
အစောပိုင်းကာလမှာ မြန်မာပရိသတ်တွေက ပျော်ရွှင်ရတယ်၊ ဂုဏ်ယူရတယ်။ ကိုယ့်ကစားသမားတွေက နိုင်ပွဲဆက်နေပြီး အပိုဆုကြေးတွေ ရနေတာမလား။ ဒီမှာဆိုရင် ပွဲအများကြီးထိုးမှ ရနိုင်မယ့် ပမာဏကို မိနစ်ပိုင်းလောက်ပဲ မွေထိုင်းထိုးပြီး ရှာနိုင်တာမလား။ ကိုယ်မရပေမယ့် ပရိသတ်တွေမှာလည်း ပျော်ရွှင်ရပါတယ်။ အခုနောက်ပိုင်းမှာ မြန်မာဖိုက်တာတွေက ရှုံးပွဲဆက်လာတယ်။ အစောပိုင်းမှာ နိုင်ပွဲဆက်ပေမယ့် Rank တင်ပေးလိုက်ရင် ရှုံးပွဲဆက်ကုန်ကြတာပါ။ လုမ္ဗနီအားကစားရုံမှာ ကစားဖူးတဲ့ မြန်မာဖိုက်တာတွေကို ကြည့်လိုက်ရင် ဘယ်သူ့ကိုမှ အားမရပါဘူး။ ခါးပတ်တွေဘာတွေနောက်ထားပါ၊ စာချုပ်ရဖို့ကို မနည်းကြိုးစားနေရပါတယ်။ ဒါဆိုရင် လုမ္ဗနီအားကစားရုံမှာ မကစားဖူးတဲ့ ပြည်တွင်းဖိုက်တာတွေထဲမှာ ဘယ်သူကျန်သေးလဲ။ သူတို့တွေလည်း အောင်မြင်ပါ့မလား။ ပထမဆုံးစဉ်းစားမိတာ ထွန်းထွန်းမင်းပါ။ ထွန်းထွန်းမင်းရဲ့ အလုံးအထည်က (၈၅) ကီလိုလောက်ရှိတယ်။ အရပ်က (၅) ပေ (၈) လက်မလောက်ပါ။ အရပ်နဲ့ ဝိတ်က မမျှပါဘူး။ ပြည်တွင်းမှာ အလွတ်တန်းစနစ်ကြောင့်သာ မသိသာပေမယ့် ပြည်ပထွက်ရင် ဝိတ်လျှော့ရဦးမယ်။ ဘယ်လောက်ထိ လျှော့နိုင်မလဲ။ ထွန်းထွန်းမင်းလည်း အသက်အရွယ်အရ အများကြီးမလျှော့နိုင်ပါဘူး။ အလွန်ဆုံး (၇၇) ကီလ်ိုလောက်ပဲ ဖြစ်နိုင်မယ်။ ဒါတောင်မှ မနည်းလုပ်ရမှာပါ။ ONE Championship မှာ လိုက်ဝိတ်တန်းက (၇၇) ကီလိုပါပဲ။ ဒါပေမယ့် လိုက်ဝိတ်တန်းမှာ ဖိုက်တာအများစုက (၆) ပေ ဒါမှမဟုတ် (၆) ပေ (၁) လက်မဝန်းကျင်ရှိကြတာပါ။ အကုန်လုံးက ကြမ်းထော်နေတာပဲ။ ထွန်းထွန်းမင်းက ပုပုလေးဖြစ်နေလိမ့်မယ်။ အရပ်အတိုင်းဆိုရင် ဖယ်သာဝိတ်အထိ ချသင့်တာပါ။ ဒါတောင်မှ ပုသေးတယ်။ ဖယ်သာဝိတ်တန်းက (၇၀) ကီလိုဆိုတော့ ထွန်းထွန်းမင်း မချနိုင်လောက်ဘူး။ လုမ္ဗနီအားကစားရုံမှာ ရုန်းကန်ရဖို့များတယ်။ နောက်ထပ်စဉ်းစားမိတာက ကျော်စွာဝင်းပါ။ ကြေးစားဘဝမှာ ကျော်စွာဝင်းက ထွန်းထွန်းမင်းကိုပဲ ရှုံးဖူးတာပါ။ (၇၀/၇၃) ကီလိုလောက်ရှိတယ်။ ဖယ်သာဝိတ်တန်းမှာဆိုရင် သူလည်း အရပ်ပုတာပဲ။ ဖယ်သာဝိတ်အများစုက (၅) ပေ (၁၀) လက်မလောက်ရှိကြတယ်။ ဘင်တန်ဝိတ်တန်းအထိ ဝိတ်ချနိုင်ရင် အဆင်ပြေပါမယ်။ ဒါဆိုရင် အရပ်မပုတော့ဘူး။ လက်တံလည်း အနေတော်ပဲ။ ဒါပေမယ့် ကျော်စွာဝင်းရဲ့ အားနည်းချက်က လက်သီးအားပြုလွန်းတာပဲ။ မွေထိုင်းကစားရင် အကွက်စုံမှ အိုကေပါမယ်။ နင်းခြေ၊ တားခြေကအစ တံတောင်ရိုက်၊ ဒူးတိုက်အဆုံး သတ်ကွက်စုံမှသာ ပိုကောင်းတာပါ။ ကျော်စွာဝင်းက စိတ်ဓာတ်ကောင်းပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိပေမယ့် အကွက်မစုံဘဲ ဘောက်ဆင်အားပြုလွန်းတယ်။ ဝိုက်လက်သီးအားပြုပေမယ့် One Punch KO Power မရှိတာခက်ပါတယ်။ အကွက်မစုံရင်လည်း လက်သီးပါဝါသာ တင်ထားပေရော့။ တစ်ချက်ကောင်း မှောက်အောင်ထိုးနိုင်ရင် ပိုကောင်းမယ်လို့ မြင်မိပါတယ်။ ရာမာန်ကိုလည်း မေ့မထားသင့်ဘူး။ ရာမာန်က လိုက်ဝိတ်တန်းမှာ ကစားလည်း အဆင်ပြေပါတယ်။ အရပ်ရှည်တာကိုး။ ဖယ်သာဝိတ်တန်းအထိ မဆင်းနိုင်လောက်ဘူး။ နည်းစနစ်က မဆိုးဘူးရယ်။ အသားထိရင် နာတတ်လွန်းပြီး အသည်းဇွဲကိုတော့ အားမရပါဘူး။ ဒါဆိုရင် အောင်ခိုင်လား။ ဆရာသမားလည်း မလွယ်ပါဘူး။ ထိုးပေါက်ရိုးလွန်းတယ်။ အလုံးအထည်ကသာ (၇၅) ကီလိုလောက်ရှိပေမယ့် အရပ်သိပ်မထွက်ဘူး။ ဖယ်သာဝိတ်တန်းမှာ ဆင်းထိုးရင်တောင် ပုသေးတယ်။ နောက်ဆုံးပွဲမှာ သွေးသစ်ဝင်းလှိုင်ကို အသာစီးထိုးထားပေမယ့် အောင်ခိုင်က ပြည်ပထွက်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ကျွန်တော်သဘောကျတာက မိုက်ရိုင်းပါ။ အခုနားသွားပြီထင်တယ်။ မွေထိုင်းတွေက ခြေကန်ချက်ကောင်းတယ်တဲ့။ မွေထိုင်းမြေမှာ မိုက်ရိုင်းက ထိုင်းပြိုင်ဘက်ကို အမြင့်ကန်ပြီး အမှောက်သိပ်ခဲ့တာပါ။ ဆရာသမားလည်း နားသွားပြီမို့ မဖြစ်နိုင်ဘူး။ စောရွှေလေးတို့ ဘာတို့ကို သဘောကျပါတယ်။ အလဲထိုးပါဝါမရှိပေမယ့် မြန်တယ်၊ သွက်တယ်။ ဒီကောင်လေးလည်း သိပ်ဖြစ်မလာဘူး။ ရန်နိုင်ထွန်းကလည်း Fight IQ ကောင်းပေမယ့် ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိတယ်။ အရိုးအဆစ်သန်ပေမယ့် အရပ်ပုလွန်းတယ်။ ဘင်တန်ဝိတ်တန်းမှာ ကစားရင်တောင် အရပ်ပုသေးတယ်။ သက်ဝင်းအောင်ဆိုရင်လည်း တဟုန်ထိုးနာမည်ကြီးလာပြီးမှ ပြန်ကျသွားတာပါ။ ကမ္ဘောဒီးယားကို သွားလိုက်တာ နာမည်မတက်ဘဲ နာမည်ကျသွားတယ်။ ရလဒ်လည်း ထင်သလောက်မဟုတ်ပြန်ဘူး။ ကစားပေါက်ကိုတော့ သဘောကျပါတယ်။ ကြိုးစားအားထုတ်မှု လိုလိမ့်ဦးမယ်။ စာရင်းချုပ်ပါမယ်။ ထွန်းထွန်းမင်းလား၊ ကျော်စွာဝင်းလား၊ ရာမာန်လား၊ အောင်ခိုင်လား၊ ရန်နိုင်ထွန်းလား၊ သက်ဝင်းအောင်လား၊ စောရွှေလေးလား။ ဘယ်သူက ပိုသင့်တော်လဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ONE Championship Photo Credit - Kyaw Swa Win ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati