
လာမယ့်သီတင်းပတ်ရဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေမှာ ပွဲကြပ်တွေ ဆက်တိုက် ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းဟာ သူတို့ရဲ့အသင်းခေါင်းဆောင် Martin Odegaard ကို ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလအတန်ကြာ လက်လွှတ်ထားရပါတော့မယ်။ Odegaard ဟာ နော်ဝေးအသင်းနဲ့ ဩစတြီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ UEFA Nations League ပွဲစဉ်မှာ ခြေချင်းဝတ်လည်ပြီး ယောင်ကိုင်းလာတာကြောင့် ပွဲအတွင်းကနေ ထမ်းစင်နဲ့ပါ ထွက်သွားခဲ့ရတာပါ။ နော်ဝေးအသင်းရဲ့ ဆေးအဖွဲ့ကတော့ Odegaardရဲ့ ဒဏ်ရာဟာ အနည်းဆုံးသီတင်းပတ်(၃)ခန့် အနားယူရနိုင်တယ်လို့ ထုတ်ပြန်ကြေငြာသွားခဲ့ပြီး နော်ဝေးနည်းပြ Stale Solbakken ကလဲ သူ့ရဲ့ကစားသမားကို (၁)လကျော်လောက်ထိ လက်လွှတ်ထားရနိုင်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက်တော့ လာမယ့်စနေနေ့မှာ ကစားမယ့် စပါးစ်အသင်းနဲ့ ဒါဘီပွဲအတွက် Odegaard အပြင် ပွဲပယ်ပြစ်ဒဏ်ကျခံရမယ့် Declan Riceနဲ့ ကစားသမားသစ် Mikel Merino (ပခုံးဒဏ်ရာ) တို့ကိုပါ လက်လွှတ်ထားရတော့မှာလဲ ဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati