
လီဗာပူးလ် ၄-၀ စပါး ကာရာဘောင်ဖလားရဲ့ လက်ရှိချန်ပီယံလီဗာပူးလ်အနေနဲ့ အိမ်ကွင်းမှာ စပါးကို ဂိုးပြတ်အနိုင်ယူပြီး နှစ်နှစ်ဆက်တိုက်ဗိုလ်လုပွဲကိုတက်ရောက်သွားနိုင်ခဲ့ပြီ။ ဘောလုံးမှာက စုစည်းညီညွှတ်မှုက အရမ်းကိုအရေးကြီးကြောင့် ဒီရာသီမှာ လီဗာပူးလ်က အကြိမ်ကြိမ်ပြသနိုင်ခဲ့တယ်။ အာနိုး၊ အလီဆွန်၊ မက်ကာ တို့မပါဝင်ခဲ့ပေမဲ့လည်း လီဗာပူးလ်ပုံစံက မပျက်ယွင်းသွားခဲ့ဘူး။ ပွဲအကြောင်းက အရမ်းကြီးပြောစရာမရှိဘူး။ ဒီရာသီမှာ ရစ်သမ်ပျက်နေတဲ့စပါးအသင်း၊ ဒဏ်ရာဗရပွနဲ့စပါးအသင်း၊ အဲဒီအသင်းကို လီဗာပူးလ်က အိမ်ကွင်းမှာ ခြေပြတ်၊ ဂိုးပြတ်နိုင်တယ်။ ပထမအကျော့က အရှုံးကိုချေဖျက်ပြီး ဗိုလ်လုပွဲရောက်သွားတယ်။ လီဗာပူးလ်ဘက်မှာ ဘယ်ကစားသမားကမှ ချွန်ထွက်ပြီးကောင်းနေတာမျိုးမရှိဘဲ အကုန်လုံးက ကိုယ့်တာဝန်ကိုယ်ကြေကြတယ်။ ဒီပွဲမှာ ဒါဝင်နူညက်အကြောင်းလေးတော့ နည်းနည်းပြောချင်တယ်။ ဒါဝင်နူညက် က ဒီပွဲမှာ သွင်းဂိုးမရ၊ ဂိုးဖန်တီးမှုမရခဲ့ပေမဲ့ အထောင်တိုက်စစ်မှာ သူပါဝင်တာက ဒီယက် ကစားတာထက် ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတာအမှန်ပဲ။ ပြီးတော့ နူညက်က အရင်ကထက်စာရင် ဘောလုံးကိုင်ကစားတဲ့အပိုင်းတွေမှာ ပိုပြီးသွေးအေးတည်ငြိမ်လာတာကိုတွေ့ရတယ်။ အခွင့်အလမ်းဖန်တီးမှု ၃ကြိမ်ပြုလုပ်နိုင်ခဲ့တယ်။ သူတိုက်စစ်မှာ လှုပ်ရှားမှုတွေက လီဗာပူးလ်အသင်းအတွက် အတော်လေးကို အထောက်အကူဖြစ်စေတာကို တွေ့ရတယ်။ ဘောလုံးပရိသတ်တွေအနေနဲ့ ကျောနံပတ် ၉ ဆီကနေ သွင်းဂိုးတွေမျှော်လင့်တာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ ဒါဝင်နူညက်က အဲဒီသွင်းဂိုးတွေကလွဲရင် ကျန်တာတွေအကုန်ပေးနေတဲ့ကစားသမားလို့တောင် ဆိုရမယ်။ ဒီရက်ပိုင်းမှာ ကောလာဟာလ သတင်းတွေအရ လာမယ့်နွေအပြောင်းအရွှေ့မှာ နူညက်ကို ရောင်းမယ်၊ အီဆက်ကို ဝယ်မယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်နေတယ်။ ဒါက ဒါဝင်နူညက်အတွက် လွယ်ကူတဲ့အခြေအနေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူ့အနေနဲ့ ပါဝင်ကစားခွင့်ရတဲ့ပွဲတိုင်းမှာ မခိုမကပ်ဘဲ အသင်းအတွက် ကစားပေးနေတာက လီဗာပူးလ်အတွက်တော့ အားရစရာကောင်းပါတယ်။ လက်ရှိမှာ လီဗာပူးလ်က နူညက်ဆီက သွင်းဂိုးတွေကို အရမ်းကြီးမျှော်လင့်စရာလိုတဲ့အခြေအနေမျိုးမဟုတ်တာကြောင့်ပါပဲ။ ပြီးတော့ အာနီစလော့။ အာနီစလော့က လီဗာပူးလ်ကို ပထမဆုံးကိုင်တွယ်တဲ့ရာသီမှာပဲ ကာရာဘောင်ဖလားဗိုလ်လုပွဲကို ပို့ပေးနိုင်ခဲ့တယ်။ ဒါက ရှေ့က ယာဂင်ကလော့ရဲ့ စံချိန်ကို လိုက်မီတာလို့ဆိုရမယ်။ ယာဂင်ကလော့ကလည်း လီဗာပူးလ်ကို ပထမဆုံးကိုင်တွယ်တဲ့ရာသီမှာပဲ ကာရာဘောင်ဖလားဗိုလ်လုပွဲကို ပို့ပေးနိုင်ခဲ့တယ်။ ယာဂင်ကလော့တုန်းကတော့ ကာရာဘောင်ဖလားဗိုလ်လုပွဲအပြင် ယူရိုပါလိဂ်ဗိုလ်လုပွဲပါ ပို့ပေးခဲ့သေးတာဖြစ်တယ်။ ဒါက စလော့နဲ့ကလော့ကို ခြေရာတိုင်းခြင်းမျိုးမဟုတ်ဘဲ .. တူညီတဲ့အခြေအနေလေးတွေကို ဖော်ပြခြင်းသာ ဖြစ်တယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ဖလားလေးလုံးလမ်းကြောင်းပေါ်မှာ လီဗာပူးလ်က လျှောက်လှမ်းနေဆဲပဲ။ လီဗာပူးလ်က ဖလားလေးလုံးလမ်းကြောင်းပေါ်မှာ မကြာခဏလျှောက်လှမ်းခဲ့ပေမဲ့ အဆုံးသတ်မှာ အဓိက ဆုဖလားတွေနဲ့ ခဏခဏလွဲချော်နေတဲ့အသင်းဖြစ်ပြီး .. ဒါကို ဒီရာသီမှာ ပြောင်းပြန်လှန်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ လာမယ့် မတ်လ ၁၆ရက်နေ့မှာ ဗိုလ်လုပွဲအဖြစ် ဝင်ဘာလေမှာ နယူးကာဆယ်ကစားရမယ်။ အဲဒီဖလားက အသေးဆုံးဖလားဖြစ်သလို၊ အစောဆုံးဖလားတစ်လုံးလည်း ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / SkySport ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati