ရက်အလိုမှာ တားမြစ်ဆေးစစ်ရမယ့် ကိစ္စကို သဘောတူလိုက်ရတယ်။ တားမြစ်ဆေးသုံးထားရင် ဘောက်ဆင်လိုင်စင် (၄) နှစ် ပိတ်သိမ်းမယ်ဆိုတဲ့ အချက်ကို စာချုပ်မှာ ထည့်သွင်းထားလိုက်တယ်။ Fight of the Century ပွဲကို အားလုံးကြည့်ဖူးတော့ သိပ်မပြောချင်ဘူး။ စတုတ္ထအချီမှာ Manny Pacquiao က နိုင်မလိုဖြစ်သေးတယ်။ ဘယ်လက်သီးက Floyd Mayweather Jr ကို ထိသွားတော့ ယိုင်ထွက်တယ်။ ကြိုးတန်းကို အမှီပြုပြီး ဂတ်လုံအောင် ကာထားရတယ်။ Manny Pacquiao က ဆက်ထိုးပေမယ့် သိပ်မထိရောက်ဘူး။ အခွင့်အရေးရနေတုန်း ဖိမထိုးဘဲ နောက်ပြန်ဆုတ်သွားလို့ ဆုံးဖြတ်ချက် မှားသွားတယ်။ ကျန်တဲ့အချီတွေမှာ Floyd Mayweather Jr ကပဲ စိုးမိုးထားပါတယ်။ (၁၂) ချီအထိ အရှုံးအနိုင်မပေါ်လို့ အမှတ်ပေးဒိုင် (၃) ဦးလုံးက Floyd Mayweather Jr ကိုပဲ တစ်ညီတစ်ညွတ်တည်း အနိုင်ပေးလိုက်တယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/3z1xoO4 ကြည့်လိုက်ပါ။ Fight of the Century ရဲ့ ဝင်ငွေ တခြားပွဲမှာ Weigh-Ins Event ကို အခမဲ့ကြည့်ခွင့်ပေးတယ်။ ဒီမှာမှာ ပရိသတ်တွေက (၁၀) ဒေါ်လာပေးရတယ်။ ပွဲစီစဉ်သူတွေက အဲဒီဝင်ငွေတွေကို ပရဟိတလုပ်ငန်းတွေမှာ လှူဒါန်းလိုက်ပါတယ်။ (ဒါက ထူးခြားတဲ့အချက်ပါ) အမေရိကန်နိုင်ငံမှာ ရုပ်သံထုတ်လွှင့်မှုအတွက် HBO နဲ့ Showtime က မူပိုင်ခွင့်ယူထားတယ်။ ဗြိတိန်နိုင်ငံမှာ Sky Box Office နဲ့ ဖိလစ်ပိုင်နိုင်ငံမှာ Solar Entertainment တို့အပြင် တခြားရုပ်သံလိုင်းတွေက သက်ဆိုင်ရာနိုင်ငံတွေမှာ ထုတ်လွှင့်ခွင့်ကို ဝယ်ယူထားပါတယ်။ PPV က (၈၉.၉၅) ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ သာမန်ရုပ်ထွက်နဲ့ Standard Definition (480i/576i) ပဲ ကြည့်ရမှာပါ။ ကြည်လင်ပြတ်သားတဲ့ High Definition (720p/1080p) နဲ့ ကြည့်ချင်ရင် နောက်ထပ် (၁၀) ဒေါ်လာ ထပ်ပေးရလို့ (၉၉.၉၅) ဒေါ်လာပါ။ PPV မှာ ဝယ်ကြည့်တာ လူဦးရေ (၄.၆) သန်းဆိုတော့ ဘောက်ဆင်သမိုင်းမှာ အများဆုံးပမာဏပဲ။ ဒါပေမယ့် High Definition ကို (၉၉.၉၅) ဒေါ်လာနဲ့ ဝယ်ယူပြီး စားသောက်ဆိုင်တွေနဲ့ ဘားတွေမှာ ပြလို့ မရပါဘူး။ လိုင်စင်ကြေး (၁၅,၅၀၀) ဒေါ်လာ ထပ်ပေးရတယ်။ လိုင်စင်ကြေးဝယ်တဲ့ စားသောက်ဆိုင်နဲ့ ဘားတွေက (၅,၀၀၀) အထိရှိတယ်လို့ သိရပါတယ်။ Tecate Logo (ဘီယာတံဆိပ်) ကို ကြိုးဝိုင်းထောင့်နဲ့ ကြမ်းပြင်မှာ တပ်ပေးထားတယ်။ အဲဒီအတွက် ဒေါ်လာ (၅.၆) သန်းရတယ်။ တရားဝင်လက်မှတ်ဈေးက (၁,၅၀၀) ဒေါ်လာ၊ (၂,၅၀၀) ဒေါ်လာ၊ (၃,၅၀၀) ဒေါ်လာ၊ (၅,၀၀၀) ဒေါ်လာနဲ့ (၇,၅၀၀) ဒေါ်လာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်မှတ်တွေက စရောင်းတဲ့ မိနစ်အတွင်းမှာ ကုန်သွားတယ်။ မှောင်ခိုဈေးကွက်မှာ (၁,၅၀၀) ဒေါ်လာတန် လက်မှတ်က (၄,၁၇၅) ဒေါ်လာအထိ ဖြစ်သွားပြီး ကြိုးဝိုင်းဘေးက ရှေ့ဆုံးတန်းဆိုရင် (၃၃,၄၁၀) ဒေါ်လာအထိကို ဖြစ်တယ်။ MGM Grand Garden Arena အားကစားရုံမှာ ထိုင်ခုံအရေအတွက်က (၁၆,၈၀၀) အထိ ဆန့်တဲ့အတွက် ရုံဝင်ကြေးက ဒေါ်လာ (၇၂) သန်းရပါတယ်။ PPV မှာ ဝယ်ကြည့်တာ လူဦးရေ (၄.၆) သန်းဆိုတော့ ဒေါ်လာ (၄၁၀) သန်းရပါတယ်။ တခြားစပွန်ဆာကြေးနဲ့ ပေါင်းလိုက်ရင် စုစုပေါင်းဝင်ငွေက ဒေါ်လာ (၅၀၀) သန်းအထိ ရှိတဲ့အတွက် ဘောက်ဆင်သမိုင်းမှာ ဝင်ငွေအများဆုံးပွဲလို့ ဆိုနိုင်ပါတယ်။ စာချုပ်ပါ အချက်အလက် (၀) ဒေါ်လာကနေ ဒေါ်လာ (၁၆၀) သန်းအထိနဲ့ ဒေါ်လာ (၁၈၀) သန်းရဲ့ အထက်ပမာဏကို Floyd Mayweather Jr က (၆၀) ရာခိုင်နှုန်း ရမှာဖြစ်ပြီး Manny Pacquiao က (၄၀) ရာခိုင်နှုန်းရမှာပါ။ (ဒီအချက်က အရေးကြီးပါတယ်) ဆိုလိုတဲ့သဘောက ပထမဆုံးရတဲ့ ဒေါ်လာ (၁၆၀) သန်းမှာ Floyd Mayweather Jr က (၆၀) ရာခိုင်နှုန်းဆိုတော့ ဒေါ်လာ (၉၆) သန်းရမှာဖြစ်ပြီး Manny Pacquiao က ဒေါ်လာ (၆၄) သန်းပဲရမှာပါ။ ဒေါ်လာ (၁၈၀) သန်းကနေ ဒေါ်လာ (၅၀၀) သန်းအထိကို Floyd Mayweather Jr ကပဲ ဒေါ်လာ (၁၉၂) သန်းရမှာဖြစ်သလို Manny Pacquiao က ဒေါ်လာ (၁၂၈) သန်းပဲရမှာဖြစ်ပါတယ်။ ဒေါ်လာ (၁၆၀) သန်းကနေ ဒေါ်လာ (၁၈၀) သန်းကြားမှာရတဲ့ (ဒေါ်လာ ၂၀ သန်း) ငွေကြေးကို အနိုင်ရရှိသူက (၅၁) ရာခိုင်နှုန်းဖြစ်ပြီးတော့ ရှုံးနိမ့်တဲ့သူက (၄၁) ရာခိုင်နှုန်းရရှိမှာပါ။ အဲဒီတော့ နိုင်သွားတဲ့ Floyd Mayweather Jr က ဒေါ်လာ (၁၀.၂) သန်းရသလို Manny Pacquiao က ဒေါ်လာ (၉.၈) သန်းရပါတယ်။ စုစုပေါင်းဝင်ငွေကို စာရင်းချုပ်လိုက်ရင် Floyd Mayweather Jr က ဒေါ်လာ (၂၉၈.၂) သန်းရတယ်လို့ ဆိုနိုင်ပြီး Manny Pacquiao က ဒေါ်လာ (၂၀၁.၈) သန်းရရှိပါတယ်။ မြင်လွယ်အောင် ရေးလိုက်တဲ့ ငွေကြေးပမာဏဖြစ်ပြီး ရုံဝင်ကြေး ဒေါ်လာ (၇၂) သန်းမှာ MGM Grand Garden Arena အားကစားရုံကို (၄၀) ရာခိုင်နှုန်းအထိ ခွဲပေးလိုက်ရတဲ့အတွက် အဲဒီလောက်တော့ မရကြပါဘူး။ ပြီးတော့ သူတို့တွေက ပွဲကျင်းပတဲ့နိုင်ငံကို အခွန်ဆောင်ရပါသေးတယ်။ ဆောင်းပါးနဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့် မြန်မာနိုင်ငံမှာ ဝင်ငွေခွန်နဲ့ ပတ်သက်ပြီး ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါမယ်။ ဝင်ငွေခွန်ဆိုတာ ဘဏ္ဍာနှစ်ပေါ်မှာ အခြေခံလို့ လစာကို (၁၂) နဲ့ မြှောက်လိုက်ရင် စုစုပေါင်းဝင်ငွေရမယ်။ စုစုပေါင်းဝင်ငွေရဲ့ (၂၀) ရာခိုင်နှုန်းကို မတွက်ချက်ဘဲ အခြေခံသက်သာခွင့်အနေနဲ့ နှုတ်လိုက်ပါတယ်။ မိဘနဲ့ အတူနေရင် (၁၀) သိန်းထပ်နှုတ်ပါတယ်။ အိမ်ထောင်ဖက်ရှိရင်လည်း (၁၀) သိန်းထပ်နှုတ်တယ်။ (လူလွတ်တွေက အခွန်ပိုဆောင်ရတဲ့ သဘောပါ) သားသမီးတစ်ဦးရှိရင် (၅) သိန်းနှုန်း ထပ်နှုတ်ပါတယ်။ အသက်အာမခံကြေးနဲ့ လူမှုဖူလုံရေးကြေး (SSB) ကို ထပ်နှုတ်လိုက်တယ်။ နောက်ဆုံးကျန်တဲ့ စုစုပေါင်းဝင်ငွေက (၄၈) သိန်းအထက်မှာရှိနေရင် အခွန်ဆောင်ရပါတယ်။ (၄၈) သိန်းရဲ့အောက်မှာဆိုရင် အခွန်ဆောင်စရာ မလိုပါဘူး။ စကားစပ်မိလို့ ပြောလိုက်တာပါ။ စိတ်ဝင်စားရင် ဒီမှာ bit.ly/3iRUvkc ဖတ်ရှုပါ။ Fight of the Century အကြောင်းကို ပြန်သွားရအောင်။ အမေရိကန်နိုင်ငံမှာ ပြည်နယ်အစိုးရက ကောက်ခံတဲ့ State Income Tax နဲ့ ဗဟိုအစိုးရက ကောက်ခံတဲ့ Federal Income Tax ဆိုပြီး