
ဒီပွဲကို သုံးသပ်ကြည့်မယ်ဆိုပြီး အင်တာနက်လေးဖွင့်၊ စာလေးနည်းနည်းရှာဖတ်ကြည့်တော့ နာမည်ကြီးသတင်းဌာနတခုက ဒီပွဲကို ခိုင်းနှိုင်းဖော်ပြထားတဲ့ စကားလုံးလေးတခုကို သွားတွေ့တယ်။ “Battles of Underperforming Teams” တဲ့။ မြန်မာလို ဒဲ့ကြီး ဘာသာပြန်ရင်တော့ “ ဥရောပဝင်ခွင့်အတွက်တောင် မထိုက်တန်သေးသူတို့ရဲ့ တိုက်ပွဲ” ဆိုပြီးသာ ပြောင်ပြောင်တင်းတင်း ပြောလိုက်ချင်တယ်။ သူတို့ပြောတာလဲ မမှားဘူး။ ဘာလို့မမှားလဲ ဆိုရင်…… ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်(၆)မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုးထရက်ဒ်ဖို့မှာ လန်ဒန်ကလပ် စပါးစ်အသင်းကို လက်ခံယှဉ်ပြိုင်ကစားမှာလဲ ဖြစ်ပါတယ်။ နှစ်သင်းလုံးဟာ မနှစ်ကရာသီတုန်းက ကိုယ်စီကိုယ်စီ အကြောင်းရင်းတွေနဲ့ မျှော်မှန်းသလောက် ခရီးမပေါက်ခဲ့တာကို ဒီရာသီမှာ ပြန်ချေဖျက်ပြဖို့ ကြိုးစားနေကြတာပါ။ ဒါပေမဲ့လဲ ပွဲစဉ်(၅)ပြီးဆုံးချိန်အထိတော့ ယူနိုက်တက်ရော စပါးစ်ရော ဥရောပဝင်ခွင့်နဲ့ထိုက်တန်တဲ့ ခြေစွမ်းမျိုးတွေ မပြနိုင်သေးပါဘူး။ လက်ရှိအမှတ်ဇယားမှာ ယူနိုက်တက်အသင်းက အဆင့်(၁၁)နေရာမှာ ရှိနေပြီး စပါးစ်အသင်းကတော့ အဆင့်(၁၀)နေရာမှာ ရှိနေပါတယ်။ ပြီးတော့ နှစ်သင်းလုံးဟာလဲ ရမှတ် (၇) မှတ်စီပဲ ရယူထားနိုင်သေးတာလဲ တွေ့ရပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ရဲ့အနေအထားက စပါးစ်ထက် ပိုဆိုးနေတယ်လို့ ပြောလို့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ အက်ဖ်စီတွမ်တီးကို သရေသာ ကစားနိုင်ခဲ့လို့ ကာရာဘတ်ကို အနိုင်ယူနိုင်ခဲ့တဲ့ စပါးစ်ထက် Ten Hag ကပိုပြီးဖိအားတွေများနေမှာပါ။ လက်ရှိယူနိုက်တက်အသင်းမှာ အဓိကအားနည်းချက်က တိုက်စစ်ပိုင်း အဆုံးသတ်မသေချာတာလို့ ပြောလို့ရပါတယ်။ ပဲလေ့စ်နဲ့ပွဲမှာတုန်းကလဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ တစ်ပွဲလုံးနီးပါး ကစားနိုင်ခဲ့ပေမဲ့ ပွဲပြီးသည်အထိ သွင်းဂိုးတွေ မရလာခဲ့ပါဘူး။ ယူရိုပါလိဂ်ပွဲမှာလဲ အဆုံးသတ်သာ သေချာခဲ့ရင် သက်သောင့်သက်သာနိုင်ပွဲတခုကို ဖန်တီးနိုင်ခဲ့မယ်လို့ မြင်မိပါတယ်။ နောက်ပိုင်းပွဲတွေမှာ အသင်းလိုက်ကစားပုံ ပိုကောင်းလာတဲ့အချက်ကို ခဏခဏမြင်လာရတာတော့ Ten Hag နဲ့ ယူနိုက်တက်အတွက် ကောင်းတဲ့လက္ခဏာပါ။ စပါးစ်မှာတော့ ယူနိုက်တက်လောက် မဆိုးဝါးပေမယ့် တစ်ဦးချင်းနဲ့ အသင်းလိုက်ခြေစွမ်းတွေမှာ ပုံမှန်အနေအထားတခုကို ထိန်းသိမ်းထားနိုင်စွမ်း မရှိသေးဘူးလို့ မြင်မိတယ်။ ဘရန့်ဒ်ဖို့တ်နဲ့ပွဲမှာဆို အရှုံးကနေ ပြန်လာနိုင်ခဲ့တဲ့ခြေက အတော်လေး အသိအမှတ်ပြုဖို့ကောင်းပါတယ်။ စပါးစ်တို့ ဒီပွဲမှာ သတိထားရမယ့်် နောက်တချက်က အဝေးကွင်းခြေစွမ်းပါ။ စပါးစ်ရဲ့အဝေးကွင်းခြေစွမ်းဟာ နောက်ဆုံး(၁၅)ပွဲမှာ (၁၄)မှတ်သာ ရခဲ့တဲ့အထိ အတော်လေး ဆိုးရွားနေတာပါ။ ဒါကြောင့် အိုးထရက်ဒ်ဖို့တ်ကို ပြင်ဆင်မှု အားကောငါးကောင်းနဲ့ ချီတက်မှ လိုချင်တဲ့ရလဒ်ကို ပုံဖော်နိုင်ပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ နှစ်ဖက်ကစားသမားတွေထဲကနေ ဒီပွဲမှာ သေချာစောင့်ကြည့်သင့်တဲ့ ကစားသမားတွေကို ရွေးထုတ်ကြည့်ရအောင်။ ယူနိုက်တက်အသင်းမှာတော့ အသင်းရဲ့တိုက်စစ်ကစားသမား Rashford ကို မြင်မိတယ်။ ဒီရာသီပွဲတွေမှာ Rashford ရဲ့အကောင်းဆုံးလုပ်အားနှုန်းကို မရသေးပေမဲ့ လာခြင်းကောင်းတဲ့ အနေအထားတခုကို ခံစားနေရပြီး မကြာခင်မှာ Rashford ရဲ့ အကောင်းဆုံးခြေကို ပြန်ရမယ်လို့ မျှော်လင့်မိပါတယ်။ စပါးစ်မှာတော့ Son Heung Min ကပဲ အများမျက်စိကျစရာကစားသမားအဖြစ် ရှိနေပါလိမ့်မယ်။ စပါးစ်အသင်းရဲ့ Key Player တစ်ယောက်လဲ ဖြစ်သလို အသင်းခေါင်းဆောင်လဲဖြစ်တဲ့ Son ရဲ့ စွမ်းဆောင်ရည်တွေဟာ အိုးထရက်ဒ်ဖို့တ်တိုက်ပွဲမှာ အဆုံးအဖြတ် ဖြစ်လာနိုင်ခြေရှိပါတယ်။
© COPYRIGHTS 2024 by illuminati