
အရင်ခေတ်ကာလတုန်းက မြန်မာတစ်ဖက်၊ ပြည်ပတစ်ဖက် ကစားခိုင်းရင် မြန်မာကပဲ အလဲထိုးနိုင်တာပဲ။ ပွဲတိုင်းလိုလို မနိုင်ရင်တောင် ပွဲအများစုမှာ မြန်မာနိုင်တယ်။ ကိုယ်တွေလည်း တွေးမိလိုက်ပါတယ်။ မြန်မာဖိုက်တာတွေက ရှယ်ကြမ်းပါလား။ မြန်မာ့သွေးက ရဲတယ်ဘာညာ။ အဲဒီနောက်မှာ WLC အဖွဲ့အစည်းပေါ်လာတယ်။ အမှတ်ပေးစနစ်ကို ကျင့်သုံးတာမို့ ကြိုဆိုသူလည်း ရှိသလို နှာခေါင်းရှုံ့သူလည်း ရှိတာပါပဲ။ အပြင်အဆင်နဲ့ ရုပ်သံကိစ္စတွေက လူတိုင်းသိပြီးသားမို့ မပြောချင်ပါဘူး။ WLC အဖွဲ့အစည်းရဲ့ အားသာချက်ကို ပြည်ပလူကောင်းခေါ်နိုင်တာပဲ။ ခေါ်ချလာလိုက်တာ လက်ဝှေ့ကမ္ဘာ့ချန်ပီယံစာရင်းမှာ မြန်မာဖိုက်တာ မရှိတော့ဘူး။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ။ မြန်မာ့သွေးက မရဲနိုင်တော့ဘူးခင်ဗျာ။ WLC အဖွဲ့အစည်းက ခေါ်လာဖူးတဲ့ လူကောင်းတွေက အများကြီးပါ။ ဘင်တန်ဝိတ်ကြားဖြတ်ချန်ပီယံဖြစ်နေတဲ့ လောရှည် Nabil Anane တောင် ပါသေးတယ်။ အဲတုန်းက လူပျိုပေါက်ပဲ ရှိသေးတယ်။ ကျွန်တော်ပြောချင်တာ ဒီထဲက ဗီယက်နမ်ဖိုက်တာ Nguyen Tran Duy Nhat အကြောင်းပါ။ အမာခံရိုးရာလက်ဝှေ့ပရိသတ်တွေဆိုရင် သိပါလိမ့်မယ်။ Nguyen Tran Duy Nhat က မွေထိုင်းဖိုက်တာပါ။ ဆီးဂိမ်းမှာ ရွှေတံဆိပ်ရဖူးသေးတယ်။ ဗိုလ်လုပွဲကို ခဏခဏတက်လို့ဖြစ်မယ်၊ ဆီးဂိမ်းမှာ ငွေတံဆိပ်နဲ့ ကြေးတံဆိပ်လည်း ရဖူးတယ်။ တခြားပြိုင်ပွဲတွေမှာလည်း ဆုရဖူးတာပါပဲ။ လွန်ခဲ့တဲ့ (၆) နှစ်လောက်တုန်းက Nguyen Tran Duy Nhat ဟာ WLC အဖွဲ့အစည်းမှာ လာကစားတယ်။ ပြိုင်ဘက်က ကမ္ဘောဒီးယားဖိုက်တာ Pich Mtes Khmang ပါ။ Pich Mtes Khmang က မိုက်ရိုင်းကို နိုင်ဖူးတယ်။ Pich Mtes Khmang က ငယ်ဂုဏ်အားပြုပြီး တိုက်စစ်ဆင်ထိုးတာပါ။ အောက်ခြေကန်ချက်တွေက တဖြောင်းဖြောင်း။ Nguyen Tran Duy Nhat က အမြင့်ကန်ချက်ကို အားပြုတာပါ။ အမြင့်ကန်ချက်က ပြင်းလွန်းတယ်။ လေးချက်လောက်ဆင့်ကန်နိုင်ပါတယ်။ Pich Mtes Khmang လည်း ဂတ်တင်ထားပေမယ့် ခြေကန်ချက်က ပြင်းလွန်းတော့ ထိတာပဲ။ ဒီနေရာမှာ Nguyen Tran Duy Nhat ရဲ့ Combo ကို သဘောကျမိတယ်။ အမြင့်ကန်ပြီးရင် လက်သီးချန်ထားလိုက်တယ်။ ဒါမျိုးကို ရာမာန်လည်း လုပ်တတ်တယ်။ အမြင့်ကန်ချက်လွဲရင်တောင် လက်သီးထိတာပဲလေ။ အမြင့်ကန်ချက်ကြောင့် Pich Mtes Khmang က အမှတ်စဉ်ရေခံရတယ်။ ပြန်တည်ပေးတော့ Nguyen Tran Duy Nhat က အမြင့်ကန်ပြီး လက်သီးဆင့်လို့ ပွဲသိမ်းခဲ့တာပဲ။ ပထမအချီမှာ ပွဲသိမ်းတယ်ဆိုပေမယ့် တော်တော်ကြည့်ကောင်းတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/4gTSmBN ကြည့်ပါ။ Nguyen Tran Duy Nhat က မလေးရှားဖိုက်တာလေး Izat Zaki ကိုလည်း နိုင်လိုက်သေးတယ်။ ကောင်လေးက ချာတိတ်ပဲ ရှိသေးတယ်။ ပွဲအပြည့်အစုံရေးလိုက်ရင် စာရှည်သွားမှာမို့ ကျော်လိုက်ပါမယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/3DgKGvv ကြည့်ပါ။ တကယ်ဆိုရင် WLC အဖွဲ့အစည်းမှာ လိုက်ဝိတ်တန်း (၆၀ ကီလို) ကမ္ဘာ့လက်ဝှေ့ချန်ပီယံမရှိသေးပါဘူး။ ခါးပတ်လုခွင့်ပေးမယ်ဆိုရင် Nguyen Tran Duy Nhat က အသင့်တော်ဆုံးပါ။ (၆၀) ကီလိုတန်းမှာဆိုရင်လည်း မြန်မာနိုင်ငံထဲက ဆရာသမားကို ကြိတ်နိုင်မယ့် ဖိုက်တာမတွေ့မိဘူး။ ဒါပေမယ့် ကံဆိုးချင်တော့ ကိုဗစ်တွေ နိုင်ငံရေးအခြေအနေတွေကြောင့် WLC အဖွဲ့အစည်းက ရပ်ဆိုင်းသွားတာမို့ ခါးပတ်လုခွင့်မရလိုက်ဘူး။ Nguyen Tran Duy Nhat ကို ONE Friday Fights ပြိုင်ပွဲတွေမှာ ပြန်မြင်ရပြန်တယ်။ ဝိတ်ထိန်းနိုင်တယ်လို့ပဲ ပြောရမယ်။ ဖလိုင်းဝိတ် (၁၃၅ ပေါင် - ၆၁ ကီလို) တန်းမှာပဲ ကစားနေတာပါ။ ရိုးရာလက်ဝှေ့တုန်းက (၆၀) ကီလိုတန်းဆိုတော့ ဝိတ်က သိပ်မကွာလှဘူး။ အခုက မွေထိုင်းထိုးရတာဆိုတော့ ပိုင်ပိုင်နိုင်နိုင်ပိုရှိသွားတာပေါ့လေ။ ONE Friday Fights ပြိုင်ပွဲမှာ Nguyen Tran Duy Nhat က (၃) ပွဲနိုင်ပြီး (၁) ပွဲရှုံးထားတယ်။ ရလဒ်က အကောင်းကြီးမဟုတ်ရင်တောင် ဆိုးတဲ့အထဲမှာ မပါဘူး။ Nguyen Tran Duy Nhat က ခြေကန်ချက်ကို အားပြုလွန်းတာပါ။ ခြေကန်ချက်ဆိုပေမယ့် အောက်ခြေကန်ချက်နဲ့ အမြင့်ကန်ချက်ကိုပဲ အဓိကထားတယ်။ Body Kick တောင် သိပ်မသုံးဘူ။ အပေါ်မှာ ရေးထားသလို အမြင့်ကန်ရင်း လက်သီးချန်ခဲ့တယ်။ တစ်ခုမဟုတ် တစ်ခုထိတာပဲ။ လက်သီးက ကောင်တာအတွက်ပဲ အဓိကသုံးတာပါ။ ခြေကန်ချက်ကြောင့် ပြိုင်ဘက်က မူးနောက်သွားရင် လက်သီးသုံးတယ်။ အဆုတ်အတက်မြန်တယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/4baQuDr ကြည့်ပါ။ (၃၅) နှစ်ရှိနေပြီဆိုတော့ ချန်ပီယံအဆင့်ထိ မှန်းနိုင်ဖို့ မလွယ်ပါဘူး။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - SCMP Photo Credit - ONE Championship ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati