
အသက်(၁၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ လိုင်လီခံစစ်ကစားသမားလေး Leny Yoro ကို မန်ချက်စတာယူနိုက်တက်အသင်းက ရီးရဲလ်မက်ဒရစ်အသင်းကိုကျော်ပြီး ဒီနှစ်နွေရာသီမှာ ခေါ်ယူနိုင်ခဲ့ပါတယ်။ တကယ်တော့ Yoro ဟာ လိုင်လီမှာတည်းက သူ့ကို ကာလရှည်ပစ်မှတ်ထားနေတဲ့ ရီးရဲလ်ကိုရောက်ဖို့ ပိုရေပန်းစားခဲ့တာဖြစ်ပြီး စပိန်ကလပ် ကမ်းလှမ်းတဲ့ စာချုပ်ပါအချက်အလက်တွေကြောင့်သာ အင်္ဂလန်ကလပ်ကို ရွေးချယ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ Yoro ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဖို့ ဆိုင်းတုံ့နေခဲ့တဲ့အပြင် Yoroအတွက် သတ်မှတ်ထားတဲ့ တန်ကြေးကိုပါ လျှော့ချဖို့ ဖိအားပေးတောင်းဆိုခဲ့တာကြောင့် ပေါင်(၅၂)သန်းနဲ့ ကမ်းလှမ်းခဲ့တဲ့ ယူနိုက်တက်အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Leny Yoro ဟာ ရာသီကြိုခြေစမ်းပွဲမှာ ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပေမယ့် အဆိုပါပွဲမှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လက်ရှိအချိန်အထိ အနားယူနေရတာလဲဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati