
လူငယ်ခြေတက်ဆိုတဲ့ စကားလုံးကို ဘောလုံးအသိုင်းအဝိုင်းမှာခဏခဏ ကြားဖူးကြမှာပါ။ ခြေစွမ်းကောင်းမွန်ပြီးတော့ အလားအလာကောင်းများစွာပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမားတွေကို ခေါ်ကြတာပါ။ ဘောလုံးလောကရဲ့ GOAT ကြီးနှစ်ဆူဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့လည်း တစ်ချိန်တုန်းက လူငယ်ခြေတက်အဖြစ်နဲ့ပဲ ကစားသမားဘဝကို စတင်ခဲ့ကြရတာပါ။ ကစားသမားတစ်ယောက်အောင်မြင်ဖို့ဆိုတာ ကိုယ်ပိုင်အရည်အချင်းတစ်ခုတည်းရှိရုံနဲ့ မလုံလောက်ပါဘူး.. ကစားသမားဘဝမှာ ဒဏ်ရာကင်းစင်ဖို့.. ကြံ့ခိုင်ရေးကောင်းဖို့..အမူအကျင့်ကောင်းဖို့..ပရော်ဖက်ရှင်နယ်ဆန်ဖို့...စတာတွေအပြင် စိတ်ဓာတ်ပိုင်း စည်းကမ်းပိုင်းလည်း ပြည့်စုံမှ ကမ္ဘာ့ဘောလုံးစင်မြင့်ပေါ်မှာ ရေရှည်အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်နိုင်တာပါ။ ဒီလိုမျိုး ပျောက်ကွယ်သွားတဲ့ လူငယ်ကစားသမားလေးတွေ ပရီးမီးယားလိဂ်မှာလည်း အများကြီးရှိဖူးပါတယ်။.. အဲဒီထဲကမှ ခြေစွမ်းလည်းတကယ်ကောင်းပြီးတော့ ဖြစ်သင့်သလောက် မဖြစ်လာနိုင်ခဲ့တဲ့ ကစားသမားလေးတွေအကြောင်း နည်းနည်းပြန်လည်တမ်းတချင်ပါတယ်.. ။ ၁၀. ဒေးဗစ် ဘန်တလေ (အာဆင်နယ်. ဘလက်ဘန်း..စပါး) အာဆယ်နယ်အကယ်ဒမီထွက်တစ်ဦး ဖြစ်တဲ့ ဒေးဗစ်ဘန်တလေကို ပရိသတ်တွေစပြီးတော့ သတိထားမိတာ ဘလက်ဘန်းအသင်းနဲ့ ဖြစ်မှာပါ။ အင်္ဂလန်သား..အဝေးကစ်လည်းကောင်း ကျောနံပါတ်ကလည်း "7" နာမည်အတိုကောက်ကလည်း "DB" ရုပ်ကလည်း ခပ်ဖြောင့်ဖြောင့်ဆိုတော့ ဒေးဗစ်ဘက်ခမ်းလက်သစ်လို့ တော်တော်များများက တင်စားခဲ့ကြပါသေးတယ်။ ဒါပေမယ့် စပါးအသင်းကိုပြောင်းရွှေ့ပြီးချိန်ကစလို့ ဘန်တလေဟာ ဒဏ်ရာပြဿနာတွေကြားမှာ ရုန်းကန်ရပြီး ခြေစွမ်းလည်းကောင်းကောင်းပြသနိုင်ခြင်းမရှိခဲ့ပါဘူး။ စပါးကစားသမားဘဝမှာ သူ့အတွက် အမှတ်ရစရာကြီးကြီးမားမားဆိုလို့ အာဆင်နယ်အသင်းနဲ့ပွဲမှာ မြေမကျကန်သွင်းခဲ့တဲ့ Volley ကန်ချက်သာ ရှိပါလိမ့်မယ်။ အဲဒီနောက်ပိုင်းမှာတော့ ဘာမှထင်ထင်ရှားရှားလုပ်ပြနိုင်ခြင်းမရှိတော့ပဲ ၂၉ နှစ်မှာပဲ ကစားသမားဘဝအနားယူခဲ့ရပြီးတော့ အခုချိန်မှာတော့ စပိန်မှာ ဘားတွေ စားသောက်ဆိုင်တွေဖွင့်ပြီး