
ကျွန်တော်တို့က ရဲသွေးနီကို အငယ်တန်း ရဲသွေးနီနဲ့ အကြီးတန်းရဲသွေးနီဆိုပြီး နှစ်ပိုင်းခွဲမြင်လို့ရတယ်။ ဝိတ်တန်းငယ်ဘဝမှာ ရဲသွေးနီရဲ့ အဓိကပြိုင်ဘက်တွေက မိုက်ရိုင်းနဲ့ တိမ်တိုက်ဖြစ်ပြီး အကြီးတန်းဘဝမှာ သပြေညိုနဲ့ ပတ်ကျော်လင်းနိုင်ဖြစ်ပါတယ်။ ရဲသွေးနီကို နာမည်ကြီးစေခဲ့တာ တိမ်တိုက်ရဲ့ ကျေးဇူးလည်း မကင်းဘူး။ အမာခံပရိသတ်တွေက တိမ်တိုက်ကို သိကြပါလိမ့်မယ်။ လူငယ်ပရိသတ်တွေ သိရအောင် အကျဉ်းဖျင်းရှင်းပြပါမယ်။ တိမ်တိုက်က နောက်မဆုတ်စတမ်း ကစားတတ်တယ်။ မာဂုဏ်ကို အားပြုလွန်းတယ်။ အဝင်ကြမ်း၊ အထွက်ကြမ်းတဲ့ ပေတုံးကြီးပါ။ ရိုးရာလက်ဝှေ့ကို ကမ္ဘာကြည့်ကြည့်မယ်ဆိုရင် တိမ်တိုက်ရဲ့ ကစားဟန်က အဆင်မပြေပေမယ့် အမာခံပရ်ိသတ်တွေက သဘောကျဆဲပဲ။ ရဲသွေးနီနဲ့ တိမ်တိုက်တို့က သုံးကြိမ်လောက် ကစားဖူးတယ်။ ပထမပွဲနဲ့ ဒုတိယပွဲကိုပဲ ရုံအရောက်ကြည့်ဖူးတာပါ။ တတိယပွဲက မွန်ပြည်နယ်မှာ ကစားတာဆိုတော့ အွန်လိုင်းမှာပဲ ကြည့်ခဲ့ဖူးတာပါ။ ပထမပွဲကို အရင်ပြောမယ်။ ၂၀၁၅ ခုနှစ် ဇွန်လမှာ ရဲသွေးနီနဲ့ တိမ်တိုက်တို့က (၅၁) ကီလိုတန်း ရွှေခါးပတ်ဗိုလ်လုပွဲမှာ ဆုံကြတာပါ။ ဗိုလ်လုပွဲမို့လို့ သိမ်ဖြူရုံမှာ တခုတ်တရသွားကြည့်လိုက်တာ ပွဲကြီးပွဲကောင်းတွေ့ခဲ့ရတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က တွဲဆိုင်းပါ။ တိမ်တိုက်က ဆိုင်ထိုးပြိုင်ထိုးလုပ်တာပါ။ ရဲသွေးနီက ဘေးတစ်လုံး၊ မေးတစ်လုံးသမား။ ထရပ်ကားနှစ်စင်း ခေါင်းဆိုင်တိုက်သလိုပဲ။ ဒါပေမယ့် ရဲသွေးနီက ခြေထွက်လက်ထွက်ပိုကောင်းသလို နည်းစနစ်အားသာပါတယ်။ တိမ်တိုက်က အမိုက်ထိုးသက်သက်ပဲ။ ခေါင်းငုံ့ပြီး နံဘေးကို လွှတ်ထိုးတာပါ။ အဲတုန်းက ရဲသွေးနီဟာ ခြေကန်ချက်နဲ့ ဒူးတိုက်ချက်တွေ ထွက်သေးတယ်။ အချီကြာလာတော့ တိမ်တိုက်လေးက ပန်ဒါဝက်ဝံဖြစ်လာတယ်။ စက္ခုနှစ်ကွင်းက ညိုမည်းလာလို့ စတုတ္ထအချီမှာ ဆေးရှုံးဖြစ်သွားတယ်။ အငယ်တန်းဆိုပေမယ့် အခုပွဲက တော်တော်ကြမ်းတာပါ။ အခုနောက်ပိုင်းမှာ ဒါမျိုးပွဲတွေကို ပြန်လွမ်းမိပါရဲ့။ စိတ်ဝင်စားရင် ဒီမှာ bit.ly/4bhDZ94 ကြည့်ပါ။ နောက်ငါးလလောက်ကြာတော့ ရဲသွေးနီနဲ့ တိမ်တိုက်တို့ကို မကျေပွဲတည်ပေးသေးတယ်။ ပထမပွဲမှာ ပရိသတ်ကြိုက်သလို ဆေးရှုံးဖြစ်ထားတာမို့ မကျေပွဲပြန်တည်ပေးပုံရပါတယ်။ မကျေပွဲက ပထမပွဲအတိုင်းပဲ ကြမ်းရမ်းတာပါပဲ။ ပထမပွဲလောက်အထိ လက်ရည်မကွာပေမယ့် မကျေပွဲမှာလည်း တိမ်တိုက်က ဖူးရောင်သွားတာပဲ။ နောက်ဆုံးအချီမှာ နံဘေးထိပြီး မှောက်သွားရတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/4kuKcmz ကြည့်ပါ။ တတိယပွဲက မွန်ပြည်နယ် သောင်ပြင်ရွာမှာ ကစားကြတာပါ။ တတိယပွဲမှာ လက်ရည်က မြင်မကောင်းအောင် ကွာသွားပြီ။ အချီတိုင်းမှာ ရဲသွေးနီက အသာစီးပါပဲ။ တိမ်တိုက်က ရဲသွေးနီရဲ့ အားနည်းချက်ကို မရှာနိုင်သေးဘဲ အထိနာရတယ်။ ရဲသွေးနီက လုပ်နိုင်သလောက် လုပ်ပြသွားတာပါ။ ဒုတိယအချီပြီးတော့ တတိယအချီဆက်မထိုးနိုင်ဘဲ တိမ်တိုက်က ဆင်းသွားရတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/3XjjaV5 ကြည့်ပါ။ တိမ်တိုက်က စောဖြိုးဝေကို နိုင်ဖူးသေးတယ်။ စောဖြိုးဝေက (၅၄) ကီလိုတန်း ရွှေခါးပတ်ချန်ပီယံပါ။ တိမ်တိုက်ထက် ဝိတ်တန်းကြီးတယ်ဆိုပေမယ့် စိန်ခေါ်ပွဲမှာ ဆုံကြတာပါပဲ။ စောဖြိုးဝေက နည်းစနစ်ပိုကောင်းပေမယ့် တိမ်တိုက်ရဲ့ ဖိအားပေးမှုကို မခံနိုင်ပါဘူး။ တကယ်ဆိုရင် စောဖြိုးဝေနဲ့ တိမ်တိုက်တို့က သုံးကြိမ်ထိုးဖူးတယ်။ ပထမပွဲမှာ စောဖြိုးဝေနိုင်တယ်။ ဒုတိယပွဲမှာ သရေကျသွားပြီး တတိယပွဲမှာ တိမ်တိုက်နိုင်တယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/4bjkzRt ကြည့်ပါ။ တိမ်တိုက်က ၂၀၁၆ ခုနှစ် ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲမှာ ဝင်ကစားသေးတယ်။ အရင်နှစ်မှာလို ဗိုလ်လုပွဲမတက်တော့ဘူး။ အစောပိုင်းမှာတင် ရှုံးပြီး ထွက်ခဲ့ရတယ်။ စွမ်းထက်နိုင်ကို ရှုံးတယ်ထင်တာပဲ။ သေချာတော့ မမှတ်မိတော့ဘူး။ ကျွန်တော်စသိတုန်းက တိမ်တိုက်ဟာ ထွန်းသွင်ကလပ်မှာ လေ့ကျင့်နေတာပါ။ ဆရာရဲသွေးရဲ့ တပည့်လေ။ နောက်ပိုင်းမှာ သုဝဏ္ဏဘူမိကလပ်ကို ရောက်သွားပုံပေါ်တယ်။ နောက်ပိုင်းမှာ တိမ်တိုက်က ပရိသတ်ကြားမှာ သိပ်မထင်ရှားတော့ဘူး။ အိမ်ထောင်ကျသွားတယ်လို့ သတင်းသဲ့သဲ့ကြားလိုက်မိတယ်။ တိမ်တိုက်ပဲ ပွဲဝေးသွားတာလား ဒါမှမဟုတ် ကျွန်တော်ကပဲ သတိမထားမိတာလားပဲ။ ကိုဗစ်အစောပိုင်းမှာ တိမ်တိုက်က ရွှေခါးပတ်ချန်ပီယံ ကောင်းကောင်းကို အလဲထိုးနိုင်လိုက်တယ်။ တိမ်တိုက်ပြန်လာပြီလို့ပဲ တွက်ထားလိုက်တယ်။ ဒါပေမယ့် နောက်သုံးရက်ကြာတော့ တိမ်တိုက်က နီဂရိုးကို ပြန်ရှုံးသွားတယ်။ ဆရာသမားက ကြမ်းလှချည်လား။ သုံးရက်အတွင်းမှာ ကောင်းကောင်းနဲ့ နီဂရိုးတို့ကို ကစားခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာ တိမ်တိုက်နဲ့ အောင်ဇော်ဟိန်းတို့က ပွဲကြမ်းပြသွားတယ်လို့ ဖတ်လိုက်ရဖူးတယ်။ ကျွန်တော်လည်း သေချာတော့ မသိလိုက်ရပါဘူး။ တိမ်တိုက်က ဆက်ထိုးသေးလား။ ဒါမှမဟုတ် နားသွားပြီလား။ အမာခံပရိသတ်တွေက တိမ်တိုက်ကို မေ့ကြမှာ မဟုတ်ပါဘူး။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Lekkha Moun Photo Credit - MLC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati