
ပြင်သစ်ဘောလုံးမဂ္ဂဇင်း France Football ကနေ ဦးစီးပြုလုပ်ခဲ့တဲ့ (၆၈)ကြိမ်မြောက် Ballon d'Or ဆုပေးပွဲကြီးကို မနေ့ညက ပဲရစ်မြို့မှာ ကျင်းပပြီးစီးခဲ့ပြီလည်းဖြစ်ပါတယ်။ ၂၀၂၄ ဘောလုံးပြက္ခဒိန်အတွက် အမျိုးသား Ballon d'Or ဆုကြီးကိုတော့ စပိန်လက်ရွေးစင်နဲ့ မန်ချက်စတာစီးတီးအသင်း ကွင်းလယ်ကစားသမား Rodri က ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ Rodri ဟာ အဓိကပြိုင်ဖက်လို့ ဆိုရမယ့် ရီးရဲလ်အသင်း တောင်ပံကစားသမား Vinicius ကို ကျော်လွန်ပြီး ဒီဆုကို ဆွတ်ခူးသွားနိုင်ခဲ့တာလဲဖြစ်ပါတယ်။ အမျိုးသမီး Ballon d'Or ဆုကိုတော့ စပိန်လက်ရွေးစင်လဲဖြစ်တဲ့ ဘာစီလိုနာကစားသမား Aitana Bonmati က ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ အသက်(၂၁)နှစ်အောက် အကောင်းဆုံးကစားသမားတွေကို ချီးမြှင့်တဲ့ Kopa Trophy ကိုတော့ ဘာစီလိုနာမှ အသက်(၁၇)နှစ်ပဲရှိသေးတဲ့ Lamine Yamal က ရီးရဲလ်က Arda Guler ၊ ယူနိုက်တက်က Kobbie Mainoo တို့ကို အပြတ်အသတ်ကျော်ပြီး ဆွတ်ခူးရရှိခဲ့ပါတယ်။ အကောင်းဆုံးဂိုးသမားတွေကို ချီးမြှင့်တဲ့ Yashin Trophy ကိုတော့ အာဂျင်တီးနားနဲ့ အက်စတွန်ဗီလာမှာ လက်စွမ်းပြနေတဲ့ Emiliano Martinez က စပိန်ဂိုးသမား Unai Simon နဲ့ ယူကရိန်းဂိုးသမား Andriy Lunin တို့ကို ကျော်ဖြတ် ဆွတ်ခူးသွားခဲ့ပါတယ်။ အကောင်းဆုံးတိုက်စစ်မှူးကို ချီးမြှင့်တဲ့ Gerd Muller Trophy ဆုကိုတော့ အင်္ဂလန်နဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး Harry Kane နဲ့ ရီးရဲလ်တိုက်စစ်မှူး Kylian Mbappe တို့က ပူးတွဲဆွတ်ခူးသွားခဲ့ပါတယ်။ အဆိုပါတိုက်စစ်မှူးနှစ်ဦးဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွင်းမှာ သွင်ဂိုး(၅၂)ဂိုးစီ သွင်းယူထားခဲ့ကြတာပါ။ လူမှုထူးချွန်ကစားသမားတွေကို ချီးမြှင့်တဲ့ Socrates Award ကိုတော့ အမျိုးသမီး စပိန်လက်ရွေးစင်ကစားသမား Jenni Hermoso က ဆွတ်ခူးရရှိခဲ့ပါတယ်။ အမျိုးသား တစ်နှစ််တာအကောင်းဆုံးအသင်းဆုကိုတော့ ရီးရဲလ်မက်ဒရစ်အသင်းက ဆွတ်ခူးရရှိသွားပြီး အမျိုးသမီး တစ်နှစ်တာအကောင်းဆုံးအသင်းဆုကိုတော့ ဘာစီလိုနာ အမျိုးသမီးအသင်းက ဆွတ်ခူးသွားခဲ့ပါတယ်။ အမျိုးသား အကောင်းဆုံးနည်းပြဆုဖြစ်တဲ့ Men's Johan Cruyff Trophy ကိုတော့ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြကြီး Carlos Ancelotti က ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ အမျိုးသမီး အကောင်းဆုံးနည်းပြဆု Women's Johan Cruyff Trophy ကိုတော့ ချယ်လ်ဆီးအမျိုးအသင်းနည်းပြ Emma Hayes က ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
© COPYRIGHTS 2024 by illuminati