စီးပွားရေးလုပ်နေတယ်လို့ သိရပါတယ်။ ၉. အဘူ ဒီယာဘီ (အာဆင်နယ်) ဝင်းဂါးခေတ်တုန်းက အာကြီးဟာ လူငယ်ခြေတက်တွေ အများကြီးထွက်ပေါ်ခဲ့တဲ့အသင်းပါ။ အဲဒီထဲမှာ အဘူ ဒီယာဘီဟာ Talent အမြင့်ဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ skill လည်း ပြည့်ဝသလို ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်း ပေါ့ဘာ/ ယာယာတိုရေးတို့လိုမျိုး ပရီးမီးယားလိဂ်အတွက် သင့်တော်တဲ့ ခန္ဓာကိုယ်မျိုးပါ။ တစ်နည်းပြောရလို့ရှိရင် တကယ်ကို ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်တဲ့အချက်တွေအားလုံး ဒီယာဘီမှာ ရှိခဲ့ပါတယ်။ မရှိခဲ့တာကတော့ ကံတရားပါပဲ။ ၂၀၀၅ ခုနှစ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ဆိုးဆိုးရွားရွားရပြီးထဲက ပုံမှန်ခြေစွမ်းကို ပြန်မရတော့ပဲ ကစားရတဲ့အချိန်မှာလည်း ဒဏ်ရာတွေသာထပ်မံရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ဒဏ်ရာပြဿနာတွေကြားထဲမှာ ဒီယာဘီတစ်ယောက်လည်း ပျောက်ကွယ်ခဲ့ရတာ နှမြောစရာတော့ကောင်းလှပါတယ်။ ၈. ဖီးလ်ဂျုံးလ်စ် (ဘလက်ဘန်း/မန်ယူ) ဖီးလ်ဂျုံးစ်ဆိုရင် အခုချိန်မှာပြောရင် လူရယ်စရာ Meme လုပ်စရာ.. Troll စရာ နောက်ခံလူတစ်ယောက်အဖြစ် မြင်ကြမှာပေမယ့် တကယ်တမ်း ဖီးလ်ဂျုံးစ် စပေါ်တဲ့အချိန်တုန်းက အင်္ဂလန်ရဲ့ အထွန်းတောက်ဆုံး လူငယ်နောက်ခံလူတွေထဲက တစ်ယောက်ပါ။ မန်ယူနည်းပြကြီး ဖာဂူဆန်ကိုယ်တိုင်လည်း ဖီးလ်ဂျုံးစ်အပေါ်မှာ အများကြီးမျှော်လင့်ထားခဲ့ပါတယ်။ အနာဂတ်မန်ယူရဲ့ Defense Line ကိုဦးဆောင်နိုင်မယ့်သူအဖြစ် မျှော်မှန်းထားကြတာပါ။ ဂျုံးစ်ကလည်း ရောက်ရောက်ချင်းမှာ အတော်လေးခြေစွမ်းပြနိုင်ခဲ့ပါသေးတယ်။ ဖာဂီလက်အောက်မှာ ဂျုံးစ် ဟာ Centre Back နေရာမှာတင်မဟုတ်ပဲ CDM, RB, LB တွေပါ ကစားပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖာဂီ နားသွားပြီးနောက်ပိုင်းမှာတော့ နည်းပြအပြောင်းအလဲတွေကြားမှာ ဒဏ်ရာတွေသာ ဆက်တိုက်ရပြီးတော့ ဂျုံးစ်ဟာ ပုံမှန်ခြေစွမ်းကိုတောင် ပြန်မရခဲ့တော့ပါဘူး။ ကစားခွင့်ရတဲ့ပွဲတွေမှာလည်း အမှားအယွင်းအမျိုးမျိုး.. Own Goal တွေနဲ့ လူရယ်စရာ ဖြစ်ခဲ့ရပါတယ်။ တကယ်လို့ ဒဏ်ရာတွေသာကင်းစင်ခဲ့ရင်တော့ ဖီးလ်ဂျုံးစ်ဟာလည်း ထိပ်တန်းအဆင့်နောက်ခံလူတစ်ဦး အဖြစ် အလားအလာကောင်းတွေပိုင်ဆိုင်ခဲ့သူပါ။ ၇. မိုက်ကယ်ဂျွန်ဆန် (မန်စီးတီး) သူ့ကိုတော့ နည်းနည်းလူသိနည်းကြမှာပါ..