
UFC အဖွဲ့အစည်းနဲ့ လောင်းကစားပြဿနာက စိတ်ဝင်စားစရာကောင်းလို့ပါ။ ပြဿနာကြီးခဲ့ဖူးတယ်။ နည်းပြ James Krause လေ့ကျင့်ပေးနေတဲ့ ကစားသမား ဒါမှမဟုတ် Glory MMA မှာ လေ့ကျင့်နေတဲ့ ကစားသမားတွေကို ယှဉ်ပြိုင်ခွင့်မပြုလို့ UFC အဖွဲ့အစည်းက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့တယ်။ UFC အဖွဲ့အစည်းက ဘာလို့အဲလောက်တောင် ဖြစ်သွားတာလဲ။ ဖြစ်ပုံက ဒီလိုပါ။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့မှာ ကျင်းပတဲ့ UFC Vegas 64 ပြိုင်ပွဲမှာ Darrick Minner နဲ့ Shayilan Nuerdanbieke တို့ ကစားခဲ့ကြတယ်။ Darrick Minner က Shayilan Nuerdanbieke ကို Body Kick ကန်တယ်။ ကန်ပြီးတော့ ခြေနာတယ်တဲ့။ နောက်ဆက်ကန်တယ်။ ထပ်နာတယ်။ ဟန်ချက်ပျက်နေရော။ Shayilan Nuerdanbieke က Darrick Minner ကို ဒူးပျံတိုက်တယ်။ လက်သီးဆက်ထိုးပြီး ပထမအချီမှာ အလဲထိုးတယ်။ Darrick Minner က နည်းပြ James Krause ရဲ့ တပည့်ပါ။ ပရိသတ်တွေက ဘာလို့လုပ်ပွဲလို့ထင်တာလဲ။ လောင်းကစားဒိုင်တွေက အထက်ကြေးနဲ့ အောက်ကြေးခွဲထားတယ်။ တစ်ဖက်တည်းကို လောင်းကြရင် ပေါက်ကြေးပြောင်းတယ်။ ဒါကို လူတိုင်းသိကြမယ်ထင်တယ်။ Shayilan Nuerdanbieke က အပေါ်ကြေးပါ။ Favorite (-237) လို့ပေးထားတယ်။ (၂၃၇) ဒေါ်လာလောင်းမှသာ (၁၀၀) ဒေါ်လာပြန်ရမှာပါ။ ဒါပေမယ့် ပွဲထိုးခါနီး မိနစ် (၉၀) အလိုမှာ ပရိသတ်အများကြီးက Shayilan Nuerdanbieke ကိုပဲ စုပြုံလောင်းကြလို့ ပေါက်ကြေး Favorite (-362) ဖြစ်သွားတယ်။ (၃၆၂) ဒေါ်လာလောင်းမှသာ (၁၀၀) ဒေါ်လာပြန်ရမယ်။ သံဇကာထဲမှာ Darrick Minner က ခြေနာပြီး ရှုံးပါတယ်။ Shayilan Nuerdanbieke ရဲ့ နံဘေးကို ကန်ပြီး ခြေထောက်နာတာပါ။ ကိုယ်ကကန်ပြီး ကိုယ်က နာနေတယ်။ ပရိသတ်တွေက Darrick Minner ဟန်ဆောင်တယ်တဲ့။ အခုကိစ္စမှာ နည်းပြ James Krause လည်း ပတ်သက်နေတယ်တဲ့။ ဆရာတပည့်နှစ်ယောက်က ပြိုင်ဘက် Shayilan Nuerdanbieke ကို လောင်းပြီး တမင်အရှုံးပေးတယ်။ တစ်ကမ္ဘာလုံးကို ဂျင်းထည့်သွားတယ်လို့ မြင်ကြတယ်။ UFC အဖွဲ့အစည်းက Darrick Minner ကို စာချုပ်ဖျက်တယ်။ နီဗားဒါးပြည်နယ် အားကစားကော်မရှင်ကို တိုင်ကြားပြီး အမှုစစ်ခိုင်းပြန်တယ်။ James Krause ရဲ့ နည်းပြလိုင်စစ်ကို ဆိုင်းငံ့ထားတယ်။ ဘာလို့ အဲလိုလုပ်တာလဲ။ စည်းမျဉ်းကြောင့်ပါ။ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ UFC အဖွဲ့အစည်းက စည်းမျဉ်းအသစ် ပြဌာန်းလိုက်တယ်။ ကစားသမား၊ နည်းပြ၊ မန်နေဂျာ၊ လေ့ကျင့်ဖော်နဲ့ တခြားသက်ဆိုင်သူတွေက UFC အဖွဲ့အစည်းရဲ့ ပွဲတွေကို လောင်းခွင့်မရှိဘူးတဲ့။ လောင်းရင် UFC အဖွဲ့အစည်းက ထုတ်ပယ်မယ်တဲ့။ အရင်တုန်းက ကစားသမားတွေဟာ သူများပွဲကို လောင်းခွင့်ရှိသေးတယ်။ အခုစည်းမျဉ်းသစ်က ဘာမှလုပ်လို့ မရတာပါ။ ဟိုးအရင်တုန်းက James Krause လည်း UFC အဖွဲ့အစည်းမှာ ကစားဖူးတယ်။ ကစားသမားဘဝက အနားယူပြီး Glory MMA ကို ထောင်ထားတာပါ။ နည်းပြဘဝမှာ ကမ္ဘာ့ချန်ပီယံတွေ မွေးထုတ်ပေးပြီး နာမည်ကျော်လာတယ်။ ပြဿနာဖြစ်ထားလို့ Glory MMA ကစားသမားတွေ ကလပ်ပြောင်းရမယ်။ နည်းပြ James Krause က လောင်းကစားဝါသနာအိုး။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်မှာ ကစားခဲ့တဲ့ UFC Vegas 65 ပြိုင်ပွဲကိုလည်း လောင်းဖူးတယ်။ (၈) ပွဲလောင်းပြီး (၈) ပွဲလုံးနိုင်ထားတာ Screenshot ထွက်လာတယ်။ နီဗားဒါးပြည်နယ် အားကစားကော်မရှင်က နည်းပြ James Krause နဲ့ Darrick Minner တို့ကို စစ်ဆေးခဲ့ရတယ်။ အဲဒီအချိန်မှာ နည်းပြ James Krause က Brandon Moreno ကို လေ့ကျင့်ပေးနေတယ်။ Brandon Moreno လည်း Glory MMA ကို စွန့်ခွာပြီး Fortis MMA ကလပ်မှာ လေ့ကျင့်ခဲ့ရတယ်။ ဒီလိုလုပ်မှလည်း UFC အဖွဲ့အစည်းမှာ ကျင်လည်ခွင့်ရမှာပါ။ နည်းပြ James Krause လည်း Glory MMA ကလပ်ကို ရောင်းလိုက်ရပါတယ်။ Darrick Minner လည်း MMA ဆက်မထိုးဘဲ အနားယူသွားပါပြီ။ တော်တော်ဇာတ်ရှုပ်တဲ့ ဆရာတပည့်ပါ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Sportskeeda Photo Credit - Yahoo Sports ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati