
လက်ရှိမှာ မန်ယူအသင်းဟာ ရလဒ်တွေဆိုးရွားနေပြီး ဒီရာသီပြိုင်ပွဲစုံ နောက်ဆုံးရှစ်ပွဲမှာ တစ်ပွဲပဲအနိုင်ယူထားနိုင်တဲ့ နည်းပြအဲရစ်တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါပြီ။ ဝက်စ်ဟမ်းအသင်းကို ၂-၁နဲ့ရှုံးတဲ့ ပွဲအပြီးမှာပဲ မန်ယူအသင်းဘုတ်အဖွဲ့က တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်လိုက်တာပါ။ တန်ဟက်ဂ်ထွက်သွားချိန်မှာ မန်ယူဟာ ပရီးမီးယားလိဂ်အဆင့် ၁၄ မှာရပ်တည်နေပါတယ်။ ကလပ်အသင်းသမိုင်းအဆိုးရွားဆုံးရပ်တည်မှုအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ ဒီနောက်ပိုင်း မန်ယူအသင်းနည်းပြသစ် ဘယ်သူဖြစ်လာမလဲဆိုတဲ့ကိစ္စဟာ လက်တလော သတင်းမီဒီယာတွေပေါ် မှာ ရေပန်းစားနေတဲ့အကြောင်းအရာတစ်ခုဖြစ်လို့နေတယ်။ လက်ရှိမှာ စပို့တင်းလစ္စဘွန်းအသင်းနည်းပြရူဘင်အေမိုရင်ကို မန်ယူအသင်းက ဆက်သွယ်နေတဲ့သတင်းက ပရိသတ်တွေကြားမှာ အထူးစိတ်ဝင်စားခံရဆုံးပါပဲ။ အ သက် ၃၉နှစ်သာရှိသေးတဲ့စပို့တင်းနည်းပြအေမိုရင်ကို စာချုပ်ဖျက်သိမ်းခ ပေါင်၈သန်းကျော်လျော်ကြေးပေးပြီး မန်ယူကဆက်သွယ်ထားတယ်ဆိုတဲ့သတင်းကြားကြားချင်းပဲ ပေါ်တူဂီကလပ်အသင်းပရိသတ်အချို့ဟာ မျက် ရည်လည်ရွဲဖြစ်ပြီး အသင်းဘုတ်အဖွဲ့အပေါ် မကျေနပ်တဲ့အသံတွေထွက်နေတယ်လို့လည်း သိရတယ်။ ဒါပေမဲ့ အခုသိရတဲ့သတင်းအရတော့ စပို့တင်းအသင်း နဲ့မန်ယူတို့ကြား အေမိုရင်ကို ခေါ်ယူရေးအတွက် ဆွေးနွေးမှုဟာ အဆုံးမသတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ စပို့တင်းအသင်းနည်းပြအေမိုရင် ကိုယ်တိုင်ကလည်း ဘာမှရေရေရာရာမဆုံးဖြတ်ရသေးကြောင်း ထုတ်ပြောထားပါတယ်။ ‘မန်ယူဘက်က စိတ်ဝင်စားနေတယ်။ ဒါပေမဲ့ ကျနော့် ရွေးချယ်မှုပါ။ ဘာကိုမှ မဆုံးဖြတ်ရခင်အထိ ပူညံပူညံဖြစ်အောင် ကျနော်မလုပ်ချင်ပါဘူး။ အခုချိန်မှာ အသုံးဝင် မယ့်စကားမျိုး ပြောစရာလည်းမရှိဘူး။ ကျနော်လုပ်ချင်တာမှန်သမျှ လုပ်သွားမယ်။ ဒီလိုပဲ အမြဲတမ်းလုပ်နေကျပါ။ အခုတော့ ဒီကိစ္စကို ပွဲဆူအောင်လုပ်တာမျိုးမဖြစ်ချင်ဘူး။ ကလပ်ဘက်က ထုတ်ပြန်ချက်တော့ရှိနေတယ်’လို့ အေမိုရင်ကိုယ်တိုင်က မီဒီယာတွေကို ထုတ်ပြောလိုက်ပါတယ်။ အခုတော့ အေမိုရင်၊ မန်ယူနဲ့ စပို့တင်းသုံးပွင့် ဆိုင် ဇာတ်လမ်းကနေ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရပါဦးမယ်။
© COPYRIGHTS 2024 by illuminati