ဒါပေမယ့် မန်စီးတီးအသင်းမှာ မိုက်ကယ်ဂျွန်ဆန် စပေါ်တုန်းကတော့ Skill နဲ့ Vision ကောင်းလို့ နာမည်ကြီးခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ နေရာတစ်နေရာအပိုင်ရနေပြီးမှ သူလည်းပဲ ဒဏ်ရာပြဿနာတွေရဲ့ ထိုးနျက်မှုကို အလူးအလဲ ခံခဲ့ရပါတယ်။ သူ ဒဏ်ရာက ပြန်သက်သာပြီးတော့ အသင်းမှာ နေရာပြန်ရဖို့ကြိုးစားတဲ့အချိန်ကလည်း အချိန်ကောင်းမဟုတ်ခဲ့ပါဘူး။ အဲဒီအချိန်မှာ မန်စီးတီးက ရေနံလောင်းပြီးတော့ အသင်းကို ပြောင်းလဲမှုအကြီးစားတွေလုပ်နေတဲ့အချိန်ဖြစ်တာကြောင့် မိုက်ကယ်လည်း နေရာပြန်မရတော့ပဲ ဘောလုံးကွင်းနဲ့ဝေးရာကိုသာ ရောက်သွားခဲ့ရပြီးတော့ ၂၀၁၃ ခုနှစ်မှာတော့ ဘောလုံးလောကကနေ စောစောဆီးဆီးအနားယူခဲ့ရပါတယ်။ ၆. အေဒရီယန် မူတူး (ချဲလ်ဆီး) ၂၀၀၀ ခုနှစ်တုန်းက ဘောလုံးပွဲတွေကြည့်တဲ့သူဆိုရင်တော့ မူတူးဆိုတဲ့နာမည်ကို သိကြမှာပါ။ ရိုမေးနီးယားတိုက်စစ်မှုးတစ်ဦး ဖြစ်ပြီးတော့ စီးရီးအေကနေ ချဲလ်ဆီးကို ပြောင်းလာခဲ့တဲ့ ကြယ်ပွင့်ပါ။ မူတူးကို ချဲလ်ဆီးက ၁၇ သန်းပြောင်းရွှေ့ကြေးပေးခဲ့ရပြီး အဲဒီအချိန်အတုန်းက တော်တော်လေးများတဲ့ ပမာဏပါ။ ရောက်စတုန်းက သုံးပွဲမှာ လေးဂိုးသွင်းပြီးတော့ မူတူးဟာ ခြေစွမ်းပြနိုင်ခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်းမှာတော့ ခြေစွမ်းက ထိုးကျသွားပြီးတော့ ၃၅ ပွဲမှာ ၆ ဂိုးသာသွင်းနိုင်ပါတော့တယ်။ ပိုဆိုးတာက ၂၀၀၄ ခုနှစ်မှာ ဆေးစစ်တဲ့အချိန်မှာ ကိုကင်းသုံးစွဲထားတာကိုတွေ့တာကြောင့် ချဲလ်ဆီးက မူတူးကို စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ ဒီလိုနဲ့ မူတူလည်း ပရီးမီးယားလိဂ်ကနေ လွင့်စင်သွားပြီးတော့ စီးရီးအေမှာ ပြန်လည်ကျင်လည်ခဲ့ရပါတယ်။ စီးရီးအေမှာလည်း သူ့ရဲ့ ကစားသမားဘဝအစလို အောင်မြင်မှုတွေပြန်မရတော့ပဲ ဒုတိယအကြိမ် ဆေးကျမှုလည်း ဖြစ်ပွားခဲ့တာကြောင့် သူ့ရဲ့ကစားသမားဘဝဟာ စည်းကမ်းပိုင်းဆိုင်ရာ အမည်းစက်များစွာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ၅. ဂျက် ဝီလ်ရှိုင်းယား (အာဆင်နယ်) "ဘေဘီ ဂျက်" လို့ အာဆင်နယ် ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ဂျက်ဝီလ်ရှိုင်းယားကို အားလုံးအမှတ်ရကြမှာက ဘာစီလိုနာအသင်းနဲ့ အာဆင်နယ်တို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဖြစ်ကြပါလိမ့်မယ်။ အဲဒီအချိန်တုန်းက ဘာကာမှာ ဇာဗီ၊ အင်နီယေစတာ၊ ဘက်စကွက်စ်၊ တို့ ကွင်းလယ်က အကောင်းဆုံးဖြစ်နေတဲ့အချိန်ပါ။ ဒါပေမယ့် အဲဒီပွဲမှာ တကယ်တမ်း ကွင်းလယ်တိုက်ပွဲမှာ ပညာပြသွားခဲ့တာက ၁၉ နှစ်သား ဂျက်ဝီလ်ရှိုင်းယားပါ။ အဲဒီနောက်ပိုင်းမှာလည်း အာဆင်နယ်အသင်းအတွက် ခြေစွမ်းတွေ တောက်လျှောက်ပြသခဲ့တာပါ..။ ဒါပေမယ့်လည်း နှမြောစရာကောင်းတာက ဂျက်ဟာ ဘယ်တုန်းကမှ ကြံ့ခိုင်မှုပြည့်ပြည့်ဝဝနဲ့ ဘောလုံးမကန်ခဲ့ရပါဘူး။ ကစားသမားဘဝတစ်လျှောက်လုံးမှာ ဒဏ်ရာတွေနဲ့သာ အချိန်ကုန်ခဲ့ရပြီးတော့ နောက်ပိုင်းမှာတော့ ကမ္ဘာ့အဆင့်ကွင်းလယ်ကစားသမားတစ်ယောက်ဘဝကို ဖြစ်သင့်ပေမယ့် ဖြစ်မလာခဲ့ရပါဘူး။ အာဆင်နယ်အသင်းအတွက်လည်း နစ်နာခဲ့ရသလို ဘောလုံးစွမ်းရည်ပြည့်ဝတဲ့ ဂျက်လို ကစားသမားတစ်ယောက်အတွက်လည်း အတော်လေးနှမြောစရာပါ။ ၄.အဲဒဲလ် တာရက်ဘတ် (စပါး/QPR) ကစားသမားတွေအတွက် Skills ပိုင်း ပြည့်စုံရုံတင်လုံလောက်တာမဟုတ်ပါဘူး။ ဘောလုံးဆိုတာ အသင်းလိုက်ကစားရတဲ့ အားကစားနည်းဖြစ်တာကြောင့် အသင်းဖော်တွေနဲ့ ပေါင်းစပ်နိုင်ဖို့ကတော့ အရေးကြီးပါတယ်။ ဒီလိုမျိုး ပြောရခြင်းက တာရက်ဘ်ဟာ အကောင်းဆုံးနမူနာတစ်ခု ဖြစ်နေလို့ပါ။ တစ်ဦးချင်းစွမ်းရည်အပိုင်းရဆို တာရက်ဘ်ဟာ ဘာမှအပြစ်ပြောစရာမရှိပါဘူး။ အလိမ်အခေါက်တွေ၊ ဘောလုံးဆွဲပြေးနိုင်မှုတွေ..အဝေးကန်ချက်ကောင်းကောင်းတွေ သူ့ Skill set ထဲမှာ အကုန်ရှိပါတယ်။ ပြဿနာကတော့ အသင်းဖော်တွေနဲ့ တွဲဖက်ကစားတဲ့အချိန်မှာ အရမ်းအားနည်းပါတယ်။ ကိုယ့်အသင်းရဲ့ Defense zone ထဲမှာလည်း တာရက်ဘ်က အလိမ်အခေါက်တွေ အလှပြသမှုတွေကို ကြောက်ရွံ့မှုမရှိ လုပ်တတ်တဲ့သူတစ်ဦးဖြစ်တာကြောင့် နည်းပြတွေ အသင်းဖော်တွေရဲ့ ငြိုငြင်မှုကို ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း သူ့ကို အသားပေးကစားခဲ့တဲ့ နည်းပြ နေးလ်ဝါးနော့ခ်လက်အောက် QPR မှာ တစ်ရာသီလောက် ထင်ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်စင်မြင့်ပေါ်ကနေ မှေးမှိန်ပျောက်ကွယ်သွားရပါတယ်။ ၃.