
ဒီအချိန်မှာ နည်းပြထိုင်ခုံ အလှုပ်ခတ်ဆုံးဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ Ten Hag အတွက် ဒီတနင်္ဂနွေမှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ပွဲဟာ အရမ်းကို အန္တရာယ်များတဲ့ ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်(၆)မှာ စပါးစ်ကို ဂိုးပြတ်ရှုံးနိမ့်ထားခဲ့သလို ကြားရက် ယူရိုပါလိဂ်မှာလဲ သရေတစ်မှတ်ကို ခက်ခက်ခဲခဲ ယူထားခဲ့ရတဲ့ အသင်းနည်းပြဖြစ်သူကို ယူနိုက်တက်အသိုင်းအဝိုင်းက လက်ရှိအချိန်မှာတင် အတော်လေး ဝေဖန်မှုတွေ ပြင်းထန်နေတာဖြစ်ပါတယ်။ ကြားရက် ပေါ်တိုနဲ့ပွဲမှာလဲ အသင်းခေါင်းဆောင် Bruno Fernandes ဟာ နှစ်ဝါတစ်နီနဲ့ ထပ်မံပြီး ပွဲအတွင်းကနေ ထွက်သွားခဲ့ရပါသေးတယ်။ Bruno ဟာ စပါးစ်နဲ့ပွဲတုန်းကလဲ အနီကတ် တိုက်ရိုက်အပြခံရပြီး ကွင်းထဲကနေ ထွက်သွားခဲ့ရပါသေးတယ်။ ဒီတစ်ခေါက်ယူနိုက်တက်ရဲ့ ပြိုင်ဖက်က ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ ခြေစွာနေတယ်လို့ဆိုရမယ့် အက်စတွန်ဗီလာဖြစ်သလို Villa Park မှာ သွားရောက်ကစားရမှာလဲဖြစ်ပါတယ်။ ဗီလာဆိုတာကလဲ နောက်ဆုံးကစားထားတဲ့ချန်ပီယံလိဂ်ပွဲမှာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်ကို Villa Park မှာပဲ အနိုင်ယူပြထားခဲ့တာပါ။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလဲ နောက်ဆုံး(၄)ပွဲဆက် ရှုံးပွဲမရှိထားတဲ့ အက်စတွန်ဗီလာလဲ ဖြစ်ချေတော့ Ten Hag အတွက် ဒီပွဲဟာ ဗိုလ်လုပွဲတစ်ပွဲထက်တောင် ပိုပြီးအန္တရာယ်ကြီးနေတယ်လို့ မြင်မိတဲ့သဘောပါ။
© COPYRIGHTS 2024 by illuminati