
ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အောင်မြင်မှုအများဆုံးယူထားတဲ့ နည်းပြကြီး Carlos Ancelotti ကတော့ ဒီရာသီ ကုန်ရင်ဘာနေဗျူးကနေ ထွက်တော့မယ့်အကြောင်း အသင်းကို အသိပေးထားတယ်လို့ စပိန်ကသတင်းတွေက တင်ပြထားပါတယ်။ အီတလီလူမျိုး Carlos Ancelotti ဟာ ရီးယဲလ်အသင်းကို ၂ ကျော့တာဝန်ယူပြီး ဘောလုံး ရာသီခြောက်ခု ဖြတ်သန်းခဲ့ကာ လက်ရှိစာချုပ်ကတော့ ၂၀၂၆ အထိဖြစ်ပါတယ်။ ဒါပေမဲ့ သတင်းတွေအရတော့ Carlos Ancelotti ဟာ လက်ရှိအသင်းရလဒ်တွေကြောင့်မဟုတ်ဘဲ စာချုပ်သက်တမ်းကုန်ရင် ရီးယဲလ်ကနေ ထွက်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုပြီး သိရပါတယ်။ Carlos Ancelotti ဟာ အရင်စာချုပ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာမှာ သက်တမ်းပြန်တိုးခဲ့တာပါ။ အဲဒီတုန်းကတော့ ဘရာဇီးလက်ရွေးစင်အသင်းကို Carlos Ancelotti တာဝန်ယူဖို့ ရီးယဲလ်ကနေ ထွက်မှာဆိုပြီး ကောလဟာလသတင်းတွေ ပြန့်နှံ့ခဲ့ပါသေးတယ်။ အဲဒီချိန်ကစလို့ အသက် ၆၅ နှစ် Carlos Ancelotti ဟာ စပိန်ကလပ်နဲ့အတူ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလားတို့ကို ရရှိပြီး စပိန်မြို့တော်မှာ တစ်မူထူးခြားတဲ့အောင်မြင်မှုတွေကို ရယူထားလိုက်ပါတယ်။ ဒါပေမဲ့ ငါးကြိမ်ဥရောပဖလားယူထားတဲ့နည်းပြကြီး Carlos Ancelottiဟာ စာချုပ်သက်တမ်းကုန်ရင် ဘာနေဗျူးကနေထွက်မှာဖြစ်ပြီး သူ့နေရာအတွက် လေဗာကူဆင်အသင်းနည်းပြ Alonso ဆက်ခံဖို့ ရေပန်းစားနေပါတယ်။ သတင်းတစ်ခုကတော့ စွယ်စုံရနည်းပြကြီး Carlos Ancelotti ဟာ နည်းပြဘ၀ကနေ အနားယူဖို့ အစီအစဉ်မရှိသေးဘဲ သူ့ရဲ့ဆုဖလားပြတိုက်ထဲမှာ တခြားနိုင်ငံတစ်နိုင်ငံက ကလပ်တစ်သင်းနဲ့ရယူမယ့်အောင်မြင်မှုတွေကို ချိတ်ဆွဲပြသဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ Carlos Ancelotti ဟာ တစ်သက်တာအထက်မြက်ဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ပြီး ဥရောပထိပ်သီးလိဂ်ငါးခု စလုံးမှာ လိဂ်ဖလားကို ယူဖူးတဲ့တစ်ဦးတည်းသောနည်းပြအဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် Carlos Ancelotti ဟာ ချဲလ်ဆီးအသင်းနဲ့ကာလတိုတာဝန်ယူစဉ်ကာလအတွင်းမှာ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖ လားတို့ အပါအဝင် နည်းပြအဖြစ် ဆုဖလားပေါင်း ၁၅ခု ရရှိထားပါတယ်။ Carlos Ancelotti ဟာ ဥရောပဖလားကို ငါးကြိမ်ရရှိထားတဲ့တစ်ဦးတည်းသောနည်းပြလည်းဖြစ်ပြီး ရီးယဲလ်ကို သူစတင်တာဝန်ယူတဲ့ ၂၀၁၃ တုန်းက လည်း ၁၀ကြိမ်မြောက်လာလီဂါဖလားကို ရရှိစေခဲ့ပါတယ်။ ပြီးတော့ ၂၀၂၂နဲ့ ၂၀၂၄ တို့မှာလည်း ၁၄ကြိမ်နဲ့ ၁၅ ကြိမ်မြောက်ဖလားရရှိအောင် Carlos Ancelotti ကတာဝန်ယူပေးခဲ့ပါတယ်။ ဒီရာသီကတော့ စပိန်ကလပ်ကြီးရီးယဲလ်အနေနဲ့ ဖလားယှဉ်ပြိုင်မှုလမ်းကို ဦးဆောင်ဖို့ရာ တာထွက်အစနှေးနေ ရာကနေ ပြန်နိုးကြားလာတယ်။ လက်စ်ပါးမတ်ကို ၄-၁ ဂိုးနဲ့နိုင်ခဲ့လို့ Carlos Ancelotti ရဲ့အသင်းဟာ ထိပ် ဆုံးမှာ နှစ်မှတ်ပြတ်နဲ့ ပြန်ရပ်တည်နေတယ်။ ရီးယဲလ်ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဆဲလ်ဘတ်အသင်းနဲ့ကစားရ မှာဖြစ်ပြီး ခြေစစ်ပွဲအောက် ထိပ်ဆုံးရှစ်နေရာစာရင်းဝင်ဖို့ အလားအလာကောင်းနေပါတယ်။
© COPYRIGHTS 2024 by illuminati