ဒယ်လီ အလီ (စပါးစ်) ဘယ်လင်ဂမ် မတိုင်ခင်တုန်းက အင်္ဂလန်ရဲ့ CAM နေရာမှာ ပုံစံတူလူငယ်ကစားသမားတစ်ဦး ရှိခဲ့ဖူးပါတယ်။ ဒယ်လီ အလီ ပါ။ အားလုံးမှတ်မိကြဦးမှာပါ။ ပိုချက်တီနိုရဲ့ စပါးစ်အသင်းမှာ ဆွန်ဟောင်မင်၊ ဟယ်ရီကိန်းတို့နဲ့ အတွဲညီညီခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားပါ။ သူကတော့ တခြားကစားသမားတွေလို ဒဏ်ရာပြဿနာကို ကြီးကြီးမားမားရင်ဆိုင်ခဲ့ရတာမျိုးမဟုတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာပြဿနာလေးတွေတော့ ရှိခဲ့ပါတယ်။ စပါးအသင်းနဲ့အတူတူ ချန်ပီယံလိဂ်ဖိုင်နယ်ရောက်တဲ့အထိ ခြေစွမ်းပြသေးပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ကွင်းပြင်ပ ပြဿနာတွေကြားမှာ လုံးလည်ချာပတ်လိုက်ပြီးတော့ ပုံမှန်ခြေစွမ်းပျောက်ဆုံးသွားခဲ့ပါတယ်။ အခုချိန်မှာ အသင်းလက်မဲ့ဖြစ်နေပေမယ့် သူကတော့ ၂၀၂၆ ကမ္ဘာ့ဖလားအမှီ ပြန်လာမယ်လို့ ကြုံးဝါးထားပါတယ်။ တကယ်လည်း သူ ရည်မှန်းထားသလို ဖြစ်လာနိုင်ဖို့အတွက် ဆုတောင်းပေးပေမယ့် အမှန်တကယ်တမ်းမှာတော့ ဖြစ်နိုင်ချေဟာ အတော်လေးနည်းသွားခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် သူ့ကို ထိုက်သင့်တဲ့ခြေစွမ်းတစ်ခုနဲ့ ဘောလုံးလောကမှာ ပြန်လည်မြင်တွေ့ရဖို့တော့ မျှော်လင့်ပါသေးတယ်။ ၂. မာရီယို ဘာလော့တယ်လီ (မန်စီးတီး/လီဗာပူးလ်) "မာရီယို အကြောင်းကို ကျွန်တော် စာအုပ်တစ်အုပ်ရေးလို့တောင်ရပါတယ်.. ဒါပေမယ့် အဲဒီစာအုပ်က ဒရာမာတော့ဖြစ်မှာမဟုတ်ဘူး...ဟာသစာအုပ်ပဲ ဖြစ်မှာ" လို့ ဂျိုဆေးမော်ရင်ဟိုက ပြောခဲ့ဖူးပါတယ်။ သူပြောတဲ့အတိုင်းပဲ မာရီယို ဘာလော့တယ်လီဟာ ကွင်းပြင်ပ ပြဿနာတွေ အလွန်များတဲ့သူပါ။ ရောက်လေရာအရပ်မှာ ပြဿနာတစ်ခုခုကို ရှာနိုင်တဲ့နေရာမှာလည်း ဆရာတစ်ဆူပါပဲ။ အရည်အချင်းပိုင်းနဲ့ ပက်သက်လို့ကတော့ သူ့ကို ဘယ်နည်းပြ...ဘယ်အသင်းဖော်ကမှ သံသယမရှိကြပါဘူး။ အားလုံးတစ်ညီတစ်ညွတ်ထဲ ပြောကြတဲ့စကားက ဘာလော့တယ်လီက စိတ်ပါပါနဲ့သာ ဘောလုံးကန်ရင် ဘယ်လိုမှထိန်းမရဘူး ဆိုတာပါပဲ။ ဒါပေမယ့် ခက်တာက သူစိတ်ပါဖို့ဆိုတာက ဆယ်ပွဲမှာ တစ်ပွဲလောက် ဖြစ်နေတာပါ။ ဒီလိုနဲ့ပဲ စည်းကမ်းပိုင်းပြဿနာ ဗရပွနဲ့ ဘာလော့တယ်လီဟာ အခုချိန်မှာတော့ ဘောလုံးလောကရဲ့ ထိပ်တန်းလိဂ်တွေမှာ မမြင်ရတော့တာ အတော်လေးကြာနေခဲ့ပြီဖြစ်ပါတယ်။ ၁. ရေဗယ် မော်ရစ်ဆင် (မန်ယူ) တစ်ချိန်တုန်းက မန်ယူအကယ်ဒမီမှာ ပေါ့ဘာ၊ လင်ဂတ်တို့နဲ့ တစ်နှစ်တည်းအတူတူထွန်းပေါက်ခဲ့တဲ့ ကစားသမားပါ။ အဲဒီအချိန်တုန်းက မန်ယူအကယ်ဒမီရဲ့ အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခံခဲ့ရတဲ့သူလည်း ဖြစ်ပါတယ်။ မော်ရစ်ဆင်နဲ့ ပက်သက်ပြီးတော့ သူနဲ့ အင်္ဂလန် ယူ ၂၁ မှာ အတူတူကစားခဲ့ဖူးတဲ့ ဇာဟာကတော့ ဒီလိုပဲပြောဖူးပါတယ်.."အဲဒီတုန်းကပွဲမှာ ကျွန်တော်တို့ရှုံးနေခဲ့တာပါ...ဒါပေမယ့် သူကတော့ အလိမ်အခေါက်မပြတ်ပါဘူး.. လူလေးယောက် ငါးယောက်လောက်ကို သူတစ်ယောက်တည်း လိမ်ခေါက်ပြီး ဖြတ်ကျော်နိုင်တယ်...Skills တွေလည်း အမျိုးမျိုးပြနိုင်တယ်..ဒါပေမယ့် အဲဒါတွေအားလုံက ကျွန်တော်တို့လည်း လုပ်ချင်ရင် လုပ်လို့ရပါတယ်..အဲဒါနဲ့ ကျွန်တော် သူ့ကို တွန်းပြီးတော့ မင်း ဘာလုပ်နေတာလဲ ပြောတော့ သူနဲ့ ကျွန်တော် ကွင်းထဲမှာတင် ရန်ဖြစ်ခဲ့ရပါတယ်"။ ဒါက မော်ရစ်ဆင်ကို ဖော်ညွှန်းဖို့ အကောင်းဆုံးနမူနာပါပဲ။ မန်ယူကစားသမားဟောင်းတွေ ဖြစ်တဲ့ ဖာဒီနန်၊ ရွန်နီ တို့ကိုယ်တိုင်လည်း သူတို့ကစားသမားဘဝသက်တမ်းမှာ မော်ရစ်ဆင်လောက် Talent ရှိတဲ့ ကစားသမားကို မတွေ့ခဲ့ဖူးဘူးလို့ ပြောခဲ့ဖူးပါတယ်။ ဘောလုံးပရိသတ်တွေလည်း မော်ရစ်ဆင်ရဲ့ Talent ကို ကောင်းကောင်းမြင်လိုက်ရခြင်းတော့မရှိပါဘူး။ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဓာတ်နဲ့ အမူအကျင့်တွေကြောင့် မန်ယူမှာ ပွဲထွက်ခွင့်မရခဲ့ပဲ...ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ခဲ့ရသလို.. ဝက်စ်ဟမ်းမှာလည်း ဘာမှမအောင်မြင်ခဲ့ပဲ အခုချိန်မှာတော့ ယူအေအီး ဒုတိယတန်းက အသင်းတစ်သင်းမှာ ကစားသမားဘဝ နေဝင်ချိန်ကို ဖြတ်သန်းနေရပြီဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati