
ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ Zirkzee ဟာ နယ်သာလန်အသင်းက ဘော့စနီးယားအသင်းကို (၅-၂)ရလဒ်နဲ့ အနိုင်ရတဲ့ Nations League ပွဲစဥ်မှာ ပွဲထွက်ကစားသွားခဲ့ပြီး နယ်သာလန်အသင်းအတွက် သွင်းဂိုးတစ်ဂိုးနဲ့အတူ ဂိုးဖန်တီးမှုတစ်ကြိမ်ပါ ပြုလုပ်ပေးသွားနိုင်ခဲ့ပါတယ်။ နယ်သာလန်လက်ရွေးစင်အသင်းကြီးအတွက် ပါဝင်ကစားပေးတာ အခုမှ သုံးပွဲပဲရှိသေးတဲ့ Zirkzee ဟာ ဘော့စနီးယားနဲ့ပွဲမှာ ပွဲထွက်တစ်နေရာပါ ရယူနိုင်ခဲ့ပြီး အဆိုပါပွဲမှာ ခြေစွမ်းလဲပြနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ဦးလဲဖြစ်တဲ့ Zirkzee ဟာ ပရီးမီးယားလိဂ်မှာတော့ သွင်းဂိုးရယူနိုင်ခြင်းမရှိသေးပေမယ့် တိုက်စစ်ပိုင်းမှာတော့ အနေအထားတစ်ခုအထိ စွမ်းဆောင်ပေးထားနိုင်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လဲ Zirkzee ဟာ နယ်သာလန်အသင်းအတွက် သွင်းဂိုးတစ်ဂိုးရယူသွားနိုင်ခဲ့တဲ့အပေါ် ကျေနပ်သေးဟန်မရှိပဲ သွင်းဂိုးရခဲ့တာထက် ပွဲအတွင်းမှာ လုပ်ခဲ့တဲ့ သူ့ရဲ့ တစ်ကိုယ်တော်အမှားတွေကိုပဲ ပြန်သုံးသပ်နေတယ်လို့ Dutch TV နဲ့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ "ဂိုးသွင်းနိုင်ခဲ့တာ ကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့် ပွဲထဲမှာ ကျွန်တော် အမှားတွေ များခဲ့တယ်လို့ထင်တယ်။ ကျွန်တော့်အသင်းဖော် Reijnders အတွက်လဲ သွင်းဂိုးတစ်ဂိုးရအောင် ကျွန်တော် ကူညီပေးနိုင်ခဲ့သင့်ပေမယ့် ကျွန်တော်မလုပ်နိုင်ခဲ့ဘူး။ ဂိုးသွင်းနိုင်ခဲ့ပေမယ့် အဲ့ပွဲက အမှားတွေကို ပြန်သုံးသပ်ရင်း ဒီထက်ပိုကြိုးစားဖို့လိုပါသေးတယ်။ အဲ့ပွဲတွင်းမှာတော့ ကျွန်တော်တို့အတွက် ကောင်းတဲ့အချက်တွေလဲ အများကြီးရခဲ့ပါတယ်။" နယ်သာလန်အသင်းဟာ လာမယ့်အင်္ဂါနေ့မှာတော့ ဂျာမနီအသင်းကို အိမ်ကွင်းမှာ လက်ခံယှဥ်ပြိုင်ကစားမှာဖြစ်ပြီး အဲ့ဒီပွဲပြီးရင်တော့ Zirkzee ဟာ အင်္ဂလန်ကိုပြန်ပြီး ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းမှာလဲဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati