
အာဆင်နယ်အသင်းဟာ အစ်ဆွစ်ချ်အသင်းနဲ့ပွဲမှာ အနိုင်ရခဲ့ပေမယ့် ခဲရာခက်ဆစ် ကစားခဲ့ရတာကို တွေ့ရပါ တယ်။ ဒါကြောင့်လည်း အနိုင်ဂိုးတစ်ဂိုးရဖို့ ရုန်းကန်နေရတဲ့အာဆင်နယ်ရဲ့အခြေအနေကို ကြည့်ပြီး နည်းပြ အာတီတာက အသင်းရဲ့အားထားရသူဘူခါယိုဆာခါ တံကောက်ကြောဒဏ်ရာရသွားတဲ့အတွက် နောက်ပိုင်း သူမပါဘဲ အာဆင်နယ်အသင်း အသားကျလာနိုင်ဖို့ အချိန်ယူရလိမ့်မယ်ဆိုပြီး ပြောလိုက်ပါတယ်။ တိုက်စစ်မှူး ဆာခါဟာ ဒဏ်ရာအခြေအနေပြင်းထန်တဲ့အတွက် မတ်လကုန်အထိ အနားယူရနိုင်ပါတယ်။ ဒါကြောင့် ဆာခါပါ ဝင်ကစားနိုင်နေချိန်တုန်းက အာဆင်နယ်ဟာ ဂိုးရဖို့ မခက်ခဲဘဲ အခုသူစပြီးမကစားနိုင်တဲ့ပွဲကျမှပဲ တစ်ဂိုးရဖို့ ခက်ခဲစွာရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဆာခါရဲ့အခြေအနေနဲ့ပတ်သက်ပြီး နည်းပြအာတီတာက ‘ဒီကိစ္စကို ဆရာဝန်နဲ့တော့ အပ်ထားချင်တယ်။ ဒါပေမဲ့ ဆာခါအနေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ကုသမှုယူရမယ်၊ သီတင်းပတ်ပေါင်းများစွာ၊ များစွာကြာ နားရလိမ့်မယ် ဆိုတာကိုတော့ ကျနော် အတည်ပြုပြောပြနိုင်ပါတယ်။ နှစ်လကျော်လောက်နားရမယ်ထင်တယ်။ ဘယ်လောက် အနားယူရမလဲ အတိအကျတော့ မသိဘူး’ ဟု ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ကိုင်ဟာဗက်ဇ်ရဲ့ပထမပိုင်းသွင်းဂိုးတစ်ဂိုးနဲ့ပဲ အိမ်ကွင်းမှာ အစ်ဆွစ်ချ်ကို အနိုင်ယူခဲ့တာပါ။ ပွဲ ချိန် ၂၃မိနစ်မှာ ဟာဗက်ဇ်က အသင်းအတွက်အနိုင်ဂိုးသွင်းယူခဲ့တဲ့အတွက် အာဆင်နယ်ဟာ အမှတ်ပေးဇယား ထိပ်နဲ့နီးကပ်လာပြီး ဒုတိယနေရာကို တက်လှမ်းလာပါတယ်။ လက်ရှိမှာ အာဆင်နယ်ဟာ ဇယားထိပ်က လီဗာ ပူးနဲ့ ခြောက်မှတ်ကွာဟနေပါတယ်။အသင်းအတွက် အကောင်းဆုံးကစားသမားဖြစ်တဲ့ ဘူခါယိုဆာခါမပါတဲ့အ နေအထားကို အာဆင်နယ်ဖြေရှင်းနိုင်တယ်ဆိုတာကိုလည်း ပြသသွားခဲ့ပေမယ့် ဂိုးရဖို့ ရုန်းကန်ခဲ့ရတာတော့ အမှန်ပါပဲ။
© COPYRIGHTS 2024 by illuminati