အခြေခံအားဖြင့် (၂) မျိုးခွဲထားပါတယ်။ ပြည်နယ် (၅၀) ရှိတယ်ဆိုပေမယ့် ဖလော်ရီဒါ၊ ဝါရှင်တန်၊ နီဗားဒါး၊ တက္ကဆပ်အပါအဝင် ပြည်နယ် (၉) ခုမှာ State Income Tax ဆောင်စရာမလိုဘူး။ အဲဒါကြောင့်မို့ ကမ္ဘာကျော်သူဌေးကြီး Jeff Bezos နဲ့ Bill Gates တို့က State Income Tax ပေးစရာမလိုတဲ့ ဝါရှင်တန်ပြည်နယ်မှာ နေတာပါ။ အခွန်ဆောင်လိုက်မှ လမ်းပန်းဆက်သွယ်ရေးတွေ ပိုကောင်းအောင် ပြုပြင်နိုင်မယ် ပြီးတော့ နိုင်ငံသားတွေက ပင်စင်ယူတဲ့အခါ ထောက်ပံ့ကြေးတွေ ပြန်ပေးနိုင်မယ်ပေါ့။ ဝင်ငွေအပေါ်မူတည်ပြီး အခွန်ပေးဆောင်ရမယ့် ရာခိုင်နှုန်းအချိုးအစားကို Tax Bracket လို့ ခေါ်ပါတယ်။ (၁၀) ရာခိုင်နှုန်း ဆောင်ရမယ်၊ (၁၅) ရာခိုင်နှုန်း ဆောင်ရမယ်ဆိုပြီး အမျိုးအစားတွေ ခွဲထားသေးတယ်။ အဲဒီတုန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာ ဝင်ငွေ (၅၉၀,၇၄၂) ဒေါ်လာထက် ကျော်သွားရင် State Income Tax က (၁၂) ရာခိုင်နှုန်းအထိ ဆောင်ရပါတယ်။ အခွန်အများဆုံးဆောင်ရတဲ့ ပြည်နယ်ဖြစ်တဲ့အတွက် သူဌေးတွေ မနေချင်ကြပါဘူး။ Federal Income Tax ကိုတော့ လူတိုင်းဆောင်ရပါတယ်။ ဝင်ငွေ (၅၁၈,၄၀၁) ဒေါ်လာကျော်သွားရင် (၁၅၆,၂၃၅) ဒေါ်လာ ပေးရမယ့်အပြင် ဝင်ငွေရဲ့ (၃၇) ရာခိုင်နှုန်းကို အခွန်ဆောင်ရပါတယ်။ အဲဒါကြောင့်မို့ Manny Pacquiao က အမေရိကန်နိုင်ငံမှာ မထိုးချင်တာပါ။ တရုတ်နိုင်ငံမှာ ထိုးတုန်းက (၁၂) ရာခိုင်နှုန်းပဲ ဆောင်ရတယ်လို့ ပြောဖူးတယ်။ Floyd Mayweather Jr နဲ့ Manny Pacquiao တို့ ထိုးသတ်တဲ့ MGM Grand Garden Arena အားကစားရုံက နီဗားဒါးပြည်နယ်မှာ တည်ရှိလို့ ကစားသမားတွေက State Income Tax ဆောင်စရာမလိုပါဘူး။ ကံကောင်းတယ်။ အဲဒါကြောင့်မို့ ဘောက်ဆင်ပွဲတွေက MGM Grand Garden Arena နဲ့ T-Mobile Arena မှာပဲ ကျင်းပတာဖြစ်ပါတယ်။ UFC ပွဲတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ နယူးယောက်မြို့မှာရှိတဲ့ Madison Square Garden ဆိုရင် ပရိသတ်လည်း ပိုဆန့်သလို လမ်းပန်းဆက်သွယ်ရေးလည်း ပိုကောင်းပေမယ့် ဝင်ငွေ (၁,၀၇၇,၅၅၀) ဒေါ်လာကျော်သွားရင် State Income Tax အနေနဲ့ (၈.၈၂) ရာခိုင်နှုန်းအထိ အခွန်ဆောင်ရမှာဖြစ်လို့ ပွဲစီစဉ်သူတွေနဲ့ ကစားသမားတွေက လက်ရှောင်ကြပါတယ်။ ပြီးတော့ ကာစီနိုလောင်းကစားကို နီဗားဒါးပြည်နယ်မှာ တရားဝင်ခွင့်ပြုထားလို့ ပွဲကြည့်ပြီးသွားရင် ပရိသတ်တွေက ဝင်လောင်းလို့ရပါတယ်။ အဲဒီတော့ နီဗားဒါးပြည်နယ်က အားလုံးအတွက် အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။ အပေါ်မှာ ရေးထားတဲ့အတိုင်း State Income Tax ဆောင်စရာ မလိုပေမယ့် ဝင်ငွေရဲ့ (၃၇) ရာခိုင်နှုန်းကို Federal Income Tax အနေနဲ့ ဆောင်ရပါမယ်။ Floyd Mayweather Jr ရတဲ့ ဒေါ်လာ (၂၉၈.၂) သန်းထဲက (၃၇) ရာခိုင်နှုန်းကို အခွန်ဆောင်ရပါမယ်။ ဒေါ်လာ (၁၁၀.၃) သန်းအထိ အစိုးရကို ပြန်ပေးရလို့ ဒေါ်လာ (၁၈၇.၉) သန်းပဲ ကျန်ပါတယ်။ Manny Pacquiao က ဒေါ်လာ (၂၀၁.၈) သန်းရတယ်ဆိုပေမယ့် ဒေါ်လာ (၇၄.၆) သန်းကို အခွန်ဆောင်ရလို့ ဒေါ်လာ (၁၂၇.၂) သန်းပဲ ရပါတယ်။ ကျန်တဲ့ ပိုက်ဆံက သူတို့ရမှာလားဆိုတော့ မဟုတ်သေးပါဘူးလို့ ပြောရမှာပဲ။ ဝင်ငွေရဲ့ (၁.၄၅) ရာခိုင်နှုန်းကို ကျန်းမာရေးအာမခံ Medicare Tax အနေနဲ့ ပြန်ပေးရပါတယ်။ ဒါတင် မကသေးပါဘူး။ (၁၁၈,၅၀၀) ဒေါ်လာ ကျော်သွားတဲ့အတွက် Social Security Tax က ဝင်ငွေရဲ့ (၆.၂) ရာခိုင်နှုန်းကို ထပ်ဆောင်ရပါတယ်။ (မှတ်ချက် - ၂၀၁၅ ခုနှစ်မှာ ကြိုဆောင်ထားရင် ထပ်ဆောင်စရာ မလိုပါဘူး) ချန်ပီယံလုပွဲဖြစ်တဲ့အတွက် ဝင်ငွေရဲ့ (၃) ရာခိုင်နှုန်းအထိ WBC အဖွဲ့အစည်းကို ပြန်ပေးရပါတယ်။ အဲဒါကြောင့်မို့ ဒေါ်လာ (၁) သန်းတန်တဲ့ WBC Emerald Belt ကို ပေးနိုင်တာပါ။ ဆိုတော့ စုစုပေါင်းဝင်ငွေရဲ့ (၄၀) ရာခိုင်နှုန်းကျော်က အခွန်ကိစ္စတွေနဲ့ တခြားအတိုအထွာတွေကြောင့် ကုန်သွားပါတယ်။ Fight of the Century ပွဲကို Mayweather Promotions နဲ့ Top Rank တို့က ပူးပေါင်းစီစဉ်ပါတယ်။ Floyd Mayweather Jr က ကိုယ်ပိုင်ကုမ္ပဏီနဲ့ စီစဉ်လို့ ရာခိုင်နှုန်း ထပ်ပေးစရာ မလိုဘဲ ဝန်ထမ်းလစာပဲ ပြန်ရှင်းပေးရပါတယ်။ Manny Pacquiao က Bob Arum (Top Rank ရဲ့ CEO) ကို ပြန်ခွဲပေးရပါတယ်။ ပျမ်းမျှအားဖြင့် ဝင်ငွေရဲ့ (၂၅) ရာခိုင်နှုန်းအထိ ပရိုမိုတာတွေကို ပြန်ပေးရပါတယ်။ (မှတ်ချက် - ပရိုမိုတာရဲ့ အရှိန်အဝါအပေါ် မူတည်ပြီး ပမာဏက ကွာခြားနိုင်ပါတယ်) Floyd Mayweather Sr နဲ့ Freddie Roach က သူတို့ရဲ့ နည်းပြတွေပါ။ သူတို့ကို (၁၀) ရာခိုင်နှုန်း ပြန်ခွဲပေးရပါတယ်။ ဒဏ်ရာပြုစုပေးတဲ့ Cutman ကို ပြန်ပေးရပါတယ်။ ဒါကလည်း ကျွမ်းကျင်မှုအပေါ် မူတည်ပြီး ရာခိုင်နှုန်းက ကွာခြားပါသေးတယ်။ ဒီလောက်ခွဲပေးလိုက်ရင် Floyd Mayweather Jr ဘက်က အဆင်ပြေပါပြီ။ Manny Pacquiao က ငွေထုတ်ပိုက်ပြီး ပြန်သွားတဲ့အခါ ဖိလစ်ပိုင်အစိုးရဆီမှာ အခွန်ထပ်ဆောင်ရပါတယ်။ “မိအေး နှစ်ခါနာ” ပေါ့။ မဆောင်လို့ မရပါဘူး။ Brandon Rios နဲ့ပွဲမှာ အခွန်ရှောင်လိုက်လို့ ဘဏ်အကောင့်တွေ အပိတ်ခံရဖူးပါတယ်။ အဲဒါကြောင့်မို့လို့ အသားတင်ဝင်ငွေကို စာရင်းချုပ်လိုက်ရင် Floyd Mayweather Jr က ဒေါ်လာ (၁၈၀) သန်းရရှိတာဖြစ်ပြီး Manny Pacquiao က ဒေါ်လာ (၁၂၀) သန်းရရှိတာပါ။ ဒီလောက်ဆိုရင် ဘောက်ဆင်ပွဲတွေရဲ့ ငွေကြေးခွဲခြမ်းစိတ်ဖြာမှုကို နားလည်သွားပြီမို့ စာဖတ်သူတွေက ကျေနပ်ကြမယ်လို့ မျှော်လင့်မိပါတယ်။ အခွန်ကိစ္စနဲ့ ပတ်သက်ပြီး နားမလည်တာတွေကို HR Manager တွေနဲ့ အမေရိကန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ပညာရှင်တွေကို သေချာမေးမြန်းပြီးမှ ဒီဆောင်းပါးကို ရေးလိုက်တာပါ။ ကျွန်တော့်ဘက်က အချိန်ယူရေးထားပေမယ့် တိုက်ခိုက်ရေးပညာကိုပဲ စိတ်ဝင်စားတဲ့ စာဖတ်သူတွေက ဒီဆောင်းပါးကို ကြိုက်ချင်မှ ကြိုက်ကြမှာပါ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Business Insider ၊ Bleacher Report ၊ Forbes ၊ New York Times ၊ Money ၊ BBC Photo Credit - KO KO TV Nigeria ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati