
ခဏခဏလည်း ရေးခဲ့ဖူးပါတယ်။ အရင်တုန်းက ONE Championship မှာ Hydration Test မရှိပါဘူး။ ကစားသမားက ကြိုက်သလို ဝိတ်ချလိုက်ပါ။ သတ်မှတ်ဝိတ်တင်ရင် အဆင်ပြေတာပဲ။ UFC အဖွဲ့အစည်းမှာလိုပဲ ကျင့်သုံးတာပါ။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်ဖိုက်တာ Yang Jian Bing က ဝိတ်ချရင်း ကွယ်လွန်သွားတယ်။ ချွေးထုတ်ခန်းထဲမှာ ဝင်ရတယ်။ Sauna Suit ဝတ်ပြီး လေ့ကျင့်ရတယ်။ ရေနွေးကန်ထဲမှာ စိမ်ရတယ်။ ဒါတွေကို တစ်လှည့်စီလုပ်ရတာမို့ တစ်ကိုယ်လုံးက ပူလောင်နေတယ်။ ဒဏ်ခံနိုင်မယ့် အပူချိန်ပမာဏထက် လွန်သွားရင် ဦးနှောက်က အလုပ်မလုပ်နိုင်တော့ပါဘူး။ အပူချိန်များလာရင် ကွန်ပျူတာက Shut Down ကျသွားသလိုပဲ။ လေဖြတ်သလိုဖြစ်ပြီး မလှုပ်ရှားနိုင်တော့ပါဘူး။ Heat Stroke ဖြစ်ပြီး ကွယ်လွန်တာပါ။ အဲဒီနောက်မှာ ONE Championship က အလွန်အမင်းဝိတ်ချတာကို အားမပေးတော့ဘူး။ Walking Weight အတိုင်းပဲ ကစားစေပြီး Hydration Test စစ်လိုက်တယ်။ ဝိတ်အလွန်အမင်းချထားတဲ့အတွက် ဆီးထဲမှာ ရေဓာတ်နည်းနေရင် ကျန်းမာရေးထိခိုက်တယ်။ ဒါဆိုရင် Hydration Test မအောင်ဘူးလို့ သတ်မှတ်လိုက်တာပါ။ ကစားသမားက ရေပြန်သောက်ရတယ်၊ ရေပြန်သောက်ရင်လည်း Hydration Test အောင်သွားပေမယ့် သတ်မှတ်ဝိတ်မဝင်ပြန်ဘူး။ မြန်မာဖိုက်တာတွေ ကြုံတွေ့နေရတဲ့ အခက်အခဲပါ။ ONE Championship သွားတဲ့စနစ်က ကစားသမားတွေကို ဝိတ်အလွန်အမင်းမချခိုင်းဘူး၊ သတ်မှတ်ဝိတ်နဲ့ ပွဲတွင်းဝိတ်လည်း မကွာစေရဘူး။ ဒီသဘောပါ။ ဒါပေမယ့် စနစ်တိုင်းမှာလည်း အားနည်းချက်၊ ချို့ယွင်းချက်ဆိုတာ ရှိပါတယ်။ မြန်မာဖိုက်တာတွေမှာသာ တိုင်ပတ်နေပေမယ့် Weight Cut & Hydration Test နားလည်သူတွေကျတော့ အားသာချက်ဖြစ်သွားတယ်။ အလွယ်တကူပြောရရင် ဖယ်သာဝိတ်ချန်ပီယံ Tawanchai ပါပဲ။ နောက်ဆုံးပွဲမှာ Tawanchai ရဲ့ တရားဝင်ဝိတ်က (၇၀) ကီလိုဖြစ်ပါတယ်။ ဝိတ်ချိန်တုန်းက အဲလောက်လေးပဲ။ ပွဲထိုးတဲ့အချိန်မှာ (၈၀) ကီလိုဖြစ်နေတယ်။ တစ်ရက်အတွင်းမှာ (၁၀) ကီလိုတက်သွားတာပါ။ သတ်မှတ်ဝိတ်နဲ့ ပွဲတွင်းဝိတ်မကွာအောင် Hydration Test ခံထားပြီး ဘယ်လိုပဲလုပ်ထားပါစေ၊ ဆရာကျတဲ့လူတွေက ဆရာကျတုန်းပဲ။ ဒီလိုဆရာကျအောင်လည်း အာဟာရပညာရှင်တွေကို ငွေကြေးအကုန်အကျခံပြီး ငှားထားတာလေ။ မြင်လွယ်အောင်ပြောရရင် သွေးသစ်ဝင်းလှိုင်ရဲ့ ပုံမှန်ဝိတ်က (၇၅/၇၆) ကီလိုရှိတာပါ။ ဖယ်သာဝိတ် (၇၀ ကီလို) ရအောင် ဝိတ်ချလိုက်ရပြီး စွမ်းဆောင်ရည်ထိတယ်။ ပွဲတွင်းဝိတ်က ဘယ်လောက်ရှိမှာလဲ။ တိုင်းမကြည့်ဖူးတော့ ကိုယ်လည်း မသိပါဘူး။ အလွန်ဆုံးရှိမှ (၇၁/၇၂) ကီလိုလောက်ပါပဲ။ Tawanchai တို့လို (၈၀) ကီလိုမဖြစ်ပါဘူး။ ဖြစ်စရာလည်း အကြောင်းမရှိပါဘူး။ နဂိုဝိတ်ကမှ (၇၅/၇၆) ကီလိုလောက်ပဲရှိတာလေ။ ဝိတ်တန်းတူပေမယ့် သွေးသစ်ဝင်းလှိုင်က Tawanchai လောက် မထွားသလို ပွဲတွင်းဝိတ်လည်း တအားကွာပါတယ်။ စနစ်တိုင်းမှာ အားနည်းချက်ရှိပါတယ်။ လက်တစ်လုံးခြားလုပ်တတ်ရင် အသာရတာပဲ။ အခုလည်း ဘောက်ဆင်စတား Sangarthit လာပြန်ပြီ။ ဒီကောင်လေးက ဘောက်ဆင်ကောင်းတယ်။ ဘောက်ဆင်စကေးက တန်းမြင့်မြင့်မှာရှိတယ်။ အသက်ငယ်သေးပေမယ့် ပညာမငယ်ဘူး။ တကယ့်ကစ်ဘောက်ဆင်ဆရာကြီးတွေကိုတောင် ဘတစ်ပြန်ကျားတစ်ပြန် Sparring ဆွဲလာတာပါ။ သူလည်းပဲ အကောင်ကြီးတာပဲ။ ပွဲဝေးနေရင် (၇၇) ကီလိုကျော်ရှိတယ်။ သွေးသစ်ဝင်းလှိုင်ထက်တောင် ကြီးသေးတယ်။ အခုဝိတ်ပြန်ချထားတာ (၆၄) ကီလိုဖြစ်နေပြီတဲ့။ တစ်လလောက်အတွင်းမှာ ချလိုက်တာပါ။ Sangarthit နဲ့ စူပါရေချမ်းတို့က (၁၄၀ ပေါင် - ၆၃.၅ ကီလို) တန်းမှာ ကစ်ဘောက်ဆင်ထိုးကြမှာပါ။ ဗေဒင်မေးရင် ဆန်ကုန်လိမ့်မယ်။ ကြိုးဝိုင်းထဲမှာ Sangarthit က စူပါရေချမ်းထက် ပိုကြီးမှာသေချာတယ်။ အာဟာရပညာရှင်တွေ ငှားနိုင်ကြတော့ သူတို့ဆီမှာက ပွဲတွင်းဝိတ်အားသာချက်ရှိနေကြပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ONE Championship Photo Credit - Tetsuya ကျော်စိုးအောင် (Myanmar Fight Edition)
© COPYRIGHTS 2024 by illuminati