
Rei Tsuruya က Joshua Van ကို ဝင်လုံးပြီး Ground Control လုပ်ဖို့ ပြင်ဆင်ထားတာပါ။ Game Plan က Grappling ပါပဲ။ (၂၁) ကြိမ်တောင် ဝင်လုံးဖို့ ကြိုးစားခဲ့တာပါ။ မရမကလုံးတာပါ။ ဝင်လုံးတာ မအောင်မြင်တဲ့အခါမှာ ယုံကြည်ချက်ပျောက်သွားရတယ်။ တတိယအချီမှာ ပိုသိသာပါတယ်။ ဒီနေရာမှာ ကြိုးဝိုင်းဒိုင် Jason Herzog ရဲ့ ပွဲထိန်းသိမ်းပုံကိုလည်း ပြောစရာရှိပါတယ်။ ပထမအချီတည်းက Rei Tsuruya က ဝင်လုံးခဲ့တာပါ။ Joshua Van ရဲ့ Takedown Defense ကလည်း တော်တော်ချီးကျူးဖို့ ကောင်းပါတယ်။ သံဇကာကို အားပြုပြီး ရုန်းထသွားတာပါ။ ကြမ်းပြင်ပေါ်မှာ ရောက်သွားရင်လည်း အချိန်တိုအတွင်းမှာ ရုန်းထွက်နိုင်တယ်။ ယှဉ်ထိုးတဲ့အပိုင်းမှာ တော်တော်ကွာသွားပြီ။ ပုံမှန်အားဖြင့် ဒီလောက်မကွာနိုင်ပေမယ့် Rei Tsuruya က ဂတ်ဖွင့်ထိုးလို့ ထိချက်ကွာသွားတာပါ။ Joshua Van က ဘောက်ဆင်စကေးကောင်းတယ်။ Rei Tsuruya ကိုလည်း အသာစီးထိုးနိုင်ခဲ့တယ်။ ဒုတိယအချီမှာလည်း Rei Tsuruya က ဆက်လုံးတာပဲ။ ပထမအချီထက်တောင် ပိုလုံးနိုင်ပြီး အခွင့်အရေးတချို့ရပါသေးတယ်။ Joshua Van ရဲ့ Takedown Defense က ကောင်းနေတာပါ။ ကြမ်းပြင်ပေါ်ရောက်သွားရင်လည်း ပြန်ရုန်းထွက်နိုင်တယ်။ ဒါပေမယ့် Rei Tsuruya ရဲ့ လက်သီးကိုလည်း အာရုံစိုက်နေရတယ်။ Joshua Van က Spinning Back Fist ထိသွားတာကိုလည်း တွေ့လိုက်ရပါတယ်။ ယှဉ်ထိုးရင် Rei Tsuruya က မနိုင်ဘူးဆိုတာ သူသိတယ်။ အဲဒါကြောင့် ရသလောက် ဝင်လုံးတာပါ။ Joshua Van ရဲ့ Front Kick က တော်တော်ကောင်းတာပါ။ Rei Tsuruya လည်း အသက်ရှူမှားလာရတယ်။ တတိယအချီမှာ ထိချက်က တော်တော်ကွာသွားပြီ။ လူဆိုတာ လုပ်တိုင်းဖြစ်နေရင် ယုံကြည်ချက်တက်တာပဲ။ လုပ်တိုင်းမဖြစ်ရင် ကိုယ့်ကိုယ်ကိုယ်လည်း သံသယဝင်လာတတ်ပါတယ်။ Rei Tsuruya လည်း ဒီသဘောပါပဲ။ တတိယအချီမှာ ဝင်လုံးပေမယ့် အရင်လို ယုံကြည်ချက်မျိုး မရှိတော့ဘူး။ Joshua Van အတွက် ကာကွယ်ရတာ ပိုလွယ်ကူသွားတယ်။ Rei Tsuruya လည်း အာရုံထွေပြားလာတယ်။ ဒီနေရာမှာ Low Blow ကို ပြောရဦးမယ်။ Joshua Van ရဲ့ Front Kick က ဘောကာထိပြီးမှသာ ဗိုက်ထိသွားတာပါ။ မိုက်ထဲမှာ ခွက်ခနဲအသံထွက်သွားတယ်။ အသားထိရင် ဖက်ခနဲအသံထွက်မှာပါ။ ဘောကာထိတယ်ဆိုတော့ Low Blow ဖြစ်ပါတယ်။ ဒါက ပထမ Low Blow ကို ပြောတာပါ။ ကြိုးဝိုင်းဒိုင် Jason Herzog က Joshua Van ကို အသိပေးနေရတယ်။ နောက်တစ်ခါထပ်မမှားစေနဲ့တဲ့။ ဒုတိယအကြိမ်လည်း Low Blow ထပ်ဖြစ်ပါတယ်။ ကြိုးဝိုင်းဒိုင် Jason Herzog က Low Blow သတ်မှတ်ခဲ့လို့သာ Low Blow လို့ ရေးရတာပါ။ တကယ်က Low Blow မဟုတ်ပါဘူး။ Front Kick က ဗိုက်တည့်တည့်ထိပြီး Rei Tsuruya နာသွားတာပါ။ Replay မှာ ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။ Low Blow မဟုတ်ဘဲ အလဲထိုးဖြစ်တာပါ။ ကြိုးဝိုင်းဒိုင် Jason Herzog အမှားလုပ်မိတာ Joshua Van နစ်နာပါတယ်။ တတိယအချီရဲ့ လက်ကျန်မိနစ်တွေမှာ ယှဉ်ထိုးတော့လည်း Rei Tsuruya က မရတော့ပါဘူး။ ယုံကြည်ချက်ပျောက်ဆုံးပြီး မယ်မယ်ရရမလုပ်နိုင်တော့ဘူး။ Joshua Van က ပွဲဖြတ်ဖို့ ကြိုးစားပေမယ့် ပွဲချိန်ပြည့်သွားပါတယ်။ Rei Tsuruya က Joshua Van ကို (၂၁) ကြိမ်ဝင်လုံးခဲ့ပြီး (၄) ကြိမ်အောင်မြင်ခဲ့ပါတယ်။ Joshua Van က (၁၇) ကြိမ်တောင် ကာကွယ်နိုင်ခဲ့တာပါ။ တော်တော်အံ့သြစရာကောင်းတဲ့ ပမာဏဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာလည်း အချိန်သိပ်မကြာလိုက်ဘူး။ အခုပွဲမှာ Takedown Defense နဲ့ ဘောက်ဆင်စကေးတွေကြောင့် အနိုင်ရသွားတယ်လို့ မြင်ပါတယ်။ ယှဉ်ထိုးလိုက်ရင် ကလေးနဲ့ လူကြီးလို ကွာနေပြန်တယ်။ Rei Tsuruya လည်း ဂတ်ဖွင့်ထိုးလိုက်တာ တော်တော်အထိနာသွားရတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati