
မနေ့က နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဝင်ဘလေကွင်းမှာ အင်္ဂလန်အသင်းယာယီနည်းပြလီကာစလေကတော့ အသင်း အတွက်အကောင်းဆုံးလုပ်ပြခဲ့ပြီး ၅ ဂိုးပြတ်နဲ့ တစ်ယောက်လျော့အိုင်ယာလန်အသင်းကို အနိုင်ရခဲ့ပါတယ်။ လီ ကာစလေအနေနဲ့ အင်္ဂလန်အသင်းအတွက် နောက်ဆုံးတာဝန်ယူရတဲ့ပွဲဖြစ်တာမို့ ဒီနိုင်ပွဲရလဒ်ဟာ သူ့အတွက် အတော်လေးကို မေ့မရမယ့်အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ အိုင်ယာလန်နဲ့ပွဲမှာ အင်္ဂလန်အသင်းကို နောက်ပိုင်းတာ ဝန်ယူတော့မယ့် အမြဲတမ်းနည်းပြချုပ်အဖြစ် သောမတ်စ်တူချယ်လည်း ပွဲကြည့်စင်မှာရှိခဲ့တာပါ။ အင်္ဂလန်အသင်းယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ခြောက်ပွဲမှာ လီကာစလေဟာ ငါးပွဲမြောက်နိုင်ပွဲကို ရရှိခဲ့ပြီး တစ်ယောက်လျော့အိုင်းရစ်တို့ကို အကောင်းဆုံးသောခြေစွမ်းနဲ့ယှဉ်ပြိုင်ခဲ့တာပါပဲ။ ဒုတိယပိုင်းငါးမိနစ်အတွင်း သုံးဂိုးအပါအဝင် ဘယ်လင်ဟမ်နဲ့ ဟယ်ရီကိန်းတို့ရဲ့ခြေစွမ်းပုံစံကောင်းရရှိခဲ့မှုကလည်း ဝမ်းသာစရာပါ။ ဒါ့အပြင် မာဒူကီ၊ ကာတစ်ဂျုံးစ်တို့လို လူငယ်တွေခြေစွမ်းပြမှုကလည်း ကျေနပ်စရာပါပဲ။ ဒါ့အပြင် အင်္ဂလန်ကစားသမား လေးဦးဟာ အိုင်ယာလန်နဲ့ပွဲမှာ သူတို့အတွက် ပထမဆုံးနိုင်ငံတကာဂိုးတွေကို သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီကစားသမားတွေကတော့ နယူးကာဆယ်အသင်းတောင်ပံကစားသမား အန်သိုနီဂေါ်ဒွန်၊ အသလက်တီကိုအ သင်းကြယ်ပွင့် ကွန်နော်ဂယ်လာဟာ၊ ဝက်စ်ဟမ်းက ဂျာရော့ဒ်ဘိုဝင်နဲ့ မန်စီးတီးလူငယ်ခြေတက် တေလာ ဟား၀ုဒ် ဘီလစ်တို့ပါပဲ။ ဂါရတ်ဆောက်ဂိတ်နေရာ အမြဲတမ်းနည်းပြအဖြစ် လီကာစလေ ဆက်ခံနိုင်မလားလို့မေးရင် ဆက်ခံနိုင်လောက် အောင် ပြီးပြည့်စုံတဲ့နည်းပြလောင်းတစ်ဦးအဖြစ် အတော်များများကတော့ ခန့်မှန်းမိကြတာပါ။ ဒါပေမဲ့ အင်္ဂလန် သင်္ဘောကြီးကတော့ တူချယ်နဲ့ဆက်လက်ရွက်လွှင့်ဖို့ ရွေးချယ်လိုက်ပြီး ရှေ့နှစ်အစမှာ တူချယ်က အင်္ဂလန်ကို စ တင်တာဝန်ယူပါတော့မယ်။ ကာစလေကတော့ သူ့ရဲ့နောက်ဆုံးပွဲစဉ်မှာ ရှိတဲ့တာဝန်ကို အကောင်းဆုံးလုပ်ဆောင် ပြသွားနိုင်ခဲ့ပါပြီ။ နေးရှင်းလိဂ်ထိပ်သီးအုပ်စုထဲ တန်းပြန်တက်လာနိုင်အောင် အင်္ဂလန်ကို စွမ်းဆောင်ပေးခဲ့ပြီ။ ပြောရရင် တူချယ်ကလည်း နည်းပြကောင်းပါ၊ ဒါပေမဲ့ ကာစလေရဲ့စွမ်းဆောင်ရည်ကြောင့် တူချယ်ရဲ့ပုခုံးပေါ် အင်္ဂလန်အတွက် နောက်ထပ်တာဝန်အပိုဆောင်းတစ်ရပ် ကျရောက်လို့သွားပါပြီ။ ဇန်နဝါရီ ၁ ရက်မှာ အင်္ဂလန်အ သင်းအတွက် တူချယ် အလုပ်စလုပ်ရမှာဆိုသော်ငြား တကယ်တမ်း မတ်လအထိ အင်္ဂလန်အတွက် တစ်ပွဲတစ်လေ ကိုတောင် တာဝန်ယူကိုင်တွယ်ရဦးမှာမဟုတ်ပါဘူး။
© COPYRIGHTS 2024 by illuminati