
ဘောက်ဆင်ပရိသတ်ဆိုရင် သတိထားမိလိမ့်မယ်။ အခုနောက်ပိုင်းမှာ စူပါမစ်ဒယ်ဝိတ်ချန်ပီယံ Canelo Alvarez က ပွဲစီစဉ်သူကို အစွဲမထားတဲ့အကြောင်းလေ။ အကျိုးအမြတ်ရှိတဲ့ ပွဲစီစဉ်သူဆိုရင် လက်တွဲလိုက်တာပဲ။ ဘယ်ပွဲစီစဉ်သူကိုမှ ပွဲရှည်စာချုပ်မထားဘူး။ ထိုးကြေးမြင့်မြင့်ယူပြီး စာချုပ်အတိုင်း ပွဲပြည့်အောင် ထိုးပေးလိုက်တယ်။ နောက်ပွဲစီစဉ်သူက ထိုးကြေးကောင်းကောင်းပေးလာရင် နောက်လူဆီကို ပါသွားပြန်ရော။ အခုလည်း မနက်ပိုင်းမှာ သတင်းတက်လာတယ်။ Canelo Alvarez နဲ့ Jake Paul တို့က မေလ (၃) ရက်နေ့မှာ ကစားမယ်တဲ့။ နီဗားဒါးပြည်နယ် လပ်ဗီးဂပ်စ်မြို့မှာရှိတဲ့ T-Mobile Arena အားကစားရုံတဲ့။ အောင်မယ် အတိအကျ။ အားကစားရုံတောင် ပါလိုက်သေး။ သတင်းထောက် Mike Coppinger ပြောတာဆိုတော့ မယုံလို့လည်း မဖြစ်ဘူး။ တကယ်လည်း သတင်းက တိကျမှန်ကန်တယ်။ မရှေးမနှောင်းမှာတင် တွဲဆိုင်းပျက်ပြီလို့ Ring Magazine က တင်ထားပြန်တယ်။ Turki Alalshikh က Canelo Alvarez ကို (၄) ပွဲစာ စာချုပ်လိုက်ပြီတဲ့။ ဒါကလည်း သတင်းအမှန်ပဲ။ Turki Alalshikh က အတည်ပြုထားတယ်။ ဘယ်လိုဖြစ်ရတာလဲ။ အဓိကက မျက်နှာများလွန်းတဲ့ Canelo Alvarez ပါပဲ။ မူလတုန်းက Turki Alalshikh ဟာ Canelo Alvarez ကို (၃) ပွဲစာချုပ်ချင်တာပါ။ စက်တင်ဘာလမှာ Terence Crawford ကို ကစားပါတဲ့။ ဒါပေမယ့် Canelo Alvarez က စက်တင်ဘာလအထိ မစောင့်ချင်ဘူး။ မေလမှာ ပွဲထိုးချင်သေးတယ်။ အဲဒါကြောင့်မို့ Jake Paul ကို ပွဲလက်ခံထားတာပါ။ ရက်စွဲနဲ့ ပွဲတည်နေရာကို သတ်မှတ်ထားတယ်။ လက်မှတ်မထိုးရသေးဘဲ နှုတ်ကတိပဲရှိပါသေးတယ်။ ထိုးပြီးရင် Turki Alalshikh ရဲ့ (၃) ပွဲစာစာချုပ်ကို လက်ခံမယ်။ Turki Alalshikh ကလည်း ရှင်းတယ်။ တကယ့်ဖိုက်တာအစစ်ကိုပဲ ပွဲထိုးစမ်းပါ Canelo Alvarez တဲ့။ Jake Paul ကိုထိုးရင် (၃) ပွဲစာချုပ်လည်း မရှိတော့ဘူးတဲ့။ Canelo Alvarez က မေလမှာ ပွဲထိုးချင်သေးတယ်။ အဲဒီတော့ Turki Alalshikh က (၄) ပွဲစာချုပ်ကမ်းလှမ်းလိုက်တယ်။ မေလမှာ ထိပ်တန်းပြိုင်ဘက်ကိုထိုးပြီးရင် စက်တင်ဘာလမှာ Terence Crawford ကို ကစားပါတဲ့။ Canelo Alvarez က ပွဲလက်ခံပြီး လက်မှတ်ထိုးလိုက်တယ်။ အကျိုးဆက်က Canelo Alvarez နဲ့ Jake Paul တွဲဆိုင်းဟာ Cancel ဖြစ်သွားတာပဲ။ လက်မှတ်မှ မထိုးရသေးတာလေ။ မေလ (၃) ရက်မှာ Canelo Alvarez က Jermall Charlo ဒါမှမဟုတ် Bruno Surace ကို ကစားမယ်။ ဘယ်သူဖြစ်မလဲဆိုတာ Turki Alalshikh ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်။ စက်တင်ဘာလမှာ ပြိုင်ဘက်က Terence Crawford ။ နောက်နှစ်ဖေဖော်ဝါရီလမှာ တစ်ခါ။ နောက်နှစ်အောက်တိုဘာလမှာ တစ်ခါ။ ဒါဆိုရင် (၄) ပွဲပြည့်သွားပြီ။ Canelo Alvarez က မျက်နှာများသလို အပြောင်းအလဲမြန်တယ်။ မေလမှာ ပွဲရအောင်လို့သာ Jake Paul ကို ထိုးရတာပါ။ မေလမှာ ပွဲတည်ပေးမယ်ဆိုပြီး (၄) ပွဲစာချုပ်ကမ်းလှမ်းရော Turki Alalshikh ကို လက်ခံလိုက်တာပဲ။ တတ်လည်း တတ်နိုင်တဲ့ Canelo Alvarez ပါပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - Ring Magazine ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati