
မနေ့ညကတော့ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားသွားခဲ့ပြီး မထင်မှတ်တဲ့ပွဲရလဒ်တွေ၊ အံ့အားသင့်စရာတွေ၊ အငြင်း ပွားစရာတွေရှိခဲ့တာကို တွေ့ရပါတယ်။ ဒီထဲကမှ ပရိသတ်တွေ စိတ်ဝင်စားအရှိဆုံးပွဲအချို့ရဲ့ ပွဲပြီးသုံးသပ်ချက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။ ၂၁ပွဲရှုံးပွဲမရှိတဲ့ လိုင်လီကိုအနိုင်ယူပြီး ချန်ပီယံလိဂ်နောက်ဆုံး ၁၆ သင်းအဆင့် လီဗာပူးတက်ရောက် လီဗာပူး ၂ - ၁ လိုင်လီ လီဗာပူးအတွက်ဂိုးသွင်းသူများ - ဆာလာ(၃၄)၊ အဲလိယော့(၆၇) လိုင်လီအတွက်ဂိုးသွင်းသူများ - ဒေးဗစ် (၆၂) တစ်ယောက်လျော့ လိုင်လီကို အန်ဖီးလ်မှာ နိုင်ပြီး လီဗာပူးဟာ ချန်ပီယံလိဂ် ၁၆ သင်းနေရာကို ရရှိခဲ့ပါတယ်။ လီဗာပူးအတွက် တိုက်စစ်မှူးဆာလာကတော့ ဥရောပဂိုး ၅၀ ပြည့်သွင်းခဲ့ပါတယ်။ တကယ်တမ်း ဆာလာဟာ ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီး ဂိုးထပ်ရဖို့ အခွင့်အရရေးရခဲ့ပါသေးတယ်။လိုင်လီဟာ အဖွင့်ဂိုးပေးလိုက်ရပေမယ့် လီဗာပူးကို ဟန့်တားကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ နည်းပြအန်းဆလော့ရဲ့အသင်းဟာ ဂိုးရပြီးနောက်ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့တယ်။ လိုင်လီဘက်က တစ်ယောက်လျော့သွားပေမယ့် ခြေမကျဘဲ ဒေးဗစ်က အသင်း အတွက် ချေပဂိုးသွင်းခဲ့ပါတယ်။ လီဗာပူးဘက်က တည်ကန်ဘောတွေအများစုကို ဂိုးအဖြစ် ဖန်တီးနိုင်မှုပိုင်းမှာ အားနည်းခဲ့တာတွေ့ရတယ်။ အသင်းအတွက် အနိုင်ဂိုးကိုတော့ ဟာဗေးအဲလိယော့က ဧရိယာအပြင်ကနေ ကန်သွင်းရာမှာ လိုင်လီခံစစ်နဲ့ထိပြီး ဘောလုံးကလမ်းကြောင်းပြောင်းဝင်သွားခဲ့ပါတယ်။ ဇန်နဝါရီစျေးကွက်မှာ အပြောင်းအရွှေ့အသံညံနေတဲ့ ဟာဗေးကတော့ ပွဲအပြီးမှာ ‘အသင်းကနေ ကျနော်မထွက်ပါဘူး။ ဒါကျနော့်အသင်းကျနော့်ကလပ်ပါ။ ကျနော်က လီဗာပူးပရိသတ်အကြီးစားပါ၊ ဒီရာသီ ခုချိန်ထိ အသင်းအနေအထားကသိပ်ကောင်းနေတယ်’ဆိုပြီး ပြောသွားခဲ့ပါတယ်။ ပြိုင်ပွဲသမိုင်းအငြင်းပွားရဆုံးအဖြစ် ဘာစီလိုနာရဲ့အနိုင် ဘင်ဖီကာ ၄ - ၅ ဘာစီလိုနာ ဘင်ဖီကာအတွက် ဂိုးသွင်းသူများ - ဗက်လစ်ဒစ်(၂၊ ၂၂၊ ၃၀ ပင်)၊ အူရာဟို(၆၈ အိုဂျီ) ဘာစီလိုနာအတွက် ဂိုးသွင်းသူများ - လီဝမ်ဒိုစကီး(၁၃ပင်၊ ၇၈ပင်)၊ ရာဖင်ဟာ(၆၄၊ ၉၀+၆)၊ ဂါစီယာ(၈၆) ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ခေါင်းစားရဆုံးဂိုး၊ အနီကတ်၊ ဖရိုဖရဲနဲ့ အငြင်းပွားရဆုံးပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။ ဘာစီလိုနာတိုက်စစ်ပြောစရာမရှိပေမယ့် ခံစစ်ပိုင်းက အားနည်းတယ်။ လူ ကပ်ကစားရာမှာ အားနည်းလို့ ဘင်ဖီကာအဖွင့်ဂိုးရသလို၊ ဂိုးသမားနဲ့ခံစစ်အမှားကနေ ဘင်ဖီကာကို နောက် တစ်ဂိုးပေးလိုက်ရတာကတော့ အတော်ညံ့ပါတယ်။ ဒါကြောင့်လည်း လေးဂိုးအထိ ဘင်ဖီကာကို ပေးခဲ့ရတာ။ ပွဲက ကစားပုံကြမ်းပြီး အရှိန်ပြင်းထန်ပါတယ်။ နှစ်သင်းစလုံးတိုက်စစ်ကို အချိန်ပြည့် တင်ပြီးဖွင့်ကစားခဲ့တာတွေ့ရ တယ်။ အပိုင်ဂိုးသွင်းခွင့်တွေလည်း နှစ်သင်းစလုံးရရှိခဲ့ပါတယ်။ ဒီနေ့ပွဲအတွက် ပွဲတစ်လျှောက်အကောင်းဆုံး ကစားသမားဆုကိုတော့ ဘာစီလိုနာတိုက်စစ်မှူးရာဖင်ဟာက rating ၈.၆၉ နဲ့ ရရှိသွားပါတယ်။ တစ်ယောက်လျော့ပေမယ့် စိတ်ဓာတ်မလျော့လို့ အသလက်တီကို ထိုက်တန်စွာအနိုင်ရ အသလက်တီကို ၂ - ၁ လေဗာကူဆင် အသလက်တီကိုအတွက်ဂိုးသွင်းသူများ -အဲလ်ဗာရက်ဇ်(၅၂၊၉၀) လေဗာကူဆင်အတွက်ဂိုးသွင်းသူများ - ဟင်ကာပိုင်း(၄၅+၁) တစ်ယောက်လျော့နဲ့ ၆၅ မိနစ်ကြာကစားခဲ့ရပေမယ့် အသလက်တီကိုကတော့ လေဗာကူဆင်ကို အိမ်ကွင်းမှာ ထိုက်တန်တဲ့ခြေစွမ်းနဲ့အနိုင်ရယူသွားခဲ့ပါတယ်။ မန်စီးတီးတိုက်စစ်မှူးဟောင်းအဲလ်ဗာရက်ဇ်က အသင်းအတွက် နှစ်ဂိုးသွင်းယူပေးသွားခဲ့တယ်။ အိမ်ကွင်းဖြစ်ပေမယ့် ပွဲကို အဓိကစိုးမိုးကစားပြီး ဂိုးကန်သွင်းခွင့်တွေပိုဖန်တီးပေး နိုင်ခဲ့တာကလေဗာကူဆင်အသင်းပါ။ အလသက်တီကိုဂိုးသမားအော့ဘလက်ခ်ကာကွယ်မှုတွေ ကောင်းမွန်ခဲ့တာ တွေ့ရတယ်။ ပွဲချိန် ၂၂ မိနစ်မှာ အသလက်တီကိုကစားသမား ဘာရီအော့စ်က ပြိုင်ဘက်ကစားသမားမူကလီရဲ့ ခြေထောက်ကို နောက်ကနေ ဖျက်သိမ်းတာကြမ်းလို့ ပထမဒိုင်က အဝါကတ်ပြခဲ့တယ်။ ဒါပေမဲ့ ကွင်းဘေးဒိုင်က ဗွီအေအာပြန်ကြည့်ဖို့ အကြံပေးခဲ့တာနဲ့ အီတလီဒိုင်မက်ဆာဟာ ကွင်းဘေးမော်နီတာကို ပြန်ကြည့်ပြီး အနီကတ်ပြန်ပြောင်းပြခဲ့ပါတယ်။ တစ်ယောက်လျော့သွားလို့ လေဗာကူဆင်က တိုက်စစ်ကို မြှင့်ပြီးပိုတင်ကစားနိုင်ခဲ့လို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ အသလက်တီကိုကလည်း လူလျော့သွားပေမယ့် ကစားအားကို မချဘူး၊ လေဗာကူဆင်အမှားကို စောင့်ရင်းခံစစ်ကို သေချာလုံအောက်ကစားခဲ့တယ်။ ဒါကြောင့် တန်ပြန်တိုက်စစ်ကနေ အဲလ်ဗာရက်ဇ် ခြေစွမ်းပြမှုကြောင့် ချေပဂိုးနဲ့အနိုင်ဂိုးကို ထိုက်တန်စွာရရှိသွားခဲ့တာပါပဲ။
© COPYRIGHTS 2024 by illuminati