
၁၉၇၀ ခုနှစ်တွေမှာ Muhammad Ali ၊ Joe Frazier နဲ့ George Foreman တို့ဆိုတာ ခေတ်ပြိုင်ပါပဲ။ Muhammad Ali နဲ့ Joe Frazier တို့က အသက်သိပ်မကွာလှပေမယ့် George Foreman က သူတို့ထက်ငယ်တယ်။ သူတို့ကလည်း အချင်းချင်းနိုင်ထားကြတယ်။ Joe Frazier က Muhammad Ali ကို အမှတ်ပြတ်နိုင်ဖူးတယ်။ George Foreman က Joe Frazier ကို အလဲထိုးနိုင်တယ်။ Muhammad Ali က George Foreman ကို အလဲထိုးနိုင်ပြန်ရော။ အဲဒီလိုပတ်လည်ရိုက်နေတာပါ။ ပြောရဦးမယ်။ သူတို့က ခါးပတ် (၂) ခုခေတ်ပါ။ WBA နဲ့ WBC ခါးပတ်တွေရရင် အငြင်းပွားဖွယ်မရှိချန်ပီယံဖြစ်ပြီ။ IBF နဲ့ WBO အဖွဲ့အစည်းဆိုတာ သူတို့ခေတ်မှာ မပေါ်သေးဘူး။ Muhammad Ali က Sonny Liston ကို အလဲထိုးပြီး အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့လာတာပါ။ စစ်မှုထမ်းဥပဒေကြောင့် Muhammad Ali က ခါးပတ်အဖြုတ်ခံရပြီး အမှုရင်ဆိုင်ရတယ်။ မရှုံးဘဲ ခါးပတ်ပြုတ်ရတဲ့ဘဝပါ။ အဲဒီအချိန်မှာ Joe Frazier က Jimmy Ellis ကိုနိုင်ပြီး အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာပြန်တယ်။ အမှုပြီးတော့ Muhammad Ali က ဘောက်ဆင်ပြန်ထိုးပြီ။ Muhammad Ali က Joe Frazier ကို ပြန်စိန်ခေါ်တော့ ရှုံးတာပါပဲ။ အဲဒီအချိန်မှာ George Foreman က Joe Frazier ကို အလဲထိုးပြီး အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာပြန်တယ်။ အဲဒီနောက်တော့ Muhammad Ali က George Foreman ကို အလဲထိုးပြီး အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံပြန်ဖြစ်တာပဲ။ ခါးပတ်က မူလပိုင်ရှင်လက်ထဲ ပြန်ရောက်သွားတာပါ။ Muhammad Ali နဲ့ Joe Frazier တို့က (၃) ကြိမ်ထိုးဖူးတယ်။ ပထမပွဲမှာ Muhammad Ali ရှုံးပြီး ဒုတိယပွဲနဲ့ တတိယပွဲမှာ Joe Frazier ပြန်ရှုံးတယ်။ Joe Frazier က အရင်သေတာပါ။ အသည်းကင်ဆာဖြစ်ပြီး အသက် (၆၇) နှစ်မှာ ကွယ်လွန်သွားတယ်။ အဲဒီနောက်မှာ Muhammad Ali က အသက် (၇၄) နှစ်မှာ ဆုံးပါးသွားတယ်။ ပါကင်ဆန်ရောဂါကြောင့် အိပ်ရာထဲလဲနေတာ ကြာပါပြီ။ အခုနောက်ဆုံးကွယ်လွန်တာ George Foreman ပါပဲ။ သူက ကျန်တဲ့လူတွေထက် ကျန်းမာရေးပိုကောင်းတယ်။ အသက် (၇၆) နှစ်အထိ နေလိုက်ရတယ်။ ဂန္တဝင်သုံးဖော်က မရှိတော့ပေမယ့် ဘောက်ဆင်ပရိသတ်တွေက လွမ်းနေဦးမယ်ထင်တယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - New York Times ၊ Money ၊ BBC Photo Credit - Getty Images ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati