
ဘောက်ဆင်ပွဲကြည့်ပြီး အိပ်ပျော်သွားလိုက်တာ Henry Cejudo နဲ့ Song Yadong တွဲဆိုင်း လွတ်သွားတယ်။ ဘောက်ဆင်ပွဲပြီးသုံးသပ်ချက်လည်း မလုပ်တော့ပါဘူး။ လုပ်ရင်လည်း မထူးဆန်းတော့ဘူး။ အနည်းငယ်ပြောရရင် Artur Beterbiev က ဦးဆောင်ကစားပေမယ့် လက်သီးအလေအလွင့်များတယ်။ ဒီအသက်အရွယ်မှာ ဒီလောက်ကစားနိုင်တာပဲ ချီးကျူးရမှာပဲ။ Dmitry Bivol က ခံစစ်အားပြုပြီး ကောင်တာထိုးသွားတာပါ။ လက်ထွက်ပိုမြန်ပြီး အဖိတ်အစင်အားနည်းတာမို့ နိုင်သွားပါတယ်။ Henry Cejudo နဲ့ Song Yadong တွဲဆိုင်းကို ပြန်သွားပါမယ်။ ပထမအချီမှာ Henry Cejudo က ဝင်လုံးမလို အယောင်ပြပြီး ဖိအားပေးထားတာပါ။ Song Yadong က တော်တော်တိုးတက်လာတယ်။ ဖိအားမဝင်ဘဲ လုပ်စရာရှိတာ လုပ်ပြသွားတာပါ။ ညာလက်သီးတွေက Henry Cejudo ကို တော်တော်ဒုက္ခပေးသွားတယ်။ အောက်ခြေအပြိုင်ကန်ကြတာပါ။ ပထမအချီမှာ Song Yadong သာပါတယ်။ ဒုတိယအချီမှာ Henry Cejudo က ပိုကောင်းလာတယ်။ အောက်ခြေကန်ပြီး အောက်ပိုင်းဖြိုတာပါ။ အစောပိုင်းမှာတင် ခြေကန်ချက်တွေ မနည်းပါဘူး။ ဆိုင်ထိုးမိရင် Song Yadong က ထိချက်သာတယ်။ ဘောက်ဆင်ပိုကောင်းပြီး လက်ထွက်မြန်လို့ပါ။ Henry Cejudo က ဝင်လုံးဖို့ ကြိုးစားပေမယ့် အရာမထင်ပါဘူး။ ထောက်လက်သီးတွေက Song Yadong ကို တော်တော်ထိတာပါ။ သံဇကာဘေးမှာ ယိုင်ထွက်သွားရတယ်။ နည်းနည်းကွဲသွားရတယ်။ ဒုတိယအချီမှာ Henry Cejudo က သာပါတယ်။ တတိယအချီရောက်ပါပြီ။ Song Yadong ရဲ့ ဘောက်ဆင်က တော်တော်ကောင်းတာပါ။ အသက်ကွာတာမို့ အမြန်နှုန်း ကွာနေတယ်။ မထင်မှတ်ဘဲ ညာခြေကန်ချက်ထိပြီး Low Blow ဖြစ်သွားတယ်။ Henry Cejudo က တော်တော်နာပြီး ခဏနားလိုက်ရတယ်။ လက်တံကွာဟလို့ အနားကပ်ထိုးဖို့ ကြိုးစားနေရတယ်။ Eye Poke ဖြစ်ပြန်ပြီ။ ခုနတုန်းက Low Blow ဖြစ်ပြီး အခု Eye Poke ဆိုတော့ Song Yadong လည်း အမှားများတာပဲ။ ဘယ်မျက်လုံးထိတာ တော်တော်များသွားတယ်။ Henry Cejudo က အနားယူချိန် (၅) မိနစ်ရပါတယ်။ (၅) မိနစ်အတွင်းမှာ အဆင်သင့်မဖြစ်ရင် ပွဲရပ်ပြီး No Contest သတ်မှတ်လိုက်ရုံပဲရှိတယ်။ ဥပဒေပြင်ပကစားလို့ Song Yadong ကို အမှတ်လျှော့ခိုင်းနေတယ်။ တောင်းဆိုပေမယ့် ကြိုးဝိုင်းဒိုင် Jason Herzog က မလျှော့ပါဘူး။ အနားယူချိန်ပြီးတော့ ပွဲပြန်စတယ်။ Henry Cejudo က ဘာမှမလုပ်နိုင်တော့ဘူး။ တတိယအချီလည်း ပြီးသွားတယ်။ စတုတ္ထအချီပြန်စဖို့ Henry Cejudo က အဆင်မပြေဘူး။ ဘယ်မျက်လုံးက မမြင်ရတော့ဘူးတဲ့။ အနားပေးချိန်တည်းက ဆက်မထိုးသင့်တာပါ။ မျက်လုံးကောင်းကောင်းမမြင်ဘဲ ဆက်ထိုးတော့ ဆက်နာတယ်။ တကယ်ဆိုရင် စတုတ္ထအချီဆက်မထိုးနိုင်ရင် ဒိုင်ပွဲရပ်ဖြစ်ပြီး Song Yadong နိုင်သွားမှာပါ။ ဒါပေမယ့် အခုကိစ္စက Eye Poke ကြောင့် ဆက်မထိုးနိုင်တာလေ။ ကစားပြီးတဲ့ (၃) ချီအတွင်းမှာ ဘယ်သူသာလဲ အမှတ်ပေးဒိုင် (၃) ဦးက ဆုံးဖြတ်ရတယ်။ Song Yadong က Technical Decision ရပြီး အနိုင်ရသွားတယ်။ Henry Cejudo နဲ့ Song Yadong တို့က ခေါင်ပွဲဖြစ်ပြီး (၅) ချီကစားရမှာပါ။ Eye Poke ကြောင့် (၃) ချီအပြီးမှာ ရပ်လိုက်ရပြီး ပွဲချိန်ပြည့်မဟုတ်ဘဲ (၃) ချီရမှတ်ကိုသာ ဆုံးဖြတ်ရလို့ အမှတ်ပေးဒိုင် (၃) ဦးက အနိုင်ပေးသည့်တိုင်အောင် Unanimous Decision မဟုတ်ဘဲ Technical Decision ဖြစ်သွားတာပါ။ မျက်လုံးထိပြီးသာ ချက်ချင်းနားခဲ့ရင် Henry Cejudo က အခုလို မရှုံးဘဲ No Contest ဖြစ်မှာပါ။ မျက်ကြည်လွှာပွန်းပဲ့ပြီး မျက်လုံးအသားစလေး ပျက်စီးသွားတယ်တဲ့။ ဆုံးဖြတ်ချက်အမှားကြောင့် အထိနာရသလို ရှုံးပွဲကြုံခဲ့ရတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati