
ဒေါ့တ်မွန်အသင်းနဲ့အတူ ဘောလုံးစင်မြင့်ပေါ်ထွန်းတောက်လာတဲ့ Jadon Sancho ကို ဥရောပရဲ့ အထွန်းတောက်ဆုံးကြယ်ပွင့်တွေထဲက တစ်ယောက်အဖြစ် အားလုံးက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲ အခုချိန်ထိတော့ Sancho ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ကျွန်တော်တို့ မမြင်ရသေးပါဘူး။ ၂၀၁၇ခုနှစ်တုန်းက Jadon Sancho ဟာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းရဲ့ အကယ်ဒမီကနေ ဂျာမန်ကလပ် ဒေါ့တ်မွန်အသင်းထံကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါမှာ နှစ်အနည်းငယ်ကစားပြီးချိန်မှာတော့ ဒေါ့တ်မွန်အသင်းကို ပြောင်းရွှေ့လာခဲ့တာဟာ Sancho အတွက် အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်လာခဲ့တယ်လို့ သတ်မှတ်ရလောက်တဲ့အထိ Sancho ဟာ ဒေါ့တ်မွန်အသင်းမှာ အလျင်အမြန် အံဝင်ခဲ့ပြီး အသင်းရဲ့ အဓိကကစားသမားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒေါ့တ်မွန်ကနေ မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့ချိန်မှာတော့ Sancho ဟာ အိုးထရက်ဒ်ဖို့တ်မှာ အလုပ်မဖြစ်သလောက်နီးပါးဖြစ်သွားခဲ့ပြီး ကစားသမားဘဝကိုပါ ထိခိုက်ခဲ့ရပါတယ်။ ယူနိုက်တက်မှာကစားနေစဥ်အတွင်း ပုံမှန်ခြေစွမ်းမပြနိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက်ပါ စွမ်းဆောင်ရည်တွေ တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ အဲ့ဒီနောက် ဒေါ့တ်မွန်အသင်းကို အငှားနဲ့ ပြန်ပြောင်းရွှေ့သွားခဲ့ပြီး အသင်းဟောင်းမှာတော့ ပုံမှန်ခြေစွမ်းပြန်ရခဲ့တယ်လို့ သတ်မှတ်ရမှာပါ။ ဒေါ့တ်မွန်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးဆီ ပို့ဆောင်ပေးနိုင်ခဲ့သလို ဒေါ့တ်မွန်အသင်းကလဲ ရာသီကုန်မှာ ဘွန်ဒက်စ်လီဂါအဆင့်(၅)နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီနှစ်နွေရာသီမှာတော့ Sancho ဟာ ယူနိုက်တက်ကိုပြန်ရောက်လာခဲ့ပေမယ့် အိုးထရက်ဒ်ဖို့တ်မှာ အချိန်မဖြုန်းချင်တော့တဲ့ Sancho ဟာ ပရီးမီးယားလိဂ်ပြိုင်ဖက် ချယ်လ်ဆီးအသင်းဆီကို အငှားနဲ့ပြောင်းရွှေ့သွားခဲ့ပြန်ပါပြီ။ ယူနိုက်တက်မှာ မလှပခဲ့တဲ့ ပရီးမီးယားလိဂ်ကစားသမားဘဝကို ချယ်လ်ဆီးနဲ့အတူ ပြန်လည်ချေဖျက်နိုင်ဖို့ Sancho မှာ အခွင့်အရေးရလာခဲ့ပြီလို့လဲ ဆိုရမှာပါ။ ဒါပေမယ့် တစ်ဖက်မှာလဲ ချယ်လ်ဆီးဟာ Sancho အတွက် အကောင်းဆုံးအဖြေတစ်ခု ဖြစ်လာပါ့မလားဆိုတဲ့ သံသယအတွေးတွေ ရှိနေဆဲပါပဲ။ ချယ်လ်ဆီးဆိုတာကလဲ လတ်တလောမှာ ကစားသမားအဝင်အကြမ်းဆုံးအသင်းဖြစ်နေတဲ့အပြင် Sancho အပြင်ကိုမှ ရွေးချယ်စရာတိုက်စစ်ကစားသမားတွေ တပုံတပင် ရှိနေတာကြောင့်လဲ ပါပါတယ်။ အကယ်၍ ဒေါ့တ်မွန်မှာတုန်းကလို Sancho တစ်ယောက်ခြေစွမ်းပြနိုင်ရင် လက်ရှိချယ်လ်ဆီးရဲ့ ပွဲထွက်စာရင်းမှာ Sancho အတွက် နေရာတစ်ခု အပိုင်ရှိနေမှာပါ။ Sancho ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြန်လည်ထုတ်ပြနိုင်ဖို့ကလဲ ချယ်လ်ဆီးနည်းပြအဖွဲ့ဝင်တိုင်းမှာ တာဝန်ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းအတွက်လဲ ယူနိုက်တက်မှာကျရှုံးခဲ့တဲ့ Sancho ကို ခေါ်ယူခဲ့မှုဟာ အတော်လေးစွန့်စားမှုကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ကစားဖော်တစ်ယောက်ချင်းစီသာမက ချယ်လ်ဆီးအသိုင်းအဝိုင်းတစ်ခုလုံးကသာ Sancho ကို ဝိုင်းဖေးမကူညီနိုင်ခဲ့ရင် တချိန်တုန်းက Sancho ဘာကောင်လဲ ဆိုတဲ့ အနေအထားမျိုးကို ပြန်ပြနိုင်မှာပါ။ အကယ်၍ ချယ်လ်ဆီးနည်းပြကြီး Enzo Maresca ကသာ Sancho ကို ဒေါ့တ်မွန်မှာတုန်းကခြေစွမ်းရဲ့ တစ်ဝက်လောက်ပဲ ထုတ်ပေးနိုင်ခဲ့မယ်ဆိုရင်တောင် ချယ်လ်ဆီးအသင်းအတွက် အတော်လေးအကျိုးများမယ့် ကစားသမားလဲဖြစ်လာပါလိမ့်မယ်။
© COPYRIGHTS 2024 by